ရိုးရိုး အဖျားလား (သို့) ဆေးခန်းသွားဖို့လိုနေတဲ့ အဖျားလားဆိုတာကို ဘယ်လို ခွဲခြားနိုင်သလဲ?
တစ်ခါတလေမှာ သာမန်အအေးမိ ဖျားနာခြင်းကဲ့သို့ မိမိဘာသာအိမ်မှာ အနားယူနေရုံနဲ့ မပျောက်ဘဲ ဆရာဝန်ပြဖို့လိုတဲ့ အခြေအနေတွေ ရှိတတ်ပါတယ်။ ဒါကြောင့် သာမန်အအေးမိ ဖျားနာတာနဲ့ ပြင်းထန်တဲ့ရောဂါတွေကို ခွဲခြားတတ်ဖို့ အရေးကြီးပါတယ်။ ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူဖို့ လိုအပ်တဲ့ အန္တရာယ်ရှိတဲ့ ရောဂါလက္ခဏာ 6 ချက်ကို သိထားဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။
1. ကိုယ်ပူကြီးခြင်း
အရွယ်ရောက်ပြီးသူတစ်ယောက်မှာ အဖျား 102°F အထက်ရှိတယ်ဆိုရင် အအေးမိတာထက် ပိုပါတယ်။ ဒါကြောင့် ရောဂါအကြောင်းအရင်းကို ရှာဖို့အတွက် ဆေးခန်းသေချာပြရပါမယ်။
2. နေကောင်းလိုက်၊ မကောင်းလိုက် ဖြစ်နေခြင်း
နေမကောင်းဖြစ်လိုက်၊ ပြန်ကောင်းလာလိုက် နောက်တစ်ခါ ပြန်ပြီးနေမကောင်းဖြစ်လိုက် ဖြစ်နေမယ်ဆိုရင်တော့ သာမန်အအေးမိတာကနေ ခုခံအားစနစ် အားနည်းသွားပြီး နောက်ထပ်ပိုဆိုးတဲ့ ရောဂါပိုး ဝင်ရောက်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ခုခံအားစနစ် ခြေကုန်လက်ပန်း ကျသွားချိန်မှာ အခြားရောဂါပိုးက ဝင်ရောက်လာတာ ဖြစ်နိုင်သလို နောက်ထပ် ဗိုင်းရပ်စ်ပိုးအမျိုးအစား အသစ်တစ်ခုနဲ့ ထိတွေ့ပြီး နေမကောင်း ပြန်ဖြစ်တာလည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ရောဂါဆိုးဆိုးရွားရွား မဟုတ်တာ သေချာအောင် ဆေးခန်းသေချာပြပြီး ကုသမှု ခံယူပါ။
3. အလွန်အမင်း ခေါင်းကိုက်ခြင်း
ခေါင်းကိုက်လွန်းအားကြီးပြီး အာရုံစူးစိုက်နိုင်စွမ်းနဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေကိုတောင် ထိခိုက်လာပြီဆိုရင်တော့ ဆရာဝန်ပြဖို့ လိုပါပြီ။ ဦးနှောက်အမြှေးရောင်ရောဂါဟုတ်၊ မဟုတ် ခွဲခြားဖို့ လိုအပ်လို့ပါ။
4. အလွန်အမင်း အားနည်းခြင်း
ပုံမှန်အလုပ်တွေကို မလုပ်နိုင်လောက်အောင်ကို တစ်ကိုယ်လုံး ကိုက်ခဲပြီး အားအရမ်းနည်းနေတယ် ဆိုရင်တော့ ဆေးခန်းပြဖို့ လိုပါပြီ။ ကြွက်သားတွေ နာကျင်ကိုက်ခဲတာနဲ့ ပင်ပန်းနွမ်းနယ်တာက တုပ်ကွေးကြောင့်လည်း ဖြစ်နိုင်ပါတယ်။
5. နာတာရှည်ရောဂါတစ်မျိုးမျိုး ရှိခြင်း
ဆီးချိုရောဂါ၊ သိုင်းရွိုက်အားနည်းသောရောဂါ၊ ကျောက်ကပ်ရောဂါ စတဲ့ရောဂါတွေ ကဲ့သို့သော နာတာရှည်ရောဂါရှိသူတွေမှာ အအေးမိ ဖျားနာရင် ဆရာဝန်ပြဖို့ လိုပါတယ်။ ဥပမာအားဖြင့် ဆီးချိုရောဂါရှိသူတွေမှာ နေမကောင်းတဲ့အခါ သွေးတွင်းသကြားဓာတ် ထိန်းချုပ်ရာမှာ ပြဿနာဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆရာဝန်ဆီ စောစောပြထားခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကာကွယ်နိုင်ပါတယ်။
6. ရင်တုန်ခြင်း၊ နှလုံးခုန်မြန်ခြင်း
အအေးမိ ဖျားနာတာနဲ့အတူ နှလုံးခုန်မြန်ခြင်းကိုပါ ခံစားရတယ်ဆိုရင် ရေဓာတ်ခန်းခြောက်ခြင်း၊ နှလုံးနှင့် နှလုံးအမြှေးပါးများကို ဗိုင်းရပ်စ်ပိုး တိုက်ခိုက်ခြင်းကဲ့သို့သော ပိုပြီးပြင်းထန်တဲ့အခြေအနေတွေ ဖြစ်တတ်ပါတယ်။ အဆုတ်ထဲတွင် သွေးခဲပိတ်ခြင်းကြောင့်လည်း နှလုံးခုန်မြန်တတ်ပါတယ်။
ဆရာဝန်ဆီ သွားပြတဲ့အခါမှာ ကိုယ့်ရဲ့ရောဂါလက္ခဏာတွေကို သေချာမခြွင်းမချန် ပြောပြခြင်း၊ သောက်နေကျဆေးဝါးများ ပြသခြင်းဖြင့် ရောဂါကုသရာမှာ မြန်ဆန်နိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























