မှို၏ ကျန်းမာရေး ကောင်းကျိုးများ
မှိုမှာ ကျန်းမာရေးအတွက် တန်ဖိုးရှိတဲ့ အာဟာရဓာတ်အချို့ ပါဝင်ပါတယ်။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အစုံစားသုံးခြင်းဖြင့် နေထိုင်စားသောက်မှုပုံစံ အလွဲတွေကြောင့် ဖြစ်တဲ့ရောဂါတွေ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။
ပြုပြင်ထားခြင်းမရှိဘဲ သဘာဝအတိုင်းရရှိတဲ့ မှိုကဲ့သို့သော အစားအစာများကို များများစားသုံးခြင်းက အဝလွန်ခြင်း၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ စတာတွေနဲ့ သေဆုံးခြင်းကို လျော့ကျစေနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် အသားအရေနဲ့ ဆံသားကောင်းမွန်ခြင်း၊ အားအင်တိုးစေခြင်းနဲ့ ကိုယ်အလေးချိန် လျော့ကျစေခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။
1. ကင်ဆာ
မှိုမှာ လူ့ခန္ဓာကိုယ်ဆဲလ်တွေကို တိုက်ခိုက်ပြီး ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေကို ဖယ်ရှားပေးနိုင်စွမ်းရှိတဲ့ အင်တီအောက်ဆီးဒင့် မြင့်မားစွာ ပါဝင်ပါတယ်။ ဒါ့အပြင် အခြားဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေမှာ တွေ့ရလေ့မရှိဘဲ မှိုမှာသာ အတွေ့ရများတဲ့ selenium ဓာတ်လည်း ပါဝင်ပါတယ်။ Selenium က အသည်းမှာရှိတဲ့ ဓာတ်ကူပစ္စည်းတွေရဲ့လုပ်ဆောင်မှုတွေမှာ အဓိကအရေးပါရုံသာမက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပေါင်းအချို့ကိုလည်း ဓာတ်ပြယ်စေပါတယ်။ ဒါတွေအပြင် ရောင်ရမ်းခြင်းတွေကို ကာကွယ်ပေးပြီး ကင်ဆာ ကြီးထွားမှုနှုန်းကိုလည်း လျော့ကျစေပါတယ်။
နောက်ထပ် မှိုမှာ ပါဝင်တဲ့ ဗီတာမင် D ကလည်း ကင်ဆာဆဲလ် ကြီးထွားမှုကို ဟန့်တားပေးပါတယ်။ လတ်လတ်ဆတ်ဆတ် ဖြတ်ထားတဲ့မှိုတွေကို နေရောင်အောက်မှာထားခြင်းဖြင့် ဗီတာမင် D ပါဝင်မှုကို သိသိသာသာ မြင့်မားစေပါတယ်။ မှိုမှာ ပါဝင်တဲ့ Folate ဓာတ်ကလည်း DNA ပြုလုပ်ခြင်းနဲ့ ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းတွေမှာ အဓိကနေရာက ပါဝင်တဲ့အတွက် DNA ပြောင်းလဲခြင်းကြောင့် ကင်ဆာဆဲလ် ဖြစ်ပေါ်မှုတွေကို ကာကွယ်ပေးပါတယ်။
2. ဆီးချိုရောဂါ
လေ့လာမှုတွေအရ အမျှင်ဓာတ် စားသုံးမှုများတဲ့ အမျိုးအစား (၁) ဆီးချိုရောဂါရှင်တွေမှာ သွေးတွင်းသကြားဓာတ် လျော့ကျစေတယ်လို့ တွေ့ရှိရပါတယ်။ မှိုမည်းလုံးကင် တစ်ခွက်ကနေပြီး အမျှင်ဓာတ် 3 g လောက် ပေးစွမ်းနိုင်ပါတယ်။ အမျှင်ဓာတ်က အစာချေစနစ်ကို ကောင်းကျိုးတွေ ရရှိစေပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကိုလည်း လျော့ကျစေပါတယ်။
3. နှလုံးကျန်းမာရေး
မှိုမှာ ပါဝင်တဲ့ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်နဲ့ ဗီတာမင် C အားလုံးက နှလုံးသွေးကြောစနစ်ကို ကောင်းမွန်စေပါတယ်။ ပိုတက်ဆီယမ်နဲ့ ဆိုဒီယမ်တွေက အတူတကွ သွေးဖိအားကို ထိန်းချုပ်ပေးပါတယ်။ ပိုတက်ဆီယမ် ပါဝင်မှုများပြီး ဆိုဒီယမ် ပါဝင်မှုနည်းတဲ့ မှိုကို စားသုံးခြင်းအားဖြင့် သွေးအားကျစေတဲ့အတွက် သွေးတိုးခြင်းနဲ့ နှလုံးသွေးကြောရောဂါတွေကို ကာကွယ်ပေးပါတယ်။ Shiitake လို့ခေါ်တဲ့ မှိုမည်းလုံးတစ်မျိုးမှာ ပါဝင်တဲ့ beta-glucan က သွေးတွင်းကိုလက်စရောပမာဏကို ကျဆင်းစေပါတယ်။
4. ကိုယ်ခံအား
မှိုမှာ ပါဝင်တဲ့ selenium ဓာတ်က ရောဂါပိုးတွေကို ကိုယ်ခံအားစနစ်က တုံ့ပြန်နိုင်စွမ်းကို အားပေးပါတယ်။ မှိုနံရံမှာ တွေ့ရတဲ့ beta glucan အမျှင်တွေက ကင်ဆာဆဲတွေကို သတ်ပြီး ကင်ဆာဆဲလ် ဖြစ်ပေါ်မှုကို တားဆီးဖို့အတွက် ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးပါတယ်။
5. ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း
အစားအစာတွေမှာ ပါဝင်တဲ့ အမျှင်ဓာတ်က ကိုယ်အလေးချိန် ထိန်းသိမ်းတဲ့နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္႑က ပါဝင်ပါတယ်။ မှိုရဲ့နံရံမှာ beta-glucan နဲ့ chitin လို့ခေါ်တဲ့ အမျှင်ဓာတ် 2 မျိုး ပါဝင်ပါတယ်။ ဒီအမျှင်ဓာတ်တွေက ဗိုက်ပြည့်စေပြီး အစာစားချင်စိတ်ကို လျှော့ချပေးပါတယ်။ အချိန်အတော်ကြာ ဗိုက်ပြည့်နေစေခြင်းအားဖြင့် ကယ်လိုရီ စားသုံးမှုကို လျော့ကျစေပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























