မြန်မြန် မအိုချင်ရင် ဒါတွေ မလုပ်နဲ့နော်
ကျန်းမာလှပ စနစ်ကျတဲ့ ဘဝနေထိုင်မှုအတွက် လူအများစုက မှန်ကန်ကောင်းမွန်တဲ့ အလေ့အကျင့်လေးကို လေ့ကျင့်ပျိုးထောင်ဖို့ လိုပါတယ်။ ဒီလို မိမိကိုယ်ကို လေ့ကျင့်ပေးတဲ့အခါမှာ မိမိကိုယ်ကို မြန်မြန်အိုလာစေမယ့် တလွဲဖြစ်နေတဲ့ မှားနေတဲ့ အယူအဆလေးတွေကို နည်းနည်းလောက် ထောက်ပြ ပြုပြင်ပေးမယ်နော်။
1. မုန့်ချိုချိုလေး တစ်ရက် တစ်ခုလောက် စားတာလောက်က ပြဿနာမရှိနိုင်ပါဘူး။
ဒိုးနပ်မုန့်တွေ အချိုပါတဲ့ ချိစ်ကိတ်တွေမှာ ပါဝင်တဲ့ သကြားဓာတ်ဟာ လူကို စွဲလမ်းစေပါတယ်။ အဲဒီသကြားဓာတ်ကို စွဲလမ်းနေတာကြောင့် နည်းနည်းစီ နေ့စဉ်စားကြည့်ခြင်းအားဖြင့် မစားရတဲ့အခါ မရပ်တန့်နိုင်တော့ဘဲ နေ့စဉ်အချိုဓာတ်တွေ ခန္ဓာကိုယ်ထဲကို သွတ်သွင်းမိနေမှာပါပဲ။ သကြားများများစားမိလေ မြန်မြန်အိုမင်းလေဆိုတဲ့ အယူအဆကို သတိရပေးခြင်းဖြင့် မုန့်ချိုချိုအီအီတွေနဲ့ ဝေးဝေးနေကြည့်နော်။
2. ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်တာလောက်နဲ့ အိုကေပါတယ်။
စက်ဘီးစီးတာ၊ အေရိုးဗစ် ကစားတာ၊ Gym သွားတာတင်နဲ့ စိတ်ကို လန်းဆန်းစေတာ အမှန်ပေမယ့် ယောဂလေ့ကျင့်ခန်းလေး ကြားထဲမှာ ညှပ်လုပ်ပေးကြည့်ရင် စိတ်ခံစားမှုတွေ ပိုကောင်းလာပြီး နေလို့ကောင်းပြီး နုပျိုတယ်နော် ... သူ့ချည်းပဲလား ... ဆားနဲ့ပါဘုရားပေါ့ ...။
3. မိန်းကလေးတွေ အလေးမဖို့ မလိုလောက်ပါဘူး။
အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် နေ့စဉ်အလေးမခြင်းဖြင့် အဆစ်နဲ့ အရိုးတွေကို ပိုမိုကြံခိုင်သန်မာလာစေပါတယ်တဲ့။ ဝိတ်မခြင်းဖြင့် ကြွက်သားတွေ သန်စွမ်းလာတဲ့အပြင် ကျန်းမာကြံခိုင်တဲ့ အသွင်အပြင်ကိုပါ ရရှိစေမှာပါ။ Gym ရောက်ရင် အလေးမဖို့ မတွန့်ဆုတ်နဲ့နော်။
4. အသီးအနှံ များများစားလေ ပိန်လေပဲ ထင်ပါရဲ့။
အသီးအရွက်တွေ များများစားတာဟာ ပိန်ဖို့ အကြောင်းပြချက်တစ်ခုတည်း မဟုတ်ပါဘူး။ ခန္ဓာကိုယ်ဟာ ပုံမှန်အတိုင်း အက်ဆစ်သဘာဝရှိပြီး မျှခြေအနေအထားရရှိဖို့ အဲဒီအက်ဆစ်သဘာဝကို အခါအားလျော်စွာ ချေဖျက်ပေးဖို့ လိုတတ်ပါတယ်။ ဒီတော့ အက်ဆစ်နဲ့ ဆန့်ကျင်ဘက် အယ်ကာလိုင်း အသီးအနှံတွေ စားပေးရမယ်လေ။
အယ်ကာလိုင်းဓာတ်မြင့်တဲ့ အသီးအနှံတွေက -
● ပဲသီး၊ ပဲပင်ပေါက်
● တိုဟူး
● သံပရာရည်
● စတော်ဘယ်ရီ
● နာနတ်သီး
● ဖရဲသီးတွေ ဖြစ်ပါတယ်။
Vicee 1

5. ကော်ဖီပဲ သောက်နေမိတယ်။
ကော်ဖီ တစ်ခွက်ကို နို့ဆီ၊ သကြားထည့်ပြီး ကိတ်ကိတ်လေး ဖျော်လိုက်တာနဲ့ အချိုများပြီး အဆီတက်စေတဲ့ ဖျော်ရည်တစ်ခု ဖြစ်သွားပါတယ်။ မြန်မာတွေ နေ့စဉ်သောက်နေတဲ့ ကော်ဖီကလည်း အဲလိုဆန်ဆန်ပါပဲ။ ကော်ဖီ သောက်ချင်လာတိုင်း ရေတစ်ခွက် အဝသောက်ခြင်းဖြင့် ခန္ဓာကိုယ်ကို ရေဓာတ် ပြည့်ဝနေအောင် ထိန်းသိမ်းပြီးသား ဖြစ်သွားပါတယ်။ ရေဓာတ်ပြည့်၀နေတဲ့ အရေပြားလေးက နုပျိုလှပနေမယ်ဆိုတာ ပြောစရာ လိုသေးလားနော်။
6. အနားမယူသေးဘူး ... ဖေ့ဘုတ် သုံးဦးမယ်။
ကိုယ့်ကိုယ်ကို သီးသန့်နားချိန် မပေးတာဟာ အရွယ်မတိုင်ခင် အိုမင်းခြင်းရဲ့ အဓိက အကြောင်းအရာပါပဲ။ ဘာအကြောင်းအရာမှမတွေးဘဲ စိတ်အေးလက်အေး နေ့စဉ် တစ်နာရီပဲ နားကြည့်ပါ။ နုပျိုလှပခြင်း ဆုလာဘ်က သင့်အတွက်ပါပဲ။
7. ခဏခဏ စိတ်ညစ်နေတာကို ပြင်ရခက်တယ်။
ဘာမဟုတ်တဲ့ ကိစ္စတွေအတွက် မကြာခဏ စိတ်ညစ်နေတတ်ရင်တော့ နုပျိုကျန်းမာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ တရားထိုင်ခြင်း၊ ဥပုသ်စောင့်ခြင်း၊ နေ့စဉ် အေးအေးဆေးဆေး လမ်းလျှောက်ခြင်းဖြင့် စိတ်ကို ငြိမ်သက်အေးဆေးအောင် ကြိုးစားသင့်ပါတယ်။
မိမိကိုယ်ကို သတိမထားမိဘဲ မြန်မြန် အိုလာစေမယ့် အကျိုးအကြောင်းတွေကို သိကြပြီမို့ လက်တွေ့ရှောင်ကြဉ် အကျိုးရှိကြပါစေနော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Vicee 2

(Unicode)






























