/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ရေယုန်-ဘာကြောင့်ဖြစ်

ရေယုန် ဘာကြောင့်ဖြစ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          လူအတော်များများမှာ ရေယုန်ဆိုတာကြီး ပေါက်ဖူးမှာပေါ့။ ရေယုန်ပေါက်ရင် သိပ်စိတ်ညစ်ဖို့ ကောင်းတာပါပဲနော်။ တဆစ်ဆစ်နဲ့ နာနေပြီး နေရထိုင်ရ ခက်တတ်တာပေါ့။ လူတိုင်းနဲ့မစိမ်းတဲ့ ရေယုန်အကြောင်း ဂဃဏနသိရအောင် ပြောပြပေးပါ့မယ်။

          ရေယုန်ဆိုတာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ အနီကွက်ထ ရောဂါတစ်မျိုးပါပဲ။

          ဆေးပညာအခေါ် Herpes zoster လို့ခေါ်တဲ့ ဗိုင်းရပ်စ်ရောဂါဟာ ကိုယ်တစ်ခြမ်းမှာ နာပြီး အရည်ကြည်ဖုထတဲ့ အနီကွက်တွေအနေနဲ့ ပေါ်တတ်ပါတယ်။ ကလေးတွေမှာ ဖြစ်လေ့ရှိတဲ့ ရေကျောက်ပေါက်စေတဲ့ ဗိုင်းရပ်စ်ပိုးနဲ့ တူတူပါပဲနော်။

          အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနရဲ့ လေ့လာမှုတစ်ခုအရ အမေရိကန်လူမျိုး ၃ ပုံ ၁ ပုံလောက်ဟာ ရေယုန်ပေါက်ဖူးကြပါသတဲ့။ တစ်နှစ်ကိုဆို အမေရိကန် ၁ သန်းလောက်မှာ ပေါက်တတ်တာပေါ့။ များသောအားဖြင့် သက်ကြီးရွယ်အိုတွေမှာ ပေါက်လေ့ရှိပါတယ်။

          အနီကွက်တွေက ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ပျောက်သွားတတ်ပေမယ့် နာတာ၊ ကျင်တာကတော့ လနဲ့ချီ၊ တစ်ခါတလေ နှစ်နဲ့ချီကြာတတ်ပါတယ်။ သိပ်တော့ မကြောက်သွားပါနဲ့။ အခုဆို ရေယုန်ကို ကာကွယ်ဆေးတွေ ပေါ်နေပြီဖြစ်သလို ရေယုန်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို လျှော့ချနိုင်ဖို့ ကုသမှုတွေလည်း ရှိနေပြီဆိုတာ သတင်းကောင်းလေး ပြောကြလိုက်ပါတယ်နော်။

 

>>    ရေယုန်ရဲ့ ရောဂါလက္ခဏာတွေကတော့ -

          ရေယုန်ရဲ့လက္ခဏာတွေဟာ ခန္ဓာကိုယ်တစ်ခြမ်း၊ မျက်နှာတစ်ခြမ်းမှာ ပေါ်တာ များပါတယ်။ ပြီးတော့ တစ်ခြမ်းလုံးထက်စာရင် သူ ပေါက်လေ့ရှိတဲ့နေရာတွေမှာသာ ပေါက်တတ်ပါတယ်။

●        အရည်ကြည်ဖုတွေထနေတဲ့ အနီကွက်တွေ ပေါ်လာတတ်ပါတယ်။ ခန္ဓာကိုယ်တစ်ခြမ်းမှာ အကြောင်းလိုက်ပေါ်လာတာ များပါတယ်။

●        တဆစ်ဆစ်၊ ယားကျိကျိ၊ ပူလောင်လောင် ဖြစ်နေတတ်ပါတယ်။ တချို့တွေမှာဆို အနီကွက်တွေ အရည်ကြည်ဖုတွေ မထခင်ကတည်းက ဒီလက္ခဏာတွေကို တွေ့ရတတ်ပါတယ်။

●        အရေပြားက အထိမခံ နာနေတတ်ပါတယ်။

          ဒါ့အပြင် ဖျားတာ၊ ခေါင်းကိုက်တာ၊ ချမ်းတုန်တာ၊ ဗိုက်အောင့်တာ စတဲ့လက္ခဏာတွေနဲ့လည်း တွဲနေတတ်ပါသေးတယ်။

          အရည်ကြည်ဖုဟာ ၇ ရက်ကနေ ၁၀ ရက်မြောက်နေ့မှာ အနာဖေးတက်လာပြီး အနီကွက်ကတော့ ၂ ပတ်ကနေ ၄ ပတ်အတွင်းမှာ ပျောက်သွားတတ်ပါတယ်။

          ဖြစ်ရင်လည်း ကိုယ်တစ်ခြမ်းမှာသာ ဖြစ်တတ်ပါတယ်။

 

>>    ရေယုန် ဘာကြောင့်ပေါက်?

          ရေယုန်ဟာ Varicella zoster ဆိုတဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး ရေကျောက်ဖြစ်စေတဲ့ပိုးနဲ့ အတူတူပါပဲတဲ့။ ရေကျောက်ပေါက်ပြီးသူ တစ်ယောက်မှာ ဒီဗိုင်းရပ်စ်ပိုးဟာ အာရုံကြောတစ်သျှူးတွေထဲ ပုန်းအောင်းကျန်နေခဲ့ပြီး နှစ်ပေါင်းများစွာကြာတဲ့အခါ ရေယုန်အဖြစ်နဲ့ ပြန်ပေါ်လာတတ်ပါတယ်။

 

>>    ရေယုန် ဘယ်လိုကူး?

          ရေယုန်ဟာ လူတစ်ယောက်ကနေ တစ်ယောက်ကို မကူးစက်နိုင်ပေမယ့် ရေကျောက်မပေါက်ဖူးသေးသူ၊ ရေကျောက်ကာကွယ်ဆေး မထိုးဖူးသေးသူတစ်ယောက်မှာတော့ ရေယုန်ပိုး Varicella zooster ကူးစက်ပြီး ရေကျောက် ပေါက်စေနိုင်ပါတယ်။ ရေယုန်ဟာ ရေကျောက်လောက် ကူးစက်မလွယ်ပါဘူး။ အထူးသဖြင့် အနီကွက်ကို သေချာဖုံးအုပ်ထားမယ်ဆိုရင် ကူးစက်ဖို့ ခဲယဉ်းပါတယ်။

 

>>    ရေယုန်ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများ

          ရေကျောက်ပေါက်ဖူးသူတိုင်းမှာ တစ်ချိန်ချိန်မှာ ရေယုန်ပေါက်နိုင်ပါတယ်။ တချို့အကြောင်းရင်းတွေက ရေယုန်ပေါက်နိုင်ခြေကို ပိုများစေနိုင်ပါတယ်။

●        အသက်ကြီးခြင်း : ရေယုန်ပေါက်နိုင်ခြေဟာ အသက်နဲ့အမျှလိုက်ပြီး များလာပါတယ်။ တစ်ဝက်လောက်က အသက် ၆၀ ကျော်သူတွေမှာ ဖြစ်တတ်ကြောင်းလည်း သိရပါတယ်။

●        ကိုယ်ခံအားကျခြင်း : အိတ်ချ်အိုင်ဗီပိုး၊ ကင်ဆာ၊ ကင်ဆာကုထုံး စသဖြင့် ကိုယ်ခံအားကျစေတဲ့ ရောဂါတွေ၊ အခြေအနေတွေကြောင့် ရေယုန်ပေါက်နိုင်ခြေ ပိုများလာပါတယ်။ ကိုယ်ခံအားကို နှိမ့်ချပေးတဲ့ဆေးတွေကလည်း ရေယုန် ပေါက်စေနိုင်ပါသေးတယ်။

 

>>    ရေယုန်ဖြစ်မှန်း ဘယ်လိုသိ?

          ဆရာဝန်တွေဟာ ကိုယ်တစ်ခြမ်းမှာ နာနေပြီးတော့ ရေယုန်အနီကွက်တွေ၊ အရည်ကြည်ဖုတွေကိုမြင်ရငိ ရေယုန်မှန်း သိကြပါတယ်။ သေချာစစ်ဆေးကြည့်ချင်ရင် တစ်သျှူးအသားစ ဒါမှမဟုတ် အရည်ကို ဓာတ်ခွဲခန်းမှာ စစ်ဆေးကြည့်နိုင်ပါတယ်။

 

>>    ကုသမှုတွေက -

          ရေယုန်ကို ကုသပေးနိုင်တဲ့ ကုထုံးတော့မရှိသေးပါဘူး။ ဒါပေမဲ့ ရေယုန်လက္ခဏာတွေ သိပ်မဆိုးအောင်၊ ရေယုန်ဖြစ်ချိန် တိုအောင်လုပ်ပေးနိုင်တဲ့ ဗိုင်းရပ်စ်သေဆေးတွေတော့ ရှိပါတယ်နော်။ အနီကွက်တွေ၊ အရည်ကြည်ဖုတွေထပြီး ၃ ရက်အတွင်းတော့ သောက်ဖို့လိုပါတယ်။ ဒါကြောင့်လည်း ရေကျောက်လို့ထင်ရင် ဆရာဝန်နဲ့ အမြန်ဆုံးသွားပြပါ။

 

>>    နောက်ဆက်တွဲတွေက -

          ရေယုန်ပေါက်သူ ၁၀ ကနေ ၁၃ ရာခိုင်နှုန်းလောက်မှာ ရေယုန်အပြီး အာရုံကြောရောင်ခြင်းဆိုတဲ့ အခြေအနေတစ်မျိုး ဖြစ်လာတတ်ပါတယ်။ ရေယုန်ပေါက်ခဲ့တဲ့နေရာ တောက်လျှောက်မှာ အာရုံကြောတွေ ပျက်စီးတဲ့အတွက်ကြောင့် ဆိုးဆိုးရွားရွား အကြာကြီး နာကျန်ခဲ့တတ်ပါတယ်။

          လပိုင်းလောက်အတွင်းမှာ ပျောက်သွားတတ်ပေမယ့် တစ်ခါတလေ နှစ်ပိုင်းတောင် ကြာတတ်ပါတယ်။ နာလွန်းလို့ နေ့စဉ်လှုပ်ရှားမှုတွေကိုပါ ထိခိုက်လာတတ်ပြီး စိတ်ဓာတ်ကျတာ၊ စိတ်ပူပန်တာ၊ အိပ်မပျော်တာ၊ ကိုယ်အလေးချိန်ကျတာတွေ ဖြစ်လာတတ်ပါတယ်။ စတီးရွိုက်၊ အကိုက်အခဲပျောက်ဆေး၊ စိတ်ကျရောဂါပျောက်ဆေးတွေ၊ အတက်ရောဂါပျောက်ဆေးတွေက ဒီအခြေအနေကို သက်သာအောင် ကူညီပေးနိုင်ပါတယ်။

          မျက်လုံးပါသွားရင်တော့ အမြင်အာရုံ ဆုံးရှုံးသည်အထိ နောက်ဆက်တွဲတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မျက်နှာမှာ ရေယုန်ပေါက်ပြီဆိုတာနဲ့ ဆရာဝန်နဲ့ ချက်ချင်းပြကြည့်ပါ။ နားကို ထိသွားရင်လည်း အကြားအာရုံနဲ့ ဟန်ချက်ထိန်းနိုင်စွမ်းတွေ ကျဆင်းသွားတတ်ပါတယ်။ ရှားရှားပါးပါး ရေယုန်ကြောင့် အဆုတ်ရောင်၊ ဦးနှောက်ရောင်နဲ့ အသက်သေဆုံးတဲ့အထိတောင် ဖြစ်နိုင်ပါသေးတယ်။

 

>>    ဘယ်လိုကာကွယ်ကြမလဲ?

          ရေယုန်နဲ့ နောက်ဆက်တွဲတွေကို ကာကွယ်ဖို့ ကာကွယ်ဆေးတွေ ရှိပါတယ်နော်။

          အသက် ၅၀ နဲ့အထက် ကျန်းမာတဲ့လူကြီးတွေမှာ ကာကွယ်ဆေးကို နှစ်ကြိမ် ထိုးပေးရပါမယ်။  ပထမတစ်လုံးထိုးပြီး ၆ လအကြာမှာ ဒုတိယတစ်လုံး ထိုးရပါမယ်။ ၂ ကြိမ် ထိုးပြီးရင်တော့ ရေယုန်နဲ့နောက်ဆက်တွဲတွေကို ၉၀% လောက် ကာကွယ်နိုင်သွားပါပြီ။

Dr. Mya Phoo Ngon (www.drmyanmar.com)