ရေယုန် ခဏခဏပေါက်လို့ စိတ်ညစ်နေလား
နှုတ်ခမ်းနားမှာ နာကျင်ပြီး အရေကြည်ဖုလေးတွေ ပေါက်ပြီဆို ရေယုန်ဖြစ်မှန်း အများစု သိကြပါလိမ့်မယ်။ အနာကြောင့် အလှပျက်တဲ့အပြင် နာလွန်းလို့ အစာမစားနိုင်သည်အထိတောင် ပြင်းထန်တတ်ပါတယ်။
ရေယုန်ဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံချိန်၊ အရေပြားချင်း ထိတွေ့ချိန်တွေမှာ ကူးစက်တတ်ပါတယ်။ ရေယုန်တွေ ဖြစ်နေချိန်မှာ အများဆုံးကူးတတ်ပေမယ့် လက္ခဏာမပေါ်နေတဲ့အချိန်တွေမှာလည်း ကူးတတ်ပါတယ်။
ရေယုန်အနာနဲ့ တိုက်ရိုက်ထိတွေ့မိရင်၊ ဒါမှမဟုတ် အရေပြားမှာ ပွန်းပဲ့ပြတ်ရှဒဏ်ရာတွေရှိရင် ကူးစက်နိုင်ချေ ပိုများပါတယ်။ ပိုးရှိသူရဲ့သွားရည်နဲ့ ထိတွေ့ရင်၊ ဒါမှမဟုတ် ရေခွက်မျှသောက်မိရင်၊ နမ်းရင်လည်း ကူးစက်နိုင်ပါတယ်။
ပိုးကူးစက်ပြီ ဆိုတာနဲ့ အရေပြားအပေါ်လွှာမှာ စပြီးပွားပါတယ်။ ဒီအခါမှာ အရေပြားဆဲလ်တွေ သေပြီး အာရုံကြောအမျှင်လေးတွေထဲ ပိုးက ဝင်သွားပါတယ်။
Herpes ဗိုင်းရပ်စ်ဟာ တစ်ခါ ကူးစက်ပြီးသွားရင် ခန္ဓာကိုယ်ထဲကနေ မထွက်သွားတော့ဘဲ တစ်သက်လုံး နေပါတော့တယ်။ ပထမတစ်ခါ ကူးစက်ပြီးသွားရင် ထပ်ခါထပ်ခါ ဖြစ်နိုင်ချေ ရှိပါတယ်။ အထူးသဖြင့် ကိုယ်ခံအားကျနေတဲ့လူတွေ ဥပမာ - HIV ရောဂါရှိသူ၊ ကင်ဆာဆေးသွင်း ကုသမှုခံနေရသူတွေပါ။
>> ရောဂါလက္ခဏာတွေ
အရေပြားမှာ အရည်ကြည်ဖုတွေ၊ အနာတွေ နှုတ်ခမ်းတစ်ဝိုက်တို့၊ လိင်အဂ်ါတစ်ဝိုက်တို့မှာ ဖြစ်တတ်ပါတယ်။ အဖြစ်အများဆုံးကတော့ နှုတ်ခမ်းမှာဖြစ်ပြီး လိင်အင်္ဂါမှာ ဖြစ်တာကတော့ ဒုတိယ လိုက်ပါတယ်။
>> ဘယ်လိုကုသရမလဲ?
ပျောက်ကင်းအောင် ကုသနိုင်တဲ့ဆေးတော့ မရှိပါဘူး။ ပိုးကူးစက်ခံထားရသူ ကိုယ်ထဲမှာ နှစ်ပေါင်းများစွာ နေလေ့ရှိပါတယ်။ ဗိုင်းရပ်စ်ဆေးတွေကတော့ ရောဂါလက္ခဏာ သက်သာဖို့၊ ပိုးပွားတာ၊ သူများကို ကူးစက်တာ သက်သာစေဖို့အတွက် ဖြစ်ပါတယ်။
Dr. Htar (www.drmyanmar.com)






























