ရင်ခုန်သံမြန်တာ ဘာကြောင့်လဲ?
တစ်ခါတလေမှာ ကဖင်းဓာတ် အလွန်အကျွံသောက်ခြင်း၊ ကိုယ်နဲ့ မ,တည့်တဲ့ အရာတစ်ခုခုကို စားမိခြင်းစတဲ့ ရိုးရှင်းတဲ့အချက်တွေကြောင့် ရင်ခုန်နှုန်း မြန်တတ်ပါတယ်။ ဒါပေမဲ့ မကြာခဏ ရင်အရမ်း အခုန်မြန်ရင်တော့ ခန္ဓာကိုယ်အတွင်းမှာ ပြဿနာတစ်ခုခုကြောင့် ဖြစ်နိုင်တဲ့အတွက် ဆရာဝန် သွားပြပြီး ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ရင်ခုန်နှုန်း မြန်ရတဲ့ အကြောင်းအရင်းတွေကတော့ -
1. ကိုယ်လက်လှုပ်ရှားမှု အလွန်အကျွံလုပ်ခြင်း - ပုံမှန်အတိုင်းဆိုရင် လေ့ကျင့်ခန်း လုပ်တဲ့အခါ ရင်ခုန်နှုန်း မြန်တတ်ပါတယ်။ ဒါက လုံးဝပုံမှန်ပါပဲ၊ လေ့ကျင့်ခန်းရဲ့ အကျိုးသက်ရောက်မှု ရှိတာကိုတောင်မှ သိနိုင်ပါသေးတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်း လုပ်ပြီးနောက်မှာ ပုံမှန်ပြန်မဖြစ်ဘဲ ရင်အရမ်း ဆက်ခုန်နေရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါပြီ။
2. ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုး - ဆေးဝါးတွေက ရင်ခုန်နှုန်းမြန်ရတဲ့ အဖြစ်များဆုံး အကြောင်းတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ နှာရည်ယို နှာပိတ်ပျောက်ဆေး၊ ပန်းနာရင်ကြပ်ဆေးတွေ အပါအဝင် ဆေးအချို့ကြောင့် ထိုင်နေရင်း၊ ဘာမှမလုပ်ဘဲနဲ့ ရင်တွေတုန်ပြီး ရင်ခုန်တာ မြန်တတ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဆေးမသောက်တော့ရင် ရင်ခုန်နှုန်း ပြန်ကျသွားတတ်ပါတယ်။
3. ကဖင်းဓာတ် - ကဖင်းဓာတ်က ရင်ခုန်နှုန်းမြန်အောင် လှုံ့ဆော်ပါတယ်။ လက်ဖက်ရည်၊ ကော်ဖီ သောက်တာများပြီး ရင်အရမ်းခုန်တယ် ဆိုရင်တောင် မိမ်ိရဲ့သွေးထဲမှာ ကဖင်းဓာတ် ကုန်သွားတဲ့အခါ ပုံမှန်ပြန်ဖြစ်သွားပါတယ်။
4. အရက်သောက်ခြင်း - အရက် အလွန်အကျွံ သောက်တဲ့အခါမှာ နှလုံးကို ဖိအားသွားပေးတဲ့အတွက် နှလုံးခုန်တာ ပိုမြန်လာစေပါတယ်။ ဒါကြောင့် ဒီလိုမဖြစ်စေဖို့ အရက်ကို အသင့်အတင့်ပဲ သောက်သင့်ပါတယ်။ တကယ်လို့ အရက် အရမ်းသောက်ပြီး နှလုံးခုန်နှုန်း စိုးရိမ်လောက်အောင် မြန်လာတယ် ဆိုရင်တော့ အရေးပေါ် ဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။
5. ခန္ဓာကိုယ်အတွင်း electrolyte မညီမျှခြင်း - ခန္ဓာကိုယ်ရဲ့လုပ်ငန်းတွေ ပုံမှန်လုပ်ဆောင်နိုင်ဖို့အတွက် electrolyte ပမာဏက ပုံမှန်အတိုင်းဖြစ်နေဖို့ လိုပါတယ်။ အန်ခြင်း၊ အစာရေစာ လုံလောက်စွာ မစားသောက်ခြင်း၊ အဖျား ကြီးလွန်းခြင်း၊ ဆီးဆေးများ သောက်နေရခြင်း စတဲ့ အကြောင်းအရင်းတွေကြောင့် ရေဓာတ် ခန်းခြောက်တဲ့အခါမှာ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ electrolyte ပမာဏတွေကလည်း မညီမမျှဖြစ်ပြီး နှလုံးခုန် မြန်စေပါတယ်။ ဒီလိုမျိုးဖြစ်ပြီဆိုရင် တတ်နိုင်သလောက် မြန်မြန် အရည်များများဝင်အောင် သောက်ပေးပါ။ မသက်သာလာဘူးဆိုရင် ဆေးကုသမှု အမြန်ဆုံး ခံယူပါ။
6. သိုင်းရွိုက် တက်ကြွလွန်းခြင်း - သိုင်းရွိုက်ဂလင်းက တက်ကြွလွန်ပြီး ဟော်မုန်း အများကြီးကို တစ်ကြိမ်တည်း ထုတ်ပေးလိုက်တဲ့အခါမှာ နှလုံးခုန်မြန်ပြီး ရင်တုန်စေပါတယ်။ ဒီလက္ခဏာက ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နိုင်သလို အမြဲလည်း ခံစားနေရနိုင်ပါတယ်။ ဆရာဝန်နဲ့ သေချာပြပြီး ညွှန်ကြားတဲ့ဆေးတွေကို သောက်သုံးဖို့ လိုပါတယ်။
7. နှလုံးရောဂါ - သွေးတိုးခြင်း၊ မွေးရာပါနှလုံးရောဂါ၊ နှလုံးအဆို့ရှင်မလုံခြင်း စတာတွေ အပါအဝင် နှလုံးနဲ့ဆိုင်တဲ့ ရောဂါ အများအပြားကြောင့်လည်း နှလုံးခုန်တာ မြန်နိုင်ပါတယ်။ ရင်ခုန်အရမ်းမြန်တာကို ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူပါ။
8. အဆုတ်ရောဂါများ - အဆုတ်ရောင်ခြင်း၊ အဆုတ်ထဲ လေဝင်ခြင်း စတဲ့ အဆုတ်ရောဂါတွေမှာ သွေးတွေကို လိုအပ်တဲ့နေရာတွေကို ပို့ပေးနိုင်ဖို့ အဆုတ်နဲ့ နှလုံးက အလုပ် ပိုပြီးလုပ်ရပါတယ်။ နှလုံး အလုပ် အရမ်းလုပ်ရတဲ့အခါမှာ နှလုံးခုန်နှုန်းလည်း မြန်လာစေပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























