ရင်တွေပူပါတယ်…ဘယ်လိုများကုရမယ်
အစာအိမ်ထဲက အက်ဆစ်တွေက အစာမြိုပြွန််ထဲကို ပြန်ကန်တက်တဲ့အခါမှာ ရင်ပူခြင်းကို ခံစားကြရပါတယ်။ အစားအများကြီးစားလိုက်ခြင်း နဲ့ အချို့သောအစားအစာတွေက ရင်ပူခြင်းကိုဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေ၊ အဝလွန်သူတွေနဲ့ ဆေးလိပ်သောက်သူတွေမှာ ပိုပြီး ရင်ပူတတ်ကြပါတယ်။ aspirin(အကိုက်အခဲပျောက်ဆေး)၊ ပိုးသတ်ဆေးအချို့၊ စိတ်ကျရာမှာကုသတဲ့ဆေးအချို့နဲ့ စိတ်ငြိမ်ဆေးစတဲ့ဆေးတွေကြောင့်လည်း ရင်ပူတာပိုဆိုးစေပါတယ်။ ရင်ပူတာကို သက်သာစေဖို့အတွက် ဆေးဝါးတွေမှီ၀ဲတာအပြင် အောက်ပါအိမ်တွင်းကုထုံးလေးတွေကိုလည်း လိုက်လုပ်ကြည့်လို့ရပါတယ်။
Kremil-S 1
ရင်ပူခြင်းသက်သာစေဖို့
1. ရေက အစာအိမ်မှအက်ဆစ်တွေ အစာပြွန်ထဲကို ပြန်ကန်ထွက်လာတာကို ဆေးချပေးနိုင်တဲ့အတွက် ရင်ပူတယ်လို့ခံစားရပြီဆိုတာနဲ့ ရေ တစ်ဖန်ခွက်လောက် သောက်ချလိုက်ပါ။
2. တံတွေးကလည်း အစာအိမ်ထဲကအက်ဆစ်တွေကို ချေဖျက်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် အချိုမပါတဲ့ပီကေဝါးခြင်း၊ သကြားလုံးငုံခြင်း၊ အချိုရည်ကိုပိုက်နဲ့စုပ်ပြီးမျှင်းသောက်ခြင်းစတဲ့ တံတွေးများများထွက်စေနိုင်တဲ့အပြုအမူတွေ လုပ်ပေးပါ။
3. မုန့်ဖုတ်ဆိုဒါက အယ်ကာလီဓာတ်ဖြစ်တဲ့အတွက် အက်ဆစ်ကို ချေဖျက်ပေးပါတယ်။ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်နဲ့ သံပုရာရည်အစက်အနည်းငယ်ကို ရေနွေးခွက်တစ်ဝက်ထဲထည့်ပြီးမွှေသောက်ပေးပါ။ မုန့်ဖုတ်ဆိုဒါတစ်မျိုးတည်းတော့မသောက်ပါနဲ့၊ မုန့်ဖုတ်ဆိုဒါနဲ့ အက်ဆစ်ထိတွေ့တဲ့အခါမှာ ဂက်စ်တွေထွက်လာတာကို ဟန့်တားဖို့အတွက် သံပုရာရည်နဲ့ရောသောက်ဖို့လိုပါတယ်။
Kremil-S 2
4. မုန်လာဥနီ၊ သခွားသီး၊ မုန်လာဥဖြူစတဲ့ သစ်သီးဖျော်ရည်တွေက အယ်ကာလီဓာတ်ဖြစ်တဲ့အတွက် အစာအိမ်အက်ဆစ်ကို ကြေပျက်စေပါတယ်။ အရသာကောင်းစေဖို့ ဆားလေးအနည်းငယ်ထည့်ပြီးဖျော်နိုင်ပါတယ်။ ဒါတွေကို ဖျော်မသောက်ချင်ဘူး၊ ဖျော်သောက်ဖို့အဆင်မပြေဘူးဆိုရင် အစိမ်းစားပေးနိုင်ပါတယ်။
5. မတ်မတ်ထိုင်ပါ။ မတ်တပ်ရပ်တဲ့အခါ၊ မတ်မတ်ထိုင်တဲ့အခါမှာ ကမ်ဘာမြေကြီးရဲ့ဆွဲငင်အားကြောင့် အက်ဆစ်တွေက အပေါ်ပြန်မတက်ဘဲ အစာအိမ်ထဲမှာပဲရှိနေအောင်ထိန်းထားပေးပါတယ်။ အစာစားပြီးပြီးချင်းမှာ ခန္ဓာကိုယ်ကိုကိုင်းနေခြင်း၊ လှဲခြင်းစတာတွေမလုပ်ပါနဲ့။
6. ညဘက်တွေမှာ ရင်ပူတတ်တယ်ဆိုရင် မအိပ်မီ ၂-၃ နာရီလောက်ခွာပြီး အစာစားပေးပါ။
7. ခုတင်ခေါင်းရင်းကို ၁၀-၁၅ စင်တီမီတာခန့် မြှင့်တင်ထားပါ။ ခေါင်းရင်းဘက်ကို မြင့်ထားခြင်းဖြင့် အက်ဆစ်တွေကို အပေါ်ပြန်တက်တာကို ကာကွယ်ပေးနိုင်ပါတယ်။
8. ခန္ဓာကိုယ်ဘယ်ဘက်ကိုစောင်းအိပ်ပါ။ အစာအိမ်က ဘယ်ဘက်ခြမ်းမှာရှိတဲ့အတွက် ဘယ်ဘက်ကို စောင်းအိပ်တဲ့အခါမှာ အက်ဆစ်တွေကို အစာအိမ်ထဲမှာပဲ ရှိနေစေပါတယ်။ အက်ဆစ်တွေကိ အစာမြိုပြွန်နဲ့ဝေးရာမှာပဲသွားစုနေစေပါတယ်။
9. အက်ဆစ်ထွက်တာကို လျော့နည်းစေဖို့ အစာကို တစ်ခါတည်းအများကြီးမစားဘဲ နည်းနည်းနဲ့ မကြာခဏစားပေးပါ။
10. ဆေးလိပ်ဖြတ်ပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























