ရိုးဆစ်ရောင်ရမ်းနာ (RA) ဖြစ်ပွားနှုန်းကို လျော့ချပေးနိုင်မည့် ရိုးရှင်းလွယ်ကူသော နည်းလမ်းများ
ရိုးဆစ်ရောင်ရမ်းနာ လို့ခေါ်တဲ့ Rheumatoid Arthritis (RA) ရောဂါဟာ ခန္ဓာကိုယ်ကခုခံအားစနစ် (Immune System) ပျက်ယွင်းလို့ဖြစ်တဲ့ ရောဂါဖြစ်ပြီး အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပေမယ့် အသက် 40 နဲ့ 60 ကြား အရွယ်တွေမှာ တွေ့ရများပါတယ်။ သက်ကြီးပိုင်း အ၀လွန်အမျိုးသမီးတွေမှာ ရိုးဆစ်ရောင်ရမ်းနာရောဂါဖြစ်ဖို့ အလားအလာများပြီး မျိုးရိုးလိုက်တတ်တဲ့ရောဂါတစ်ခုဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ သုတေသနပြုလုပ်မှုများအရ RA ရောဂါဟာ ဆေးလိပ်သောက်တာနဲ့ အဓိက ဆက်စပ်မှုရှိနေတာကိုလည်း သိရှိရပါတယ်။
RA ရောဂါကို အတိအကျကာကွယ်နိုင်မယ့် နည်းလမ်းတော့ မရှိပါဘူး။ ဒါပေမယ့် ရောဂါဖြစ်ပွားမှုနှုန်း လျော့နည်းအောင်တော့ အတန်အသင့် လုပ်ဆောင်နိုင်ပါတယ်။
1. နို့ချိုတိုက်ကျေွးပါ
ရင်သွေးငယ်များကို နို့ချိုတိုက်ကျေွးခြင်းက အဆစ်အမြစ်ရောင်ရောဂါ (RA) ဖြစ်ပွားနှုန်းကိုလျော့ကျစေ ပါတယ်။ တရုတ်ပြည်မှ အမျိုးသမီး 7000 ကိုသုတေသီများက လေ့လာခဲ့ရာ နို့တိုက်တဲ့အမျိုးသမီးတွေမှာ အဆစ်အမြစ်ရောင်ရောဂါဖြစ်ပွားနှုန်းဟာ နို့မတိုက်တဲ့အမျိုးသမီးတွေနဲ့ယှဉ်ရင် ထက်၀က်ခန့် ကျနေတာကိုတွေ့ရပါတယ်။
2. နေရောင်ခြည်ဓါတ်ခံယူပါ
နေရောင်မှာပါ၀င်တဲ့ ခရမ်းလွန်ရောင်ခြည် B က ဗီတာမင် D ဓါတ်ထုတ်လုပ်မှုကို အားပေးတာကြောင့် အဆစ်အမြစ်ရောင်ရောဂါကို တိုက်ထုတ်ရာမှာ အထောက်အကူပြုပါတယ်။ ဒါပေမယ့် နေရောင်ခြည်ကြောင့်ဖြစ်လာမယ့် အရေပြားကင်ဆာအန္တရာယ်ကိုလည်း သတိပြုသင့်ပါတယ်။
3. ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်သုံးခြင်းကြောင့် အဆစ်အမြစ်ရောင်ရောဂါဖြစ်ပွားနှုန်းကို မြင့်တက်စေရုံသာမက အရိုးနုများကိုပါ ပျက်ဆီးစေပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်သူတွေဟာ အခြားသောသူများထက် ကြွက်သားပိုင်းဆိုင်ရာ နာကျင်ကိုက်ခဲမှုများကို ပိုမိုခံစားရလေ့ရှိပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်တတ်ပါက ဒီနေ့ပင် ဆေးလိပ်ဖြတ်ဖို့ကြိုးစားပါ။
4. ဘီယာအသင့်အတင့်သောက်ပါ
ဘီယာအသင့်အတင့်သောက်သုံးသူတွေဟာ အခြားသောဘီယာမသောက်သူများနှင့်ယှဉ်လျှင် အဆစ်အမြစ်ရောင်ရောဂါ ဖြစ်ပွားနှုန်းနည်းတာကိုတွေ့ရပါတယ်။
5. ၀ိုင်မှီ၀ဲပါ
ဘီယာမသောက်တတ်ဘူးဆိုရင်တော့ ၀ိုင်မှီ၀ဲပေးခြင်းဖြင့်လည်း အဆစ်အမြစ်ရောင်ရောဂါဖြစ် ပွားနှုန်းကို လျော့ချနိုင်ပါတယ်။ British Medical Journal မှ လေ့လာမှုတစ်ခုအရတစ်ပတ်မှာ ၀ိုင် 4 ခွက်နှင့်အထက် သောက်သုံးတဲ့အမျိုးသမီးတွေမှာ အဆစ်အမြစ်ရောင်ရောဂါဖြစ်ပွားနှုန်းက 37% ထိလျော့ကျနေတာကိုတွေ့ရပါတယ်။
6. အိုမီဂါ 3 ပါ၀င်တဲ့ ငါးများများစားပေးပါ
အိုမီဂါ 3 ကရောင်ရမ်းမှုကို သက်သာစေတာကြောင့် အဆစ်အမြစ်ရောင်ေ၀ဒနာရှင်များ အနေဖြင့် အိုမီဂါ 3 ပါ၀င်တဲ့ငါး (ဥပမာ-တူနာငါး၊ ငါးပါးနီ၊ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး) များ စားပေးဖို့ လိုအပ်ပါတယ်။
Dr. Htet Htet Aung (Dr Myanmar)






























