ရာသီဥတုအပြောင်းအလဲနှင့် ဆီးချို
ဆီးချိုဝေဒနာရှင်တွေအနေဖြင့် သွေးတွင်းရှိသကြားဓာတ်ကို ထိန်းချိုပ်ရာမှာ ရာသီဥတုအပြောင်းအလဲ ကလည်း အဓိကအချက်တခုအနေနဲ့ ပါဝင်နေပါတယ်။ အပူအအေးလွန်ကဲမှုက အင်ဆူလင်ထုတ်လုပ်မှုနှုန်းနှင့် အသုံးပြုမှုအပေါ်မှာ သက်ရောက်မှုရှိတာကိုတွေ့ရပါတယ်။ ဒါ့ကြောင့် ရာသီဥတုအနေအထားပေါ်မူတည်ပြီး လိုက်လျောညီထွေမှုရှိစွာ နေထိုင်တတ်စေရန်နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
1. ရေဓာတ်ပြည့်ဝအောင်နေပါ
အပူချိန်မြင့်မားလာတဲ့အခါမှာ အလွယ်တကူ ရေဓာတ်ခမ်းခြောက်နိုင်တာကြောင့် ကျောက်ကပ် ဆီသို့ သွေးစီးဆင်းမှု လျော့နည်း သွားပါတယ်။ သွေးစီးဆင်းမှုလျော့နည်းလာတာနဲ့အမျှ ပိုလျှံနေတဲ့သကြားဓာတ်တွေကို ဆီးမှတဆင့် လုံလောက်စွာ မစွန့်ပစ်နိုင်တာကြောင့် သွေးတွင်းရှိ သကြားဓာတ်ပမာဏမြင့်တက်လာပါတယ်။ ဒါကြောင့် ရာသီဥတုပူနေချိန်တွင် ရေဓာတ်ပြည့်ဝနေစေ ရန် ရေများများသောက်ပေးပါ။ ရေငတ်မှရေသောက် တာမျိုးမလုပ်ပါနှင့်။
2. ဆီးချိုရောဂါထိန်းချုပ်ဆေးတွေကို သေချာစွာထိန်းသိမ်းထားရှိပါ
အပူချိန်ပြင်းလွန်း၊ အေးလွန်းခြင်းက အင်ဆူလင်အပါအဝင်အခြားသော ဆေးဝါးတွေ အာနိသင်ကိုလျော့နည်းစေပါတယ်။ ကားအတွင်းရှိ အပူချိန်ဟာ 150 ဒီဂရီအထိမြင့်တက်နိုင် တာကြောင့် ဆေးဝါးတွေကို ကားထဲမှာထားပြီး မေ့သွားတာမျိုးတွေ မဖြစ်ပါစေနဲ့။
3. တတ်နိုင်သမျှ အပူရှောင်ပါ
ဆီးချိုရောဂါထိန်းချုပ်ရာမှာ လေ့ကျင့်ခန်းပြုလုပ်ခြင်းက အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဆိုပေမယ့် အပူရှိန်ပြင်းလွန်းပါက အိမ်အပြင်ဘက်၊ ပန်းခြံ စတာတွေမှာ လေ့ကျင့်ခန်းပြုလုပ်ခြင်းကိုရှောင်ရှားပါ။ အပူချိန်လျော့ပါးတဲ့ မနက်စောစော ဒါမှမဟုတ် နေဝင်ချိန်မှာ ပြုလုပ်ပါ။ နောက်ထပ် နည်းလမ်းတခုကတော့ လေအေးပေးစက်ရှိတဲ့ အားကစားခန်းမမှာ လေ့ကျင့်ခန်းပြုလုပ်ပါ။
Dr.Htet Htet Aung






























