မှတ်ဉာဏ်ကောင်းလာစေမယ့် နည်းလမ်းများ
" သော့ ဘယ်နားထားမိမှန်း မသိပါဘူး ... "
" လူနာမည်လေးပဲ မေ့နေတာ မြင်ရင် မှတ်မိတယ် ... "
" အမေ မှာလိုက်တာ ဘာပါလိမ့် ... မေ့ပြန်ပြီ "
မကြာခဏ မေ့လျော့တတ်သူတွေ၊ မေ့တတ်လွန်းလို့ ကသိကအောင့် ဖြစ်ရလွန်းရင် ဘယ်လိုလုပ်ရပါ့။
ဦးနှောက်နဲ့ အာရုံကြောပညာရှင်တွေက မေ့တတ်တာနဲ့ ပတ်သက်လို့ ဘာပြောကြလဲဆိုတော့ အာရုံစူးစိုက်မှု မရှိလို့ပါတဲ့။
မေ့တဲ့အခါ ပြန်ပြီး သတိရအောင် လုပ်ပေးတဲ့ ဇီဝရုပ်စက်ဝန်းတွေ ရှိပါတယ်တဲ့။ ဦးနှောက်ထဲက ပင်နယံတွေ အပြင်းအထန် လည်ပတ်ပြီး သတိရအောင် စဉ်းစားနေတဲ့ လမ်းကြောင်းတွေ အလုပ်လုပ်ပုံ မမှန်မကန် ဖြစ်လာလို့ပါတဲ့။
ကဲ ... မသိလိုက်ဘဲ ဦးနှောက်ထဲက သတိရတဲ့လမ်းကြောင်းတွေ တွေးခေါ်စဉ်းစားပုံတွေကို ပျက်ပြားအောင် လုပ်ခဲ့တာ ကိုယ်ကိုယ်တိုင်ပါပဲတဲ့။
● စာအုပ်တစ်အုပ် ဖတ်နေတယ်၊ ဖတ်ကောင်းနေတုန်း ဖုန်းလာတော့ ကောက်ကိုင်လိုက်တယ်။
● ဇာတ်ကားကြည့်နေတယ်၊ ကြည့်နေတုန်း ဗိုက်ဆာလို့ မုန့် ထစားတယ်။
● အိမ်သုံးစာရင်းတွေ တွက်နေတယ်၊ တွက်နေတုန်း ရုတ်တရက် ထမင်းအိုး ထတည်တယ်။
တစ်ခုခုကို နာရီဝက်အတွင်း အာရုံစူးစိုက်နေချိန်မှာ ဘာအနှောင့်အယှက်မှ မဝင်ပါစေနဲ့တဲ့။ အဲဒီနာရီဝက်ကို ဖိဖိစီးစီးလေး ပထမအလုပ်ကိုပဲ အာရုံစူးစိုက် အားကောင်းကောင်းနဲ့ ဆက်လုပ်ပါတဲ့။
တစ်ခုခုအပေါ် အာရုံစိုက်လို့မှ မပြီးသေးဘူး။ နောက်တစ်ခု ဖြတ်လုပ်လိုက်တဲ့အခါ အာရုံစူးစိုက်အားနဲ့ မှတ်ဉာဏ်စက်ဝန်းတွေကို ထိခိုက်သွားပြီး မကြာခဏ အဲလိုဖြစ်လာတဲ့အခါ ဦးနှောက်က ဉာဏ်မပြေးတော့ဘဲ မေ့တတ်လာပါတယ်။
● မမေ့အောင် အာရုံစိုက်ပါ။ စိတ်ဝင်စားရာ လုပ်နေစဉ် တခြားအလုပ် ဖြတ်မလုပ်ပါနဲ့။
● မိမိလုပ်နေတာကို စိတ်ဝင်စားမှု အပြည့်ထားပါ။
● ဦးနှောက်အတွေးအခေါ်ကို လက်ရှိဘဝမှာ အာရုံစိုက်ထားပါ။
● တောင်စဉ်ရေမရ လျှောက်တွေးနေမိတဲ့အခါ လုပ်စရာတစ်ခုခု ကောက်လုပ်လိုက်ပါ။
● တရားထိုင်ပါ။
● စကားပြောတဲ့အခါ ပြောတဲ့သူကို အာရုံထားပါ။
● စကားလုံးအသစ်တွေ နေ့စဉ်မှတ်သားပါ။
● အိမ်ပြန်ရောက်တိုင်း နေ့စဉ်အလုပ်တွေကို ပြန်စဉ်းစားပါ။
ဒီလိုနည်းတွေနဲ့ ဦးနှောက်ကို မမေ့တတ်ဖို့ သတိရနေဖို့ လေ့ကျင့်ပေးနိုင်ပါတယ်။ သတိရှိနေတာနဲ့ သတိရတာဟာ ဆက်စပ်လျက် ရှိပါတယ်။ ဒီတော့ လက်လွတ်စပယ်လုပ်တာ၊ အာရုံမစိုက်တာ၊ သတိမမူ ဂူမမြင် ဖြစ်တာတွေက အလွယ်တကူ မေ့လျော့တတ်မှုနဲ့ အများကြီး သက်ဆိုင်နေတာပေါ့နော်။
မှတ်ဉာဏ်ကောင်းလာဖို့ ဦးနှောက်ကို စိတ်ပါလက်ပါ လေ့ကျင့်ပေးကြပါစို့နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























