/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မြွေအန္တရာယ်-သတိပြုပါ

မြွေအန္တရာယ် သတိပြုပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အပူပိုင်းဒေသဟာ မြွေပေါတဲ့နေရာတစ်ခုပါ။ ပိုအံ့သြဖို့ကောင်းတာက ခြုံပုတ်တွေထဲတင်မကဘဲ အိမ်နားတွေမှာပါ တွေ့ရတတ်တာပါပဲ။

          မြွေအများစုကတော့ လူတစ်ယောက်ယောက် လာနေပြီဆိုရင် ရှောင်ပေးတတ်ကြပါတယ်။ သူ့ကိုမနှောင့်ယှက်မချင်း လူကိုအန္တရာယ်မပြုတတ်ပေမယ့် တချို့မြွေမျိုးတွေကတော့ ကြမ်းတဲ့အတွက် အလွယ်တကူနဲ့ကို အန္တရာယ်ပြုတတ်ပါတယ်။

          မြွေကိုက်တာဟာ သိပ်တော့မနာတတ်ဘူး။ ခြစ်ရာ၊ ပွန်းရာလောက်ပဲ ဖြစ်တတ်တယ်။ ဒါပေမဲ့ အာရုံကြောပြဿနာနဲ့ အသက်အန္တရာယ်ရှိလောက်အောင် သွေးခဲခြင်းပြဿနာအထိ ဖြစ်တတ်လို့ အမြန်ဆုံးကုသဖို့ လိုပါတယ်။

 

>>    မြွေကိုက်ခံရတဲ့အခါ လုပ်သင့်တာက -

●        တတ်နိုင်သမျှ မြန်မြန် ပတ်တီးစည်းပေးပါ။

●        အကိုက်ခံရတဲ့ခြေထောက်နဲ့ လူနာကို ငြိမ်နေပါစေ။

●        ခေါက်ထားတဲ့ ဂွမ်းစကလေးကို ကိုက်ရာပေါ်မှာ အုပ်ပေးထားပြီးတော့ ပတ်တီးစကလေးကို ခြေထောက်မှာ ခပ်ကျပ်ကျပ်ကလေး စည်းပေးပါ။ ခြေချောင်းလေးကစပြီး ခြေထောက်တစ်လျှောက်လုံး၊ လက်ချောင်းကစပြီး လက်တစ်လျှောက်လုံးကို ကျပ်စည်းပေးပါ။ လှုပ်ရှားမှုများတဲ့အခါ မြွေဆိပ်က မြန်မြန်ပြန့်လွယ်ပါတယ်။

●        ကိုက်ရာက ကိုယ်ပေါ်မှာဆိုရင်တောင် ကျပ်စည်း၊ ပတ်တီးစည်းပေးပါ။

●        ခေါင်း၊ လည်ပင်း၊ ကျောကုန်းမှာဆိုရင်တော့ ကိုက်ရာပေါ်တည့်တည့်မှာ ဖိပြီး စည်းပေးပါ။ အသက်ရှူမှု၊ သွေးလှည့်ပတ်မှု၊ ရင်ဘတ်လှုပ်ရှားမှုတွေကိုတော့ မကန့်သတ်ပါစေနဲ့။

●        အကိုက်ခံရသူကို ဆေးရုံကို အမြန်ဆုံးပို့ပါ။ ပို့တဲ့အခါမှာ အသက်ကယ်ပစ္စည်းတွေ၊ အဆိပ်ဖြေဆေးတွေ အပြည့်အစုံပါတဲ့ လူနာတင်ယာဉ်နဲ့ ပို့သင့်တယ်။ လူနာကို မလှုပ်ခိုင်းဘဲ လူနာကိုချီပြီး ကားပေါ်တင်ပေးပါ။

 

>>    မလုပ်သင့်တာတွေကတော့ -

●        အကိုက်ခံရတဲ့နေရာကို ထပ်မခွဲပါနဲ့။

●        သွေးထိန်းကြိုး မစည်းပါနဲ့။ သွေးမလျှောက်တော့ရင် ခြေ၊ လက် ပုပ်တာအထိ ဖြစ်တတ်ပါတယ်။

●        အကိုက်ခံရတဲ့နေရာကို ဆေးကြောတာ၊ စုပ်တာတွေ မလုပ်ပါနဲ့။ အဆိပ်စစ်ကိရိယာလေးနဲ့ စစ်ဆေးဖို့ လိုတတ်တယ်။

●        လူနာကို လမ်းမလျှောက်၊ မလှုပ်ပါစေနဲ့။ လူနာထမ်းစင်နဲ့ ထမ်းပြီး တင်သင့်တယ်။

●        ကျပ်စည်းပတ်တီးကို မဖြုတ်ပါနဲ့။ အဆိပ်တွေ သွေးကြောထဲ ဝင်လာနိုင်တယ်။

●        အတင်းအကျပ် မြွေကို ဖမ်းဖို့ မကြိုးစားပါနဲ့။

 

>>    မြွေကိုက်ခြင်း လက္ခဏာရပ်တွေကတော့ -

●        ကိုက်ရာခြစ်ရာ၊ မြွေစွယ်ရာကို တွေ့နိုင်ပါတယ်။

●        ပျို့ချင် အန်ချင်တာ၊ ဗိုက်အောင့်တာ၊ ဝမ်းလျှောတာ၊ မူးဝေတာ၊ အိပ်ငိုက်နေတာ၊ ခေါင်းကိုက်တာ၊ အသက်ရှူရခက်တာ၊ စကားပြောရခက်တာ၊ မျိုချရခက်တာ၊ အမြင်ဝါးတာ၊ သတိမေ့တာ၊ ကယောင်ကတမ်းဖြစ်တာ၊ အားနည်းတာ၊ ခြေတွေ လက်တွေ မလှုပ်နိုင်တာတွေက အန္တရာယ်အချက်ပေးသံတွေ ဖြစ်ပါတယ်။

          ဒီ လက္ခဏာတွေ မရှိရင်တောင်မှ မြွေကိုက်ခြင်းက မပေါ့သင့်တဲ့ ဒဏ်ရာမို့ ဆေးရုံ၊ ဆေးခန်း မြန်မြန်ပြေးပြီး ဆရာ၀န် နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)