/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ရင်တုန်ခြင်းကို-မကြာခဏ-ခံစားနေရပါသလား

ရင်တုန်ခြင်းကို မကြာခဏ ခံစားနေရပါသလား ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ။

          နှလုံးခုန်မြန်ခြင်း၊ ရင်တဒုန်းဒုန်းခုန်နေခြင်း၊ ရင်တလှပ်လှပ်ဖြစ်ခြင်းစသည့် လက္ခဏာများဖြစ်ပေါ်ခြင်းကို ရင်တုန်ခြင်းလို့ သတ်မှတ်ကြပါတယ်။ သင်ဟာ ကို်ယ်လက်လှုပ်ရှားမှုတစ်ခုခုကို လုပ်နေစဉ် ရင်တုန်လာပါက ထိုလှုပ်ရှားမှုကို ချက်ချင်းရပ်တန့်ခြင်း ပြုလုပ်လိုက်ပါက ရင်တုန်ခြင်း သက်သာသွားတာမျိုး ရှိတတ်ပါတယ်။ တစ်ခါတလေမှာတော့ ရင်တုန်ခြင်းဟာ ထင်တာထက် ပိုရှူပ်ထွေးပြီး နှလုံးရောဂါတစ်ခုခုကို ညွှန်ပြနေပါတယ်။ ကောင်းတဲ့အချက်အနေနဲ့ ရင်တုန်ခြင်းဖြစ်စဉ်အများစုဟာ ပြင်ပလှုံ့ဆော်မှုများကြောင့်ဖြစ်ပြီး ကြီးမားသောအန္တရာယ်ကို မပေးနိုင်ပါဘူး။ ရင်တုန်ခြင်းကို ဖြစ်စေသော ပြင်ပလှုံ့ဆော်မှုများအနေဖြင့် စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်ခြင်း၊ ကော်ဖီနှင့် ဆေးလိပ်အသောက်များခြင်း၊ လေ့ကျင့်ခန်း စသည်တို့ ပါဝင်ပါတယ်။

          ပန်းနာရင်ကြပ်သူများ ရှူရှိုက်ရသောဆေးများကြောင့်လည်း ရင်တုန်တတ်ပါသေးတယ်။ အဆိုပါ ပြင်ပလှုံ့ဆော်မှုများကြောင့် ရင်တုန်ခြင်းဟာ  ထိုလှုံ့ဆော်မှုများကို ဖယ်ရှားပြီး မကြာခင်အချိန်မှာ အလိုလို ပြန်လည်ကောငး်မွန်ပါတယ်။ သို့သော် ရင်တုန်ခြင်းဟာ စက္ကန့်များစွာ ကြာမြင့်ပြီး မူးဝေခြင်း၊ ဖျော့တော့ခြင်း၊ အသက်ရှူမဝခြင်း၊ ရင်ဘတ်အောင့်ခြင်းတို့ကိုပါ တွဲဖက်ခံစားရပါက နီးစပ်ရာဆရာဝန်ထံ အမြန်ဆုံးပြသသင့်ပါတယ်။

          ထို့ပြင် မကြာခဏရင်တုန်ခြင်း သို့မဟုတ် မိနစ်အနည်းငယ်ကြာအောင် ရင်တုန်ခြင်းတို့ ဖြစ်ပေါ်ပါက နှလုံးရောဂါလက္ခဏာတစ်မျိုး ဖြစ်တာမို့ မပေါ့ဆဘဲ စစ်ဆေးမှု ခံယူသင့်ပါတယ်။

          ရင်တုန်ခြင်းကို ကာကွယ်နိုင်ဖို့အတွက် ကျန်းမာသော စားသောက်နေထိုင်မှုကို မွေးမြူသင့်ပါတယ်။ ဆေးလိပ်နှင့်ကော်ဖီ၊ အရက်များကို လွန်ကဲစွာ သောက်ခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။ တစ်နေ့ကို နာရီဝက်ခန့် လမ်းလျှောက်ခြင်း ပြုလုပ်ခြင်းဖြင့် သွေးလှည့်ပတ်မှု ကောင်းစေနိုင်ပြီး ရင်တုန်ခြင်းကို လျှော့ချနိုင်ပါတယ်။ ထို့ပြင် အဆီနှင့်အငန်များ လွန်ကဲစွာ စားခြင်းကို ရှောင်ကြဉ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို နေ့စဉ် စားသုံးသင့်ပါတယ်။

          အထက်ပါနည်းလမ်းများအတိုင်း လိုက်နာခြင်းဖြင့် ရင်တုန်ခြင်းနှင့်အတူ နှလုံးသွေးကြောကျဉ်းခြင်းကဲ့သို့ ရောဂါဆိုးများကိုပါ ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)