ရေယုန်
ရေယုန်ဆိုတာက အများအားဖြင့် ခန္ဓာကိုယ်ရဲ့တစ်ခြမ်းထဲမှာ ပေါက်တတ်ပြီးတော့ နာလည်း နာပါတယ်။
>> လက္ခဏာများ
● ပထမဆုံး လက္ခဏာအနေနဲ့ မျက်နှာ (သို့) ကိုယ်လုံးပေါ်မှာ တစ်နေရာရာမှာ ပူစပ်ပူလောင်နဲ့ နာကျင်မှုကို ခံစားရမယ်။ ဒီအချိန်မှာဆိုရင် နေမကောင်းသလို၊ ဖျားချင်သလို ဖြစ်နေတတ်ပါတယ်။
● သုံးလေးရက်လောက် ကြာတဲ့အခါမှာတော့ ဒီနေရာတွေမှာ အနီစက်လေးတွေ၊ အဖုလေးတွေ ပေါ်လာပါတယ်။
● အနီဖုလေးတွေ အစုလိုက်ေ ပါက်ရာကနေပြီးတော့ အရည်ကြည်ဖုတွေ ဖြစ်လာတယ်။
● ဒီအရည်ကြည်တွေကမှ နည်းနည်းနောက်လာပြီးတော့ ပေါက်ထွက်သွားနိုင်ပါတယ်။
● ၅ ရက်လောက် ကြာပြီးတဲ့အခါမှာတော့ နောက်ထပ်အရည်ကြည်ဖုတွေ ထပ်မပေါက်တော့ပေမယ့်လည်း ပေါက်ပြီးသားနေရာက အရေပြား အနာပြန်ကျက်ပြီးတော့ ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ကတော့ ၅ ပတ်လောက် ကြာပါတယ်။
● ဒီအဖုအစက်တွေက အရမ်း နာပါတယ်။ နည်းနည်းလေး ထိမိရင်တောင်မှ အရမ်းကို နာပါတယ်။
>> ရေယုန်ပေါက်စေသော အကြောင်းအရင်းများ
ရေယုန်ပေါက်စေတဲ့ ဗိုင်းရပ်စ်ပိုးက ရေကျောက်ဗိုင်းရပ်စ်ပိုးနဲ့ အတူတူပါပဲ။ ရေကျောက်ပေါက်ပြီး ပြန်ကောင်းတဲ့နောက်မှာလည်း ဗိုင်းရပ်စ်ပိုးကတော့ ခန္ဓာကိုယ်ထဲက အာရုံကြောတွေထဲမှာ တိတ်တိတ်လေး ကျန်နေပါတယ်။ ဒီလိုနဲ့ နှစ်တွေအတော်ကြာတော့မှ ရေကျောက် ပေါက်ဖူးတဲ့လူတွေထဲက 10-20% လောက်မှာ ဒီဗိုင်းရပ်စ်ပိုးက ပြန်ထကြွလာပါတယ်။ ပြန်ထကြွလာတဲ့အချိန်မှာတော့ ဗိုင်းရပ်စ်ပိုးတွေက ပွားများပြီးတော့ သူနေတဲ့ အာရုံကြောတွေ တစ်လျှောက်ကနေပြီးတော့ ဒီအာရုံကြောက ထောက်ပံ့ပေးတဲ့ အရေပြားနေရာမှာ ရေယုန် ပေါက်စေပါတယ်။
>> ရေယုန် ဘယ်လိုစပေါက်နိုင်သလဲ?
ရေယုန်က ကူးစက်တတ်ပါတယ်။ အရင်က ရေကျောက် ပေါက်ဖူးတဲ့သူတွေမှာပဲ ရေယုန် ပေါက်နိုင်ပါတယ်။ ကိုယ်ခံအားကျတဲ့အခါမှာ ဒီဗိုင်းရပ်စ်ပိုး ပြန်လည်ထကြွပြီးတော့ ရေယုန် ပေါက်စေနိုင်ပါတယ်။
>> ရေယုန်ပေါက်နိုင်ချေများသော အချက်များ
အသက်ကြီးလာရင် အထူးသဖြင့် အသက် ၅၀ ကျော်လာတဲ့အခါ၊ ကင်ဆာ စတဲ့ ပြင်းထန်တဲ့ရောဂါတွေ ရှိတဲ့သူတွေ၊ ကိုယ်ခံအားနည်းတဲ့သူတွေမှာ ရေယုန်ပေါက်နိုင်ချေ ပိုများပါတယ်။ ဥပမာ - AIDS ရောဂါရှင်တွေ၊ ကိုယ်အင်္ဂါ အစားထိုးပြီးနောက် ခုခံအားကိုကျစေတဲ့ဆေးတွေ သောက်နေရသူတွေ၊ ကင်ဆာရောဂါအတွက် ဆေးသွင်းကုသခြင်း (သို့) ဓာတ်ကင်နေရသူတွေမှာ ပုံမှန်လူတွေထက် ရေယုန်ပေါက်နိုင်ချေ ပိုများပါတယ်။ ကိုယ်ခံအား အရမ်းကျပြီးတော့ ကိုယ်ခံအားစနစ် ပျက်စီးနေတဲ့သူတွေမှာတော့ ရေယုန်က အရမ်းပြင်းထန်ပြီးတော့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။
>> ကုထုံးများ
အဖုတွေ စပေါ်လာပြီး ၃ ရက်အတွင်းမှာ ဗိုင်းရပ်စ် ပိုးသတ်ဆေးတွေကို သုံးမယ်ဆိုရင် အကောင်းဆုံးပါပဲ။ ဒီဆေးတွေက ရေယုန်ပေါက်တာကို ရပ်မသွားစေနိုင်ပေမယ့် ပိုမဆိုးအောင် ကာကွယ်ပေးပြီးတော့ မြန်မြန်ပျောက်စေနိုင်ပါတယ်။ ပြီးတော့ ရေယုန်ပျောက်ပြီးသွားရင် ဆက်နာတာကို လျော့စေပါတယ်။ ဒါကြောင့် ရေယုန်ပေါက်နေပြီဆိုတာကို သိတာနဲ့ ဆရာဝန်နဲ့ မြန်မြန်သွားပြပြီးတော့ ကုသမှုခံယူပါ။
အနာသက်သာစေတဲ့ လိမ်းဆေးတွေလည်း လိမ်းလို့ရသလို အရည်ကြည်ဖုတွေ ပေါက်ထွက်ပြီးတော့ ရောဂါပိုးဝင်ရင်တော့ ပိုးသတ်ဆေး လိမ်းဖို့လိုပါတယ်။ အနာသက်သာစေဖို့ အကိုက်အခဲ ပျောက်ဆေးတွေ သောက်ဖို့ လိုပါတယ်။ ယားယံတာကို သက်သာစေဖို့အတွက်တော့ ရေအေးဝတ် ကပ်ပေးတာ၊ aluminium acetate လိုးရှင်းလိမ်းပေးတာတွေ လုပ်ပါ။ အဖုကို မကုတ်ရင် အမာရွတ်မထင်အောင် ကာကွယ်နိုင်ပါတယ်။
>> နောက်ဆက်တွဲဆိုးကျိုးများ
ကိုယ်ခံအားလည်းကောင်းတဲ့ ငယ်ရွယ်တဲ့သူတွေမှာ ရေယုန်ပေါက်ရင်တော့ ဘာဆိုးကျိုးမှမရှိဘဲနဲ့ ပြန်ကောင်းနိုင်ပါတယ်။ အသက် ၅၀ ကျော်တွေမှာ ပေါက်ရင်တော့ 50% လောက်က ရေယုန်ပေါက်ပြီးနောက်မှာလည်း အာရုံကြောတွေ ဆက်နာနေတတ်ပါတယ်။
● ရေယုန်ပေါက်ပြီးနောက် အာရုံကြောများ နာကျန်ရစ်ခြင်း - ဒါက အရမ်းကို နာကျင်ပြီးတော့ တစ်ခါတလေမှာဆိုရင် နာလွန်းလို့ ပုံမှန်အလုပ်တွေတောင် မလုပ်နိုင်တော့လောက်အောင် ခံစားရတဲ့အတွက် ကိုယ်အလေးချိန်တွေကျ၊ စိတ်ဓာတ်တွေကျတာတွေကို ခံစားရပါတယ်။ ဒါက အဖုတွေပျောက်သွားပြီးနောက်မှာ စဖြစ်ပြီးတော့ ရက်သတ္တပတ်ကနေပြီးတော့ လ၊ နှစ်တွေအထိ ကြာမြင့်နိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေ သောက်ရင် သက်သာနိုင်ပါတယ်။ တခြားဆရာဝန် ညွှန်ကြားတာတွလည်း လိုက်နာဖို့ လိုပါတယ်။
● အမြင်အာရုံ - ရေယုန်ကြောင့် မျက်လုံးကို ထိရင်တော့ ထိတဲ့မျက်လုံးမှာ ယာယီ (သို့) ထာဝရ အမြင်အာရုံ ဆုံးရှုံးသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် မျက်လုံးကို ထိပြီဆိုရင်တော့ မျက်စိအထူးကုနဲ့ ပြသဖို့ အရေးကြီးပါတယ်။
● အကြားအာရုံ - တစ်ခါတလေမှာ ရေယုန်ကြောင့် နားကိုထိပြီးတော့ အကြားအာရုံကို ပျက်စီးစေနိုင်ပါတယ်။
● ကိုယ်တွင်းအင်္ဂါများကို ပျံ့နှံ့ခြင်း - ပြင်းထန်တဲ့ရောဂါရှိသူတွေ၊ ကိုယ်ခံအား အရမ်းနည်းတဲ့သူတွေမှာ ဗိုင်းရပ်စ်ပိုးက အဆုတ် စတဲ့ ကိုယ်တွင်းအင်္ဂါတွေကို ပျံ့နှံ့သွားတတ်ပါတယ်။ ဒီဆိုးကျိုးကတော့ ပြင်းထန်ပြီးတော့ တစ်ခါတလေဆိုရင် အသက်အန္တရာယ်ကိုတောင်မှ စိုးရိမ်ရပါတယ်။
>> ကာကွယ်ခြင်း
အသက်ကြီးတဲ့သူတွေမှာတော့ ကာကွယ်ဆေး ထိုးထားသင့်ပါတယ်။ Zostavax ဆိုတဲ့ ကာကွယ်ဆေးက အသက် ၅၀ ကျော်တွေ ထိုးလို့ရပြီးတော့ ရေယုန်နဲ့ သူ့ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်ပေးပါတယ်။ လုံးဝမဖြစ်နိုင်ဘူးလို့တော့ အာမ,မခံနိုင်ပေမယ့်လည်း ဖြစ်နိုင်ချေကိုတော့ လျော့ကျစေပါတယ်။ ဒီကာကွယ်ဆေးက ၁၀ နှစ်လောက်အထိ အာနိသင်ရှိပြီးတော့ ရေယုန် ပေါက်ပြီးသားသူတွေအတွက် မဟုတ်ပါဘူး။
အသက် ၉-၁၂ လအထက် ကလေး၊ လူကြီးတွေအတွက်တော့ ရေကျောက်ရောဂါ ကာကွယ်ဆေး ရှိပါတယ်။ တစ်ခါမှ မထိုးရသေးဘူးဆိုရင် (ရေကျောက် မပေါက်ဖူးရင် ဒီကာကွယ်ဆေး ထိုးသင့်ပါတယ်။) ကာကွယ်ဆေးက လုံးဝမပေါက်စေရဘူးလို့ 100% အာမ,မခံနိုင်ပေမယ့် ပိုမဆိုးအောင်တော့ ကာကွယ်ပေးနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























