ရုတ်တရက် အသံဝင်သွားတဲ့အခါ ...
နေရင်းထိုင်ရင်း အသံမထွက်တော့တာမျိုး ကြုံဖူးပါသလား။ ရုတ်တရက်ကြီး အော်မရ ပြုမရ မနက်မိုးလင်းတဲ့အခါ အသံပျောက်သွားတာမျိုး ကြုံဖူးကြမလားမသိ။
အသံဝင်တာ၊ အသံပျောက်သွားတာဟာ အသံအိုးနဲ့ အသံကြိုးတွေ ရောင်ရမ်းလာတာ၊ ရောဂါပိုး ဝင်တာ၊ ဘေးတစ်သျှူးတွေ ဖောင်းကြွလာတာတွေကြောင့် ဖြစ်တတ်ပါတယ်။
>> ရုတ်တရက် အသံဝင် အသံပျောက်တာ ဘာလို့ပါလိမ့်။
အသံအိုးတွေ ပုံမှန်တုန်ခါမှု၊ အသံထုတ်လွှတ်မှု မလုပ်နိုင်တော့တဲ့ အကြောင်းရင်းတွေကို ဖော်ပြလိုက်ပါတယ်။
● ချောင်းဆိုးတာ၊ သလိပ်ကပ်တာ၊ ထိပ်ကပ်နာ၊ အအေးပတ်တာတွေကြောင့် ဖြစ်တတ်ပါတယ်။
● ရာသီအလိုက် ဖြစ်တတ်တဲ့ ဓာတ်မတည့်တာတွေကြောင့်ပါ။ လည်ပင်းနဲ့ အသံအိုး ရောင်ရမ်းလာတာ ဖြစ်စေပါတယ်။
● နာရီပေါင်းများစွာ အော်ပြီး စာသင်ပြီးတဲ့အခါ အသံပျောက်သွားတတ်ပါတယ်။
● အကျယ်ကြီး အော်ပြီးတဲ့အခါ အသံပျောက်လေ့ ရှိပါတယ်။
အသံပျောက်တဲ့အခါ အနည်းဆုံး သုံးရက်ကနေ နှစ်ပတ်အထိ ကြာတတ်ပါတယ်။ အရေးတကြီး စိတ်ပူစရာမလိုဘဲ သူ့အလိုလို ပြန်ကောင်းသွားတတ်ပါတယ်။
နှစ်ပတ်ကျော်လို့ အသံပြန်ထွက်မလာရင် ကင်ဆာနဲ့ တခြား ပြင်းထန်လည်ချောင်းရောဂါတွေ ဖြစ်နေတတ်တာမို့ ဆရာဝန် ချက်ချင်းပြသ တိုင်ပင်ဖို့ လိုပါတယ်။
>> အသံဝင်၊ အသံသြ၊ အသံပျက်တဲ့အခါ ...
● အနားယူပါ။
● တိတ်ဆိတ်တဲ့နေရာမှာ အနားယူပါ။
● ရေများများ သောက်ပါ။
● ရေနွေးနဲ့ ပလုတ်ကျင်းပါ။
● ပါရာစီတမောလို သောက်ဆေး သောက်ပါ။ အရောင်ကျဆေး သောက်ပါ။
မကြာခဏ အသံပြောင်း၊ အသံဝင်တတ်တဲ့လူတွေမှာ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုကို ပြသတိုင်ပင်ဖို့ အထူးလိုအပ်နေပါတယ်။ နှစ်ပတ်ကနေ တစ်လအတွင်း ကြာနေတဲ့ အသံပျောက်တဲ့ရောဂါဆိုရင် မြန်မကြာ ပြသလိုက်ပါတော့လို့ အကြံပြုပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























