ရေကို သောက်သင့်သလောက်လုံလောက်စွာမသောက်ရင် ဘာတွေခံစားရနိုင်ပါသလဲ
အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ် ၅၀% ပါဝင်ပြီးတော့ အမျိုးသားတွေရဲ့ခန္ဓာကိုယ်မှာ ၆၀% ပါဝင်ပါတယ်။ ကျွနု်ပ်တို့ခန္ဓာကိုယ်ရဲ့ လုပ်ငန်းတော်တော်များများက ရေအပေါ်မှာတည်မှီနေပါတယ်။ နေ့စဉ် ဆီးမှ၊ ချေွးမှနဲ့ အသက်ရှူရာကနေတဆင့် ရေဓာတ်တွေဆုံးရှုံးသွားရပါတယ်။ ဒီဆုံးရှုံးသွားတဲ့ရေတွေအတွက် အစားထိုးပြန်လည်သောက်သုံးမှုမရှိပါက ခန္ဓာကိုယ်က ဒီဒဏ်တွေကို စတင်ခံစားရပါလိမ့်မယ်။
>> ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်ဖို့
ခန္ဓာကိုယ်မှရေဓာတ် ၁%ဆုံးရှုံးတဲ့အခါမှာ ရေဆာလာတာကို စပြီးခံစားရပါတယ်။ ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာတွေကတော့ ခံတွင်းနှင့် အာခေါင်များခြောက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ဆီးမထွက်ခြင်း (သို့) ဆီးရောင်ရင့်ခြင်း၊ မျက်ရည်မထွက်ခြင်း၊ မျက်တွင်းချိုင့်ခြင်း စတာတွေအပြင် သွေးပေါင်ကျခြင်းနဲ့ အရေပြားတင်းအားလျော့နည်းခြင်းတွေပါဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင်သယ်ယူပို့ဆောင်ရာမှာလည်း ရေကိုအသုံးပြုပါတယ်။ ရေလုံလောက်စွာ မရရှိပါက တစ်သျှူးတွေဆီကို သွေးစီးဆင်းမှုလျော့နည်းစေနိုင်ပါတယ်။ ရေဓာတ်အလွန်အမင်းခမ်းခြောက်ရင် သွေးလန့်ခြင်း (ရှော့ခ်)၊ သတိလစ်မေ့မျောခြင်း (ကိုမာဝင်ခြင်း)၊နဲ့ နောက်ဆုံးမှာ အသက်ဆုံးရှုံးသည်အထိဖြစ်နိုင်ပါတယ်။
>> ကြွက်သားနဲ့ အဆစ်တွေသန်မာဖို့နဲ့ ခန္ဓာကိုယ်အပူချိန်ကိုထိန်းသိမ်းထားနိုင်ဖို့အတွက်လည်းရေဓာတ်လိုအပ်ပါတယ်။
ခန္ဓာကိုယ်မှရေဓာတ် ၅%ဆုံးရှုံးပါက ကြွက်သားတွေရဲ့ သန်မာမှုနဲ့ ခံနိုင်ရည်အားတွေကို စပြီးထိခိုက်လာပါတယ်။ ရေက အဆစ်တွေအတွက် ချောဆီအဖြစ်ဆောင်ရွက်ပေးပြီး လှုပ်ရှားမှုတွေကို ချောမွေ့စေကာ အဆစ်များ တောင့်တင်းခြင်းကနေကာကွယ်ပေးပါတယ်။ ရေက ကြွက်သားတွေကြုံ့ဖို့အတွက် သတင်းပို့တဲ့နေရာမှာလည်း မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်တဲ့အပြင် ကြွက်သားတွေဆီကို အောက်ဆီဂျင်ပို့ဆောင်တဲ့နေရာမှာလည်း ပါဝင်ပါတယ်။ အထူးသဖြင့် ပူနွေးတဲ့ရာသီဥတုတွေမှာ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ကြွက်သားတွေကောင်းကောင်း အလုပ်လုပ်ဖို့အတွက် ရေလုံလောက်စွာ သောက်သုံးဖို့လိုအပ်ပါတယ်။ ရေကြောင့်ချေွးထွက်ကောင်းစေပြီး ချေွးတွေအငွေ့ပျံမှသာ ကျွနု်ပ်တို့ခန္ဓာကိုယ်အပူချိန်ကို ပုံမှန်အတိုင်းထိန်းထားနိုင်မှာဖြစ်ပါတယ။်
>> ကိုယ်ခံအားကောင်းဖို့လဲ ရေလိုအပ်ပါတယ်
အပြင်က ဘက်တီးရီးယားပိုးတွေနဲ့ အခြားအရာဝတၴုတွေမဝင်လာစေဖို့ ပါးစပ်တွေ၊ မျက်လုံးတွေက အမြဲစွတ်စိုနေရပါတယ်။ ဒီနေရာမှာရှိတဲ့ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို ရေကဆေးကြောပေးပါတယ်။ ဆီးထဲမှာရေအများဆုံးပါဝင်ပြီး ကျွန်ုပ်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့အညစ်အကြေးတွေကို ဆီးကနေတစ်ဆင့်စွန့်ထုတ်ပါတယ်။ ရေလုံလောက်စွာမရရှိပါက ဆီးမထွက်တော့ဘဲ ခန္ဓာကိုယ်ထဲမှာ အညစ်အကြေးတွေစုပုံလာကာ ရောဂါရစေပါတယ်။
>> အညစ်အကြေးတွေကိုစွန့်ထုတ်ဖို့ လိုအပ်တဲ့ရေ
ကျွနု်ပ်တို့ရဲ့အစာအိမ်နဲ့အူလမ်းကြောင်းထဲမှာရှိတဲ့အစာတွေကိုချေဖျက်ဖို့လည်း ရေကိုလိုအပ်ပါတယ်။ အစာက အူမကြီးကနေဖြတ်သွားတဲ့အခါမှာ မစင်ဖြစ်ဖို့အတွက်ရေလိုပါတယ်။ ဒါကြောင့် ရေလုံလောက်စွာမသောက်ခြင်းက ဝမ်းချုပ်ရတဲ့အဖြစ်များဆုံးအကြောင်းအရင်းဖြစ်ပါတယ်။ ဝမ်းချုပ်ရာကနေ လိပ်ခေါင်းနဲ့ စအိုမှသွေးထွက်ခြင်းစတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဆက်လက်ဖြစ်ပွားနိုင်တဲ့အန္တရာယ်ရှိပါတယ်။
ဒါ့ကြောင့် နေ့စဉ် ရေ 2 လီတာ ပုံမှန်သောက်သုံးပေးဖို့ အကြံပြုချင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























