ရုတ်တရက်မေ့လဲမသွားခင် ဘာတွေကြုံရနိုင်သလဲ
ရုတ်တရက်မေ့လဲခြင်းဆိုတာ သွေးပေါင်နဲ့ သွေးခုန်နှုန်းကျသွားတဲ့အတွက် ဦးနှောက်မှာ အောက်ဆီဂျင် နဲ့သွေးထောက်ပံ့မှု ရုတ်တရက်ပြတ်တောက်သွားခြင်းကြောင့်ဖြစ်ပါတယ်။ လူကြီးရော၊ ကလေးမှာပါ ဖြစ်ပွားနိုင် ပါတယ်။ ဒါကြောင့် မူးလဲနိုင်တဲ့ရောဂါလက္ခဏာတွေကိုသိပြီး ကြိုတင်ကာကွယ်ထားနိုင်ရင် ထိခိုက်ဒဏ်ရာ ရရှိမှုနဲ့ အရေးပေါ်ဖြစ်စဉ်တွေကို ကာကွယ်တားဆီးနိုင်ပါလိမ့်မယ်။
1. မူးရိပ်ရိပ်ခံစားရခြင်း
လဲလျောင်းနေချိန်မှာ သွေးကခန္ဓာကိုယ်အနှံ့ တူညီစွာပျံ့န့ှံနေပြီး ရုတ်တရက်ထရပ်လိုက်တဲ့ အခါ မြေကြီးရဲ့ဆွဲအားကြောင့် သွေးတွေမြန်မြန်ကျသွားပါတယ်။ မတ်တပ်ရပ်ချိန်မှာ သွေးတွေက ဦးနှောက် ကနေဝေးရာဆီကိုစီးဆင်းသွားပြီး သွေးဖိအားကျဆင်းသွားကာ မူးဝေသွားတတ်ပါတယ်။ မတ်တပ်ရပ်တိုင်းဒီလို မကြာခဏမူးတတ်ရင် မတ်တပ်မရပ်ခင်မှာကြိုပြီး ခန္ဓာကိုယ်အောက်ပိုင်းရှိကြွက်သားတွေဖြစ်တဲ့ ပေါင်၊ ခြေ သလုံး၊ တင်ပါးကြွက်သားတွေကို ညှစ်ပေးပါ။ ဒီလိုညှစ်ပေးတဲ့အခါ သွေးတွေကို ခန္ဓာကိုယ်အပေါ်ပိုင်း ကိုပြန်စီးစေပြီး မတ်တပ်ရပ်ချိန်မှာ သွေးပေါင်ရုတ်တရက်ကျမသွားအောင် ကာကွယ်ပေးပါ တယ်။ နေရောင်ခြည်ထိတွေ့မှုများရင်လည်း မူးဝေတတ်ပါတယ်။
2. အစက်အပြောက်၊ အလင်းတန်းများမြင်ရခြင်း
မူးလဲခါနီးအချိန်မှာဆိုရင် မျက်လုံးက ပထမဆုံးလက္ခဏာကိုစပြီး ခံစားရပါတယ်။ သွေးတွေက အောက်ကို စီးသွားချိန်မှာ မျက်လုံးအိမ်မှာဖိအားများပြီးတော့ သွေးကြောတွေကိုပိသွားခြင်းကြောင့်ဖြစ်ပါတယ်။ မျက်လုံးရှေ့မှာ အစက်အပြောက်တွေ၊ အလင်းတန်းတွေကို တွေ့ရပြီဆိုရင်တော့ လှဲချပါ (သို့) ထိုင်ချပြီး ခေါင်းကို ဒူးခေါင်းနှစ်လုံးကြားငုံ့ထားလိုက်ပါ။ ဒီအနေအထားက ဦးနှောက်ကို သွေးပြန်စီးစေပြီး သတိလစ်သွားချိန် မှာ ခေါင်းနဲ့လည်ပင်းကို မထိခိုက်မိအောင်ကာကွယ်ထားနိုင်ပါတယ်။
3. အသက်ရှူမြန်လာခြင်း
လူအများစုက မေ့မလဲခင်မှာ အသက်ရှူမြန်လာလေ့ရှိကြတယ်။ ဦးနှောက်မှာ အောက်ဆီဂျင်ရရှိမှုနည်း လာတဲ့အတွက် လေပိုရှူနိုင်ဖို့အတွက် အသက်မြန်မြန်ရှူလာပါတယ်။ အသက်ရှူနှုန်းမြန် လာပြီဆိုရင် နေရာတစ်နေရာရှာပြီး လှဲချပါ (သို့) ထိုင်ချပါ။ မျက်လုံးကိုမှိတ်ထားပြီး ဗိုက်ပေါ်လက်တင်ထားပါ။ ထို့နောက် နှာခေါင်းကနေ အသက်ပြင်းပြင်းရှူပြီး ပါးစပ်ကနေပြန်ပြီးလေရှူထုတ်ပါ။ ဝင်ရောက်လာတဲ့အောက် ဆီဂျင်တွေက ခန္ဓာကိုယ်အတွင်းရှိဆဲလ်တွေကို အာဟာရပြည့်စေပြီး ဦးနှောက်ကိုပြန်ကောင်းစေပါလိမ့်မယ်။
4. လက်ဖျားထိပ် (သို့) နှုတ်ခမ်းတွေ တစ်စစ်စစ်နာလာတတ်ပါတယ်
ဦးနှောက်ကို သွေးစီးဆင်းမှုနည်းသွားတဲ့အတွက် သွေးထဲမှာရှိတဲ့ ကယ်ဆီယမ်ဓာတ်လည်း ကျသွားပါတယ်။ ဒီအခါမှာ ခန္ဓာကိုယ်အဖျားပိုင်းတွေ (အထူးသဖြင့် လက်ထိပ်နဲ့ နှုတ်ခမ်းဝန်းကျင်မှာ) ထုံလာခြင်း၊ တစ်စစ်စစ်နာလာခြင်းတွေဖြစ်တတ်ပါတယ်။ ထိုင်မချခင်မှာ အသက်ရှူလမ်းကြောင်း ပွင့်နေစေဖို့နဲ့ သွေးလှည့်ပတ်မှုကောင်းပြီး ဦးနှောက်ကို အောက်ဆီဂျင်နဲ့ သွေးပြန်ရောက်စေဖို့အတွက် သတိရှိနေသေးချိန်မှာ ခါးပတ်၊ ကော်လာနဲ့ အခြားအဝတ်ကြပ်ကြပ်တွေကို ဖြေလျော့ထားပါ။
5. ခန္ဓာကိုယ်တစ်လျှောက်ပူဆင်းသွားပါလိမ့်မယ်။
မူးလဲခါနီးအချိန်မှာ ခန္ဓာကိုယ်တစ်လျှောက်လုံးအပူဖြတ်ဆင်းသွားသလို ခံစားရတတ်ပါတယ်။ ဦးနှောက်မှာ အောက်ဆီဂျင်နဲ့သွေးပြတ်တောက်မှုကို ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် သွေးတွေမြန်မြန် စီးဆင်းရခြင်းကြောင့်ဖြစ်ပါတယ်။ ချေွးအလွန်အမင်းထွက်လာလျှင် အရိပ်တစ်နေရာရှာပြီး ထိုင်ချလိုက်ပါ။ ပြီးရင်ရေအနည်းငယ်သောက်ခြင်းဖြင့် နှလုံးခုန်နှုန်းပုံမှန်ပြန်ဖြစ်စေပါလိမ့်မယ်။
6. အချိန်အကြာကြီးမတ်တပ်ရပ်ခြင်း
မတ်တပ်ရပ်နေချိန်မှာ ဦးနှောက်ကိုသွေးရောက်ဖို့အတွက် နှလုံးကပိုပြီး အလုပ်လုပ်ရပါတယ်။ သွေး အများစုက လက်နဲ့ခြေထောက်တွေကို သွားတာများပြီး အချိန်ကြာလာတာနဲ့အမျှ ဦးနှောက်မှာ စွမ်းအင်တွေဆုံးရှုံးလာပါတယ်။ မတ်တပ်ရပ်နေချိန်မှာ မူးဝေလာရင် တင်ပါးကြွက်သားကိုတောင့်ထားပြီး အပေါ်ပိုင်းကိုသွေးတွေပြန်စီးအောင်တွန်းတင်ပေးပါ။
7. အမြင်အာရုံဝေဝါးလာခြင်း
အမြင်အာရုံဝေဝါးလာခြင်းက သွေးပေါင်ချိန်ကျပြီး မူးလဲနိုင်တဲ့လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ထိုင်စရာရှာပြီး ထိုင်ချပါ (သို့) လှဲချလိုက်ပါ။
8. ပျို့အန်ခြင်း
ပျို့အန်ခြင်းက ကိုယ်ဝန်၊ အစာအဆိပ်သင့်ခြင်း၊ အရက်သောက်လွန်ခြင်း စတဲ့ အခြေအနေ အမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ သတိထားရမှာကတော့ ပျို့အန်ခြင်းနဲ့အတူ အမြင်အာရုံဝေဝါးလာမယ်။ အသက်ရှူတွေမြန်လာမယ်ဆိုရင်တော့ ထိုင်ချ (သို့) လှဲချပြီး အကူအညီချက်ချင်းရှာပါ။ ရေဓာတ် ခန်းခြောက်ခြင်းကြောင့်လည်း ပျို့အန်ခြင်း၊ မူးလဲခြင်းတွေကို ပိုဖြစ်စေပါတယ်။ ဒါကြောင့် ရေများ များသောက်ပြီး နေရောင်ခြည်နဲ့ဝေးတဲ့ အေးမြတဲ့အရိပ်မှာ အနားယူပါ။
9. အသားပြာလာခြင်း
အရေပြားကို သွေးကောင်းကောင်းမရောက်တဲ့အခါ သွေးခုန်နှုန်းအားနည်းပြီး နှေးလာတဲ့အပြင် အသားအရည် ဖြူဖတ်ဖြူလျော် (တစ်ခါတစ်ရံ ပြာ) လာတတ်ပါတယ်။ ထိုင်ချပြီး ခြေထောက်နဲ့ လက်ကြွက်သားတွေကို စက်ဝိုင်းပုံစံပွတ်ပေးခြင်းဖြင့် သွေးလှည့်ပတ်မှုကို ပြန်ကောင်းစေပြီး သွေးပေါင်ချိန် ပုံမှန်ပြန်ဖြစ်စေပါတယ်။
Dr. Mya Myo Myo Swe






























