မွေးကျွတ်နာပေါက်တယ်ဆိုတာ
မွေးညင်းပေါက် (သို့) အဆီဂလင်းလေးတွေမှာ ပိုးဝင်ပြီး အနာဖြစ်တာကို မွေးကျွတ်နာလို့ ခေါ်ပါတယ်။ စဖြစ်ခါစမှာ နီလာပြီးတော့ နောက်မှ အဖု ဖြစ်လာပါတယ်။ 4 ရက်ကနေ 7 ရက်လောက် ကြာတဲ့အခါ အရေပြားအောက်မှာ ပြည်တွေ စုလာတဲ့အတွက် အဖြူရောင် ဖြစ်လာပါတယ်။
မွေးကျွတ်နာတွေက မျက်နှာ၊ လည်ပင်း၊ ချိုင်း၊ ပုခုံးနဲ့ တင်ပါးတွေမှာ အဖြစ်များပါတယ်။ မျက်ခွံပေါ်မှာပေါက်ရင် မျက်စိစွံတယ်လို့ ခေါ်ပါတယ်။
မွေးကျွတ်နာတွေ အစုလိုက် ပေါက်တာကတော့ ပိုပြီးပြင်းထန်တဲ့ရောဂါပိုး ဝင်ရောက်မှုကြောင့်ဖြစ်ပြီး အနာပဆုပ်လို့ ခေါ်ပါတယ်။
>> မွေးကျွတ်နာဖြစ်စေသော အကြောင်းအရင်းများ
Staphylococcus ဆိုတဲ့ ဘက်တီးရီးယားပိုးတစ်မျိုးကြောင့် အဖြစ်များပါတယ်။ ဒီပိုးတွေက အရေပြားမှာရှိတဲ့ အပေါက် (သို့) အက်ကွဲရာ သေးသေးလေးတွေကနေမှတစ်ဆင့် ခန္ဓာကိုယ်ထဲ (သို့) ဆံပင်ကနေမှတစ်ဆင့် မွေးညှင်းပေါက်ထဲကို ဝင်ရောက်လာပါတယ်။ အောက်ပါအခြေအနေတွေကြောင့် အရေပြားရောဂါတွေ ပိုဖြစ်နိုင်ပါတယ်။
• ဆီးချိုရောဂါ
• ခုခံအားဆိုင်ရာရောဂါများ
• အာဟာရ ချို့တဲ့ခြင်း
• တစ်ကိုယ်ရည် သန့်ရှင်းမှုမရှိခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းမှုမရှိခြင်း
• အရေပြားကို ထိခိုက်စေနိုင်သော ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်း
>> မွေးကျွတ်နာ၏ ရောဂါလက္ခဏာများ
ပထမဆုံး နီရဲပြီး နာတဲ့ လက်မဝက်လောက် အဖုမာမာလေး အရေပြားမှာ စပြီးထွက်လာပါတယ်။ နောက် ရက်အနည်းငယ် ကြာတဲ့အခါမှာတော့ ဒီအဖုလေးက ပျော့လာတယ် ပိုကြီးပြီးတော့ ပိုနာလာပါတယ်။ မကြာခင်မှာပဲ အဖုထိပ်လေးစူပြီး ပြည်တည်လာပါတယ်။ ရောဂါပိုး ဝင်တာပိုဆိုးရင်တော့ အောက်ပါလက္ခဏာတွေ တွေ့ရပါတယ်။
• မွေးကျွတ်နာပတ်လည်က အရေပြားမှာပါ ရောဂါပိုးဝင်ပြီး အရေပြားက ပူလာ၊ နီလာ၊ နာလာပြီး ရောင်လာပါတယ်။
• ပထမပေါက်တဲ့ မွေးကျွတ်နာပတ်လည်မှာပဲ မွေးကျွတ်နာတွေ ထပ်ပေါက်လာပါတယ်။
• ဖျားမယ်။
• အကြိတ်တွေ ကြီးလာမယ်။
>> ဘယ်အချိန်မှာ ဆေးကုသမှု ခံယူသင့်သလဲ?
• စပြီး ဖျားလာခြင်း
• အကြိတ်များ ကြီးလာခြင်း
• မွေးကျွတ်နာပတ်လည်မှ အရေပြားများ နီလာခြင်း
• အလွန်အမင်းနာခြင်း
• ပြည်ပေါက်မထွက်ခြင်း
• မွေးကျွတ်နာဘေးမှာ နောက်ထပ်တစ်လုံး ထပ်ပေါက်ခြင်း
• နှလုံး အသံမမှန်ခြင်း၊ ဆီးချိုရောဂါရှိခြင်း၊ ခုခံအားစနစ်ဆိုင်ရာ ပြဿနာရှိခြင်း၊ ခုခံအား ကျဆင်းစေသောဆေးများ သောက်နေရခြင်း (ဥပမာ - စတီးရွိုက်ဆေးများ၊ ကင်ဆာဆေးသွင်း ကုသခြင်း) စတဲ့ ရောဂါရှိသူတွေမှာ မွေးကျွတ်နာဖြစ်ခြင်း
• ပုံမှန်အားဖြင့်တော့ မွေးကျွတ်နာက အရေးပေါ်အခြေအနေ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျန်းမာရေး မကောင်းဘူး (သို့) ချမ်းတုန်ဖျားလာတယ် ဆိုရင်တော့ အရေးပေါ်ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။
>> စစ်ဆေးခြင်း
ဆရာဝန်တွေက အနာကိုကြည့်ပြီး ရောဂါကို သတ်မှတ်နိုင်ပါတယ်။
>> အိမ်တွင်းကုထုံးများ
• အဖုကို ရေနွေးဝတ်နဲ့ ကပ်ပေးခြင်းက အနာသက်သာစေပြီး ပြည်တွေအပေါ်ကို စုလာစေပါတယ်။ ဒီပြည်တွေအပေါ်ကို စုလာပြီဆိုရင် ရေနွေးဝတ်နဲ့ ထပ်ခါထပ်ခါ ကပ်ပေးခြင်းအားဖြင့် အနာစဖြစ်ပြီး 10 ရက်လောက်အတွင်းမှာပဲ ပြည်တွေ ပေါက်ထွက်သွားပါလိမ့်မယ်။ ရေနွေးထဲမှာ လျှော်ပြီးသား အဝတ်သန့်သန့်လေးကိုနှစ်ကာ ရေညှစ်ထုတ်ပြီး အနာပေါ် ကပ်ပေးနိုင်ပါတယ်။
• ပြည်ပေါက်ထွက်တဲ့အခါမှာ ပြည်တွေ အကုန်ထွက်သွားသည်အထိ ပိုးသတ်ဆပ်ပြာနဲ့ ဆေးပြီးနောက် အရက်ပြန်နဲ့ ပွတ်တိုက်ပါ။ ပြီးနောက် ပိုးသတ်ဆေးပါတဲ့ လိမ်းဆေးလိမ်းပြီး ပတ်တီးစီးထားပေးပါ။ အနာကို တစ်နေ့ 2-3 ကြိမ်လောက် ဆေးပြီး အနာကျက်သည်အထိ ရေနွေးဝတ် ကပ်ပေးပါ။
• မွေးကျွတ်နာကို အပ်နဲ့ ထိုးဆွပါက ရောဂါပိုးဝင်တာ ပိုဆိုးစေနိုင်တဲ့အတွက် အပ်နဲ့ထိုးဆွခြင်း လုံးဝမပြုပါနဲ့။
>> ဆေးဝါးကုထုံးများ
ရောဂါပိုးဝင်တာ ဆိုးရွားရင်တော့ သွေးစစ်ကြည့်ဖို့ လိုပါတယ်။ လိုအပ်ပါက ဆရာဝန်က ပိုးသတ်ဆေးသောက်ဖို့ ညွှန်ကြားပါလိမ့်မယ်။ ပြည်ကိုယူပြီး အကောင်ဖောက်ကာ သင့်တော်တဲ့ ပိုးသတ်ဆေးလည်း ပေးနိုင်ပါတယ်။ ပြည်ညှစ်ထုတ်ပြီးနောက်မှာလည်း တစ်နေ့ကို 2-3 ကြိမ်လောက် ဆေးကြောပြီး ပိုးသတ်ဆေး လိမ်းပေးဖို့ လိုပါတယ်။ အနာနေရာက နီလာရင် (သို့) ရောဂါပိုး နောက်ထပ်ဝင်တဲ့လက္ခဏာတွေ့ရင် ဆရာဝန်နဲ့ ပြန်ပြပါ။
>> မွေးကျွတ်နာမဖြစ်အောင် ကာကွယ်ခြင်း
• မွေးကျွတ်နာပေါက်တဲ့ မိသားစုဝင်ရဲ့ အဝတ်အစားများ၊ အိပ်ရာခင်းများ၊ ပုဝါများကို သေချာလျှော်ဖွတ်ပါ။
• အသေးစား အရေပြားအနာတွေကို သေချာ သန့်သန့်ရှင်းရှင်းထားပြီး ကုသပါ။
• တစ်ကိုယ်ရည် သန့်ရှင်းမှုရှိအောင် နေပါ။
• တတ်နိုင်သမျှ ကျန်းမာအောင် နေထိုင်ပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























