/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မွှေးကျွတ်နာ

မွှေးကျွတ်နာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မွှေးကျွတ်နာ ဆိုတာကတော့ မွှေးညင်းပေါက် တစ်ပေါက် ဒါမှမဟုတ် ဒီထက်ပိုပြီး ဘက်တီးရီးယားပိုး ဝင်တဲ့အခါမှာ ထွက်လာတဲ့ ပြည်ဖုလေးတွေ ဖြစ်ပြီးတော့ နာပါတယ်။ ဒီပြည်ဖုလေးတွေက ပြည်တွေပြည့်လာ ပြီးလာပြီးတော့ မပေါက်ထွက်မချင်းနာနေပါတယ်။ ဒီမွှေးကျွတ်နာပျောက်ဖို့ ရက်အနည်းငယ်လောက်ကနေ ပြီးတော့ ၂ ပတ်လောက်အထိ ကြာတတ်ပါတယ်။ အရေပြားပေါ်က နေရာတိုင်းမှာ ဖြစ်နိုင်ပေမယ့်လည်း မျက်နှာ၊ လည်ပင်း၊ ချိုင်း၊ တင်ပါးနဲ့ ပေါင်စတဲ့ ချွေးထွက်များတဲ့နေရာတွေမှာအဖြစ်များပါတယ်။ တစ်ခါတစ်လေ ဒီမွှေးကျွတ်နာတွေ စုပြီးဖြစ်တာကိုတော့ အနာပဆုတ်လို့ ခေါ်ပါတယ်။ လူတိုင်းမှာ ဖြစ်နိုင်ပေမယ့်လည်း ကျန်းမာရေး မကောင်းတဲ့သူတွေ၊ ဝက်ခြံပေါက်တတ်သူတွေနဲ့ ဆီးချိုဝေဒနာရှင်တွေမှာ ပိုဖြစ်တတ်ပါတယ်။

 

>>    မွှေးကျွတ်နာဘာကြောင့်ဖြစ်

          အခုနပြောသလိုပဲ မွှေးညှင်းပေါက်လေးတွေမှာ staph လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးဝင်လို့ ဖြစ်တာပါ။ ဒိဘက်တီးရီးယားပိုးတွေက တကယ်တော့လည်း အရေပြားမှာ ပုံမှန်နေထိုင်ပေမယ့်လည်း တစ်ခါတလေ နှာခေါင်းနဲ့ လည်ချောင်းတွေထဲ ဝင်သွားရင် အဆုတ်ရောင်ခြင်း၊ ဦးနှောက်အမြှေးပါးရောင်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ နှလုံးကြွက်သားရောင်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ဒါတွေက ဆေးရုံကနေ ကူးစက်တတ်တဲ့ အဓိကရောဂါပိုးတွေဖြစ်သလို အစာကနေလည်း ကူးစက်နိုင်ပါတယ်။

 

>>    ရောဂါလက္ခဏာများ

          မွှေးကျွတ်နာက လက်မဝက်လောက် အချင်းရှိတဲ့ အနီ (သို့) ပန်းရောင်အဖုလေးအဖြစ်နဲ့ ရုတ်တရက် ထွက်လာတတ်ပါတယ်။ အဖုပတ်လည်က အရေပြားလေးကလည်း နီပြီး ရောင်နေနိုင်ပါတယ်။ ၂၄ နာရီအတွင်းမှာပဲ အဖုထဲမှာ ပြည်တွေပြည့်လာပါတယ်။ ပြည်ဖုလေးက ကြီးလာပြီးတော့ ထိပ်မှာ ပေါက်ထွက်မယ့် အစက်ဖြူဝါဝါလေး မထွက်လာမချင်း ၅-၇ ရက်လောက် နာနေပါမယ်။

          ပုံမှန်အားဖြင့်တော့ ၂ ပတ်လောက်အတွင်းမှာ လုံးဝပျောက်သွားရပါမယ်။ မွှေးကျွတ်နာ သေးသေးလေးတွေကတော့ အမာရွတ်မကျန်ခဲ့ဘဲ ပျောက်သွားပေမယ့်လည်း အဖုကြီးရင်တော့ အမာရွတ် ကျန်နိုင်ပါတယ်။

 

>>    မွှေးကျွတ်နာ ဖြစ်နိုင်ချေများတဲ့အချက်တွေ

          လူတိုင်းလူတိုင်း ဖြစ်နိုင်ပေမယ့်လည်း ဒီအချက်တွေကတော့ မွှေးကျွတ်နာဖြစ်နိုင်ချေကို ပိုများစေပါတယ်။

•        ကျန်းမာရေး မကောင်းတာ - နာတာရှည်ရောဂါတစ်ခုခုရှိရင် ရောဂါပိုးတွေကို ပြန်တိုက်ရာမှာ ခက်ခဲပါတယ်။ ဆီးချိုရောဂါမှာဆိုရင်လည်း ရောဂါပိုးတိုက်ဖျက်ရာမှာ ပိုခက်ခဲစေပါတယ်။ ခဏခဏ မွှေးကျွတ်နာ ပေါက်တာကလည်း အထူးသဖြင့် အသက် ၄၀ ကျော်အရွယ်တွေမှာဆိုရင် ဆီးချိုရောဂါရဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။

•        အဝတ်အစားကြပ်ကြပ်တွေ အမြဲဝတ်တဲ့အခါမှာလည်း အသားကို သွားပြီး ဝတ်တိုက်နေတဲ့အခါမှာ အရေပြားကို ကာကွယ်ထားတာကို သွားထိခုက်ပြီးတော့ ဝက်ခြံ၊ အရေပြားရောင်ခြင်း စတဲ့ အရာတွေဖြစ်ပြီးတော့ မွှေးကျွတ်နာကိုလည်း ပိုဖြစ်စေနိုင်ပါတယ်။

•        Prednisone လိုမျိုး corticosteroids တွေ (သို့) ခုခံအားကိုကျစေတဲ့ တခြားဆေးတွေကို အကြာကြီး စွဲသောက်နေရရင်လည်း မွှေးကျွတ်နာဖြစ်နိုင်ချေကို များစေပါတယ်။

 

>>    မွှေးကျွတ်နာပေါက်ရင် ဘယ်လိုကုကြမလဲ?

          မွှေးကျွတ်နာ (သို့) အနာပဆုတ်က ကြီးတယ်ဆိုရင်တော့ ဆရာဝန်က ထိပ်လေးကို နည်းနည်းလေး ခွဲပြီးတော့ ပြည်တွေ ညှစ်ထုတ်ပါလိမ့်မယ်။ ဒါက နာကျင်မှုကို သက်သာစေရုံသာမကဘဲ အနာ မြန်မြန်ကျက်စေပါတယ်။ အကုန်ညှစ်ထုတ်လို့မရဘဲ အနာက နက်နေရင်တော့ ပိုးသတ်ထားတဲ့ ပတ်တီးစလေးနဲ့ အုပ်ထားဖို့ လိုပါတယ်။ လိုအပ်ရင် ပိုးသတ်ဆေး သောက်ဖို့ ညွန်ပါလိမ့်မယ်။

          မိမိအိမ်မှာ ဒီနည်းလေးတွေ လုပ်ပေးရင်တော့ မြန်မြန် အနာကျက်စေပြီးတော့ မပြန့်အောင် ကာကွယ်နိုင်ပါတယ်။

•        နာရီနည်းနည်းကြာရင် တစ်ကြိမ် တစ်ခါကပ်ရင် မိနစ် ၃၀ လောက် ဖြစ်တဲ့နေရာပေါ်မှာ ရေနွေးဝတ်လေး ကပ်ပေးပါ။ ဖြစ်နိုင်ရင် ကပ်မယ့်အဝတ်ကို ဆားရည်နွေးနွေးလေးထဲမှာ စိမ်ပေးထားရင် အနာ ပိုပြီး မြန်မြန်ပြည်ပေါက်ထွက််နိုင်ပါတယ်။

•        မွှေးကျွတ်နာကို တစ်နေ့ နှစ်ကြိမ်လောက် ညင်သာစွာ ပွတ်တိုက်ဆေးကြောပေးပါ။ ပိုးသတ်ဆေးလေး လိမ်းပြီးတော့ ပတ်တီးလေး စည်းပေးထားပါ။

•        အနာကို အတင်းညှစ်တာက ရောဂါပိုး ပြန့်စေနိုင်လို့ ဘယ်တော့မှမညှစ်ပါနဲ့။

•        အနာကို ဆေးထည့်ပြီးရင် လက်ကိုသေချာဆေးပါ။ အနာနဲ့ထိထားတဲ့ အဝတ်တွေကိုလည်း သေချာလျှော်ဖွပ်ပါ။

 

>>    မွှေးကျွတ်နာ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ?

          မွှေးကျွတ်နာ မဖြစ်အောင် အလုံးစုံတော့ ကာကွယ်လို့မရပေမယ့်လည်း ကိုယ်ခံအားနည်းနေတယ် ဆိုရင်တော့ အနာမဖြစ်အောင် ဒါလေးတွေ လိုက်နာပေးပါ။ ပြတ်ရှရာသေးသေးလေးတွေကိုတောင်မှ ဆပ်ပြာနဲ့ သေချာဆေးကြောပြီးတော့ ပိုးသတ်ဆေး လိမ်းပေးပါ။ အရမ်းကြပ်တဲ့အဝတ်အစားတွေ မဝတ်ပါနဲ့။ ပေါင်မုန့်ညို၊ ဆန်လုံးညို၊ လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်စတဲ့ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးပါ။

 

>>    မွှေးကျွတ်နာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ

          တစ်ခါတလေမှာ မွှေးကျွတ်နာက ဘက်တီးရီးယားပိုးတွေက သွေးစီးကြောင်းထဲ ဝင်ပြီးတော့ ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေကို ရောက်သွားကာ သွေးဆိပ်သင့်ရင် အသက်အန္တရာယ်ကိုတောင်မှ စိုးရိမ်ရပါတယ်။ ပထမဆုံးအနေနဲ့ သွေးဆိပ်သင့်ရင် ချမ်းတုန်တာ၊ အဖျားတွေတက်တာ၊ နှလုံးခုန်မြန်တာနဲ့ အရမ်းနေမကောင်းသလို ဖြစ်တာတွေ ဖြစ်တတ်ပါတယ်။ ဒီကမှ shock ဖြစ်ပြီးတော့ သွေးပေါင်တွေ အရမ်းကျ၊ ခန္ဓာကိုယ်က အေးစက်ပြီးတော့ စိတ်ရှုပ်ထွေးတာတွေနဲ့ သွေးခဲတာ၊ သွေးထွက်တာတွေ၊ ပုံမမှန်တာတွေ ဖြစ်တတ်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)