ရောင်ရမ်းခြင်းကို သက်သာစေဖို့အတွက် လွယ်ကူသောနည်းလမ်း (9) သွယ်
ရောင်ရမ်းခြင်းက နှလုံးရောဂါ၊ ကင်ဆာ၊ ဆီးချို၊ အဆစ်ရောင်ခြင်း၊ အစာချေခြင်းဆိုင်ရာပြဿနာများ စတာတွေနဲ့ အဝလွန်ခြင်း၊ စိတ်ကျခြင်း၊ သတိမေ့ခြင်းနဲ့ အရွယ်မတိုင်ခင် အိုမင်းခြင်းစတဲ့ နာတာရှည်ရောဂါတွေ အားလုံးနီးပါးရဲ့ ရင်းမြစ်ပဲ ဖြစ်ပါတယ်။
ရောင်ရမ်းခြင်းက ကြာရှည်လာတဲ့အခါမှာ အောက်ပါတို့ကို ခံစားရစေပါတယ်။
● နှလုံးသွေးကြောတွေထဲမှာ ကိုလက်စရောတွေ အနယ်ကျလာစေပြီး နှလုံးတိုက်ခိုက်ခံရခြင်း (သို့) လေဖြတ်ခြင်းကို ဖြစ်စေပါတယ်။
● အယ်ဇိုင်းမားရောဂါ ခံစားနေရတဲ့သူတွေရဲ့ ဦးနှောက်ထဲက အာရုံကြောဆဲလ်တွေကို ဖျက်ဆီးပစ်တယ်။
● ပုံမမှန်တဲ့ဆဲလ်တွေ ပွားခြင်းကို များစေပြီး ကင်ဆာအဖြစ် ပြောင်းလဲသွားစေပါတယ်။
ရောင်ရမ်းခြင်းကို အဓိကပြဿနာအဖြစ် ဖြစ်စေတဲ့အပေါ်မှာ ခေတ်သစ်လူနေမှုပုံစံကလည်း အလွန်ကို အရေးပါ,ပါတယ်။ ဒီအချက်အချို့ကတော့ -
● ကျန်းမာရေးနှင့် မညီညွတ်သော စားသောက်မှုပုံစံ - သကြား၊ အရမ်းဖြူအောင်ဖွတ်ထားသောဂျုံများ၊ အသင့်စားအစားအစာ၊ အသွင်ပြောင်းဆီ၊ အနီရောင်အသား၊ နို့ထွက်ပစ္စည်းများ၊ အရက် စတဲ့ အစားအစာများ စားသုံးခြင်း။
● လေ့ကျင့်ခန်းမလုပ်ခြင်း
● စိတ်ဖိစီးမှု
● ဗိုင်းရပ်စ်၊ မှို၊ ကပ်ပါးပိုးနှင့် ဘက်တီးရီးယားပိုးများ နာတာရှည် ဝင်ရောက်ခြင်း
● ကျွနု်ပ်တို့စားသော အစားအစာများတွင် ဓာတ်မတည့်စေသောအရာများ ပါဝင်ခြင်း (သို့) ပတ်ဝန်းကျင်မှ ဓာတ်မတည့်ခြင်း ဖြစ်စေသောပစ္စည်းများ
● ပိုးသတ်ဆေး၊ အစားအစာတွင် ပါဝင်သောဆိုးဆေးများ၊ ကြာရှည်ခံပစ္စည်းများနှင့် ပြဒါးစသော အဆိပ်နှင့် ဓာတုပစ္စည်းများ
ရောင်ရမ်းခြင်းကို သက်သာစေသော နည်းလမ်း (9) သွယ်
1. အကြောင်းအရင်းကို သိအောင်လုပ်ခြင်း
ပထမဆုံး အကြံပြုချင်တဲ့ အချက်ကတော့ ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းကို ဖော်ထုတ်ပြီး ရောင်ရမ်းခြင်းကို တိုက်ဖျက်နိုင်တဲ့ နေထိုင်မှုပုံစံကို ကျင့်သုံးဖို့ပဲ ဖြစ်ပါတယ်။ အဓိကနေထိုင်မှုပုံစံကို ပြောင်းလဲပစ်ဖို့ ခက်ခဲပေမယ့်လည်း တစ်ကြိမ်ကို တစ်ဆင့်လောက် ပြောင်းလဲမယ်ဆိုရင် အရမ်းဝန်မပိစေနိုင်ပါဘူး။ ရောင်ရမ်းခြင်းကို တိုက်ဖျက်နိုင်တဲ့ လူနေမှုပုံစံက ကျန်းမာရေးကို တိုးတက်စေပြီး စွမ်းအင်ကို မြှင့်တင်ပေးကာ အနာကျက် မြန်စေနိုင်ပါတယ်။
ကိုယ့်ရဲ့နေ့စဉ်အပြုအမူတွေကို ဂရုမစိုက်ခဲ့ဘူးဆိုရင် အခုကစပြီး ဂရုစိုက်ကြည့်ပါ။ တစ်နေ့တာ လုပ်ငန်းစဉ်တွေဖြစ်တဲ့ တစ်ည ဘယ်လောက်အိပ်တယ်၊ သကြား၊ အဆီနဲ့ အသားဓာတ်တွေ အများကြီး စားမိလား၊ ရေ လုံလောက်စွာ သောက်ရဲ့လား၊ ကဖင်းပါတဲ့ အချိုရည်တွေ၊ ဆိုဒါတွေ သောက်မိနေလား၊ ဘယ်လောက်လှုပ်ရှားမှုရှိလဲ စတာတွေကို အကုန်လုံးကို သတိထားကြည့်ပါ။ စိတ်ဖိစီးမှုနဲ့ ဆေးလေိပ်ငွေ့၊ ညစ်ညမ်းမှု၊ အစားအစာပေါ်က ပိုးသတ်ဆေး စတဲ့ ပတ်ဝန်းကျင်က အဆိပ်တွေနဲ့ ထိတွေ့မှုအားလုံးက ရောင်ရမ်းခြင်းကို ဖြစ်စေပါတယ်။
2. အစားအစာ
နောက်တစ်ချက်ကတော့ မိမိစားတဲ့ အစားအစာကို သေချာစောင့်ကြည့်ဖို့ ဖြစ်ပါတယ်။ ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့ အဓိကအချက်တွေအနက်က တစ်ခုကတော့ ရောင်ရမ်းခြင်းကို တိုက်ဖျက်နိုင်တဲ့ အစားအစာတွေ စားသုံးခြင်း ဖြစ်ပါတယ်။ အဓိက,ကတော့ လတ်ဆတ်ပြီး ပြုပြင်ထားခြင်းမရှိတဲ့ အစားအစာတွေ စားဖို့ပါ။ အရောင်ပါတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ကိုက်လန်၊ ဟင်းနုနွယ်စတဲ့ အစိမ်းရင့်ရောင်အရွက်တွေ၊ ခရမ်းရောင်၊ အနီရောင်၊ လိမေ္မာ်ရောင်တောက်တောက်နဲ့ အဝါရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ စားပါ။
ရောင်ရမ်းခြင်းကို တိုက်ဖျက်တဲ့ အစားအစာပုံစံမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီတွေကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းက ပါဝင်ပါတယ်။ အုန်းဆီ၊ သံလွင်ဆီ၊ အခွံမာသီးနဲ့ အစေ့အဆံ့များ စတာတွေ ပါဝင်ပါတယ်။ ကျန်းမာစေတဲ့ Omega-3 အဆီ၊ ပဲအမျိုးမျိုး ကဲ့သို့သော အပင်ကရရှိတဲ့ အသားဓာတ်တွေက ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ ဂျုံ၊ သကြား စတာတွေနဲ့ ပြုလုပ်ထားသော အစားအစာများ အထူးသဖြင့် ထုတ်ပြီးသား အသင့်စား အစားအစာတွေက ရောင်ရမ်းခြင်းကို အားပေးတဲ့အတွက် နည်းနည်းပဲ စားပါ။ အသင့်စားအစားအစာတွေ အမြန်စာတွေကို တတ်နိုင်သမျှ ရှောင်ပါ။ အချိုခဲနဲ့ fructose ပါဝင်မှုများတဲ့ အချိုရည်တွေက ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်ပမာဏ များစေပြီး ရောင်ရမ်းခြင်းကို အားပေးပါတယ်။
ဒါကြောင့် ကိုယ်တိုင်ချက်ပြုတ် စားသောက်တယ်ဆိုရင် ဆားနဲ့ သကြားတွေ လျှော့ထည့်ပါ။ ဒီအစား အရသာဖြည့်ပေးတဲ့ ချင်း၊ နနွင်းစတဲ့ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို အသုံးပြုပါ။
3. လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း
နေ့စဉ် ပုံမှန်လုပ်နေကျ အလုပ်ထဲမှာ ကိုယ်လက်လှုပ်ရှားမှု အနည်းဆုံးမိနစ် 30 လောက်လုပ်ဖို့ ထည့်သွင်းထားပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းက ရောင်ရမ်းခြင်းကို လျော့ကျစေပြီး ကိုယ်ခံအား ကောင်းစေသလို နှလုံးသွေးကြောဆိုင်ရာ အကျိုးကျေးဇူးများ၊ စိတ်ခံစားမှု ကောင်းစေခြင်း၊ စိတ်ဖိစီးမှု လျော့ကျစေခြင်း စတာတွေအပြင် အလုပ်ရှုပ်တဲ့နေ့တွေမှာ စွမ်းအင်တွေ တိုးပွားစေပါတယ်။ ဒါပေမဲ့လည်း အလွန်အကျွံ လုပ်လွန်းခြင်းကလည်း ရောင်ရမ်းခြင်းကို တိုးပွားစေတဲ့အတွက် အရမ်းလည်း အလွန်အကျွံ မလုပ်ပါနဲ့။ တစ်နေ့ကို ခြေလှမ်း ၁၀၀၀၀ လျှောက်ခြင်းက အစပြုဖို့ အကောင်းဆုံးအဆင့်ပဲ ဖြစ်ပါတယ်။
4. အချို့သောဆေးဝါးများကို ရှောင်ကြဉ်ပါ။
အကိုက်အခဲပျောက်ဆေး၊ အက်ဆစ်ချေဖျက်ဆေး၊ ပိုးသတ်ဆေးတွေက အူအတွင်းမှာ ပြောင်းလဲခြင်းတွေ ဖြစ်စေတဲ့အတွက် တတ်နိုင်သလောက် ရှောင်ပါ။ အူအတွင်းမှာ မကောင်တဲ့ ဘက်တီးရီးယားပိုးပမာဏက အကျိုးပြု ဘက်တီးရီးယားပိုးပမာဏကို ကျော်လွန်သွားပါက ရောင်ရမ်းခြင်းးကို ဖြစ်စေပြီး အူနံရံတွေကို အားနည်းစေကာ အူနံရံ ယိုစိမ့်ခြင်းကို ဖြစ်စေပါတယ်။ ပြီးတော့ အဆိပ် ဖြစ်စေတဲ့အရာတွေ ထွက်လာစေကာ ကိုယ်ခံအားစနစ် တုံ့ပြန်မှုကို လှုံ့ဆော်ပြီး ရောင်ရမ်းခြင်း ခံစားရစေပါတယ်။
5. အိပ်ရေးဝဝအိပ်ပါ။
သုတေသနတွေအရ တစ်ညကို နာရီနည်းနည်းပဲအိပ်ပြီး အိပ်ရေးမဝခြင်းက ရောင်ရမ်းခြင်းကို အလွန်အကျွံ ဖြစ်စေပါတယ်။ တစ်ညကို အနည်းဆုံး 7 နာရီလောက်အိပ်ဖို့ သတ်မှတ်ထားပါ။ အိပ်ပျော်ဖို့ ခက်ခဲနေပါက အပြောင်းအလဲအချို့လုပ်ဖို့ လိုကောင်းလိုနိုင်ပါတယ်။ အိပ်ရာမဝင်မီ အနည်းဆုံး တစ်နာရီလောက်အလိုမှာ လျှပ်စစ်ပစ္စည်းတွေကို ကြည့်ခြင်းမှ ရှောင်ပါ။ ဒီပစ္စည်းတွေကို ခွာဖို့ဆိုတာ ခက်ခဲမှန်း သိပေမယ့်လည်း ဒါတွေကို အိပ်ခန်းထဲ ယူဆောင်လာတာက ရောင်ရမ်းခြင်းတွေကိုပဲ ဖြစ်စေနိုင်ပါတယ်။ ဖုန်း၊ တီဗွီစတဲ့ လျှပ်စစ်ပစ္စည်းတွေကထွက်တဲ့ အလင်းရောင်က ခန္ဓာကိုယ်ရဲ့ဇီဝနာရီကို ကပြောင်းကပြန်ဖြစ်စေပြီး အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ အလင်းတွေကိုပိတ်ဖို့ လိုက်ကာထူထူ (သို့) မျက်လုံးကာ သုံးနိုင်ပါတယ်။ ဒါမှ အိပ်မပျော်သေးဘူးဆိုရင် အိပ်ရာမဝင်မီ ရေနွေးနဲ့ ရေချိုးခြင်း၊ chamomile လက်ဖက်ရည်သောက်ခြင်း၊ အကြောလျှော့ လေ့ကျင့်ခန်းလုပ်ခြင်း စတာတွေကို ပြုလုပ်ကြည့်ပါ။
6. အဆိပ်ဖြစ်စေသောအရာများနှင့် ထိတွေ့ခြင်းကို လျှော့ချပါ။
ကိုယ်ခံအားစနစ်ကို ပတ်ဝန်းကျင်မှ အဆိပ်များစတဲ့ ပြင်ပအရာဝတၳုတွေနဲ့ ထိတွေ့တဲ့အခါမှာ ရောင်ရမ်းခြင်းဖြစ်စေပြီး တုံ့ပြန်လိုက်ပါတယ်။ ဆေးလိပ်ငွေ့စတဲ့ အဆိပ်ဓာတ်တွေ၊ သန့်ရှင်းရေးပစ္စည်း၊ လေသန့်စင်ဆေးတွေက ထွက်တဲ့ ဓာတုပစ္စည်းတွေနဲ့ တတ်နိုင်သမျှ ရှောင်ရှားပြီး ခန္ဓာကိုယ်ကို ပြန်လည်သန့်စင်ပါ။ ဒီအစား သဘာဝ အိမ်သန့်ရှင်းရေးပစ္စည်းတွေ၊ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ သုံးပါ။ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးသုံးခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ ရေမွှေး၊ လိမ်းဆေး၊ ဆံပင်ဆိုးဆေး၊ မျက်နှာသန့်စင်ဆေးရည်စတဲ့ အလှကုန်ပစ္စည်းတွေမှာ ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့အရာတွေ ပါဝင်တဲ့အတွက် တတ်နိုင်သမျှ သဘာဝပစ္စည်းတွေကိုပဲ အသုံးပြုပါ။
7. စိတ်ဖိစီးမှုများကို လျှော့ချခြင်း
စိတ်ဖိစီးမှု လျှော့ချခြင်းက ရောင်ရမ်းခြင်းကို လျော့ကျစေဖို့အတွက် အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဖိစီးမှုကင်းစင်တဲ့စိတ်က ကိုယ်ခန္ဓာ ကျန်းမာစေမှာပါ။ တရားထိုင်ခြင်းက ကိုယ်ရောစိတ်ပါ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်တဲ့ သိပ္ပံနည်းကျနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် တရားထိုင်ခြင်းက ရောင်ရမ်းခြင်း ဖြစ်စေတဲ့အရာတွေကို လျော့ကျစေပါတယ်။ တစ်နေ့ကို 5-10 မိနစ်လောက် တရားထိုင်ခြင်းကတောင်မှ အကျိုးကျေးဇူး များစေပါတယ်။ ပုံမှန်နှိပ်နယ်ပေးခြင်းကလည်း အထောက်အကူပြုပါတယ်။ 45 မိနစ်ခန့် နှိပ်နယ်ပေးခြင်းက ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ cytokines ဓာတ်ကို လျော့ကျစေတယ်လို့ တွေ့ရှိရပါတယ်။
စိတ်ဖိစီးမှုကို လျော့ကျစေဖို့အတွက် အခြားနည်းလမ်းတွေကတော့ -
● မိမိကို စိတ်ဖိစီးမှု ဖြစ်စေတဲ့ အကြောင်းအရာတွေနဲ့ ဒီအရာတွေက ဘယ်လိုခံစားရစေတယ် ဆိုတာကို တစ်နေ့ကို 10-15 မိနစ်ခန့် ရေးချပါ။
● စိတ်ဖိစီးမှု ဖြစ်စေတဲ့အရာတွေကို မိတ်ဆွေ၊ မိသားစုဝင် (သို့) နှစ်သိမ့်ဆွေးနွေးပေးသူနဲ့ စကားပြောခြင်း
● ဥယျာဉ်စိုက်ပျိုးခြင်း၊ သိုးမွေးထိုးခြင်း၊ သီချင်းနားထောင်ခြင်း စသော ဝါသနာများ
● အိမ်မွေးတိရစၧာန်များနှင့် ဆော့ကစားခြင်း
● ကြွက်သားများ ဖြေလျှော့ခြင်း
● စိတ်ဖိစီးမှုများတဲ့ အခြေအနေတစ်ခုခုကို ရင်ဆိုင်နေရပြီဆိုရင် ခဏနားပြီး စိတ်အပန်းပြေစေတဲ့ ဂီတကို နားထောင်လိုက်ပါ။
● ရယ်မောပါ။ ရယ်မောခြင်းက စိတ်ခံစားချက်ကို ကောင်းစေတဲ့ endorphins ဆိုတဲ့ ဟော်မုန်း ထွက်လာစေပြီး cortisol နဲ့ adrenalin ဆိုတဲ့ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းပမာဏကို လျော့ကျစေပါတယ်။
● စိတ်ဖိစီးမှုတွေ ဖြစ်လာပြီဆိုရင် အခန်း၊ အိမ်ပတ်လည်မှာ လမ်းလျှောက်လိုက်ပါ။
8. နေရောင်ခြည် ပိုမိုရရှိပါစေ။
နေရောင်ခြည်နဲ့ ထိတွေ့မှုများလွန်းခြင်းက ကျွနု်ပ်တို့ အရေပြားအတွက် မကောင်းတဲ့အပြင် ကင်ဆာကိုတောင်မှ ဖြစ်စေနိုင်တယ်ဆိုတာကို အားလုံး သိကြပြီးသားပါ။ ပြဿနာက လူအများအပြားက နေရောင်နဲ့ထိတွေ့မှုကို ကြောက်ရွှံ့နေကြပြီး ဒါက အန္တရာယ်လည်း များပါတယ်။ ဗီတာမင် D ထုတ်လုပ်ဖို့အတွက် ခန္ဓာကိုယ်က နေရောင်ခြည်ကို လိုအပ်ပြီး ဒါက ကိုယ်ခံအားစနစ်အတွက် မရှိမဖြစ် အရေးပါ,ပါတယ်။ ဒီနေရောင်ခြည်ကရတဲ့ ဗီတာမင်ကို လုံလောက်စွာ မရတဲ့အခါမှာ ကိုယ်ခံအားစနစ်ကို အားနည်းစေပြီး နာတာရှည်ရောင်ရမ်းခြင်းကို တိုက်ဖျက်တဲ့အရာတွေကို ဖယ်ရှားလိုက်ပါတယ်။ ဗီတာမင် D က ခုခံအားအတွက် မရှိမဖြစ် အရေးပါတဲ့အတွက် ဗီတာမင် D ချို့တဲ့ခြင်း ဖြစ်စေတဲ့အရာတွေဖြစ်တဲ့ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေ၊ မှိုတွေကို တိုက်ထုတ်နိုင်စွမ်း နည်းသွားစေပါတယ်။ ဒီရောဂါ ဖြစ်စေတဲ့အရာတွေက ရောင်ရမ်းခြင်း ဖြစ်စေတဲ့အခါမှာတော့ ဗီတာမင် D က ပြန်လည်ပြီး ပုံမှန်ပြန်ရောက်အောင် မလုပ်နိုင်တော့ပါဘူး။ နာတာရှည် တဖြည်းဖြည်းချင်းစနစ်တွေ ရောင်ရမ်းနေတဲ့ လက္ခဏာတွေကတော့ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း၊ ရောဂါပိုးဝင်လွယ်ခြင်း၊ အက်ဆစ် ပြန်ကန်တက်ခြင်း၊ ဝက်ခြံ ကဲ့သို့သော အရေပြားပြဿနာများ၊ အဆစ်ရောင်ခြင်း၊ သွေးတိုး၊ နှလုံးရောဂါ၊ ဆီးချို၊ နာတာရှည် နာကျင်ကိုက်ခဲခြင်းနဲ့ အခြားအခြေအနေများ ဖြစ်ကြပါတယ်။
တစ်နေ့ကို နေရောင်ခြည်နဲ့ ၁၅-၂၀ မိနစ်ခန့် ထိတွေ့ပါ။ အိမ်အပြင်ဘက်မှာ လေ့ကျင့်ခန်းလုပ်ခြင်းက တစ်မျိုးတည်းနဲ့ အကျိုးကျေးဇူး ၂ ခု ခံစားရစေပါတယ်။ နေပဲပူပူ၊ တိမ်ပဲထူထူ အပြင်မှာနေသရွေ့က ရာသီဥတုကနေရတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာပါ။
9. ကိုယ့်အတွက်ကိုယ် အချိ်န်ပိုပေးပါ။
သူများတွေအတွက်ပဲ ဂရုစိုက်မနေဘဲ ကိုယ့်အတွက်လည်းကိုယ် အချိန်ပေးပါ။ နေ့တိုင်းနေ့တိုင်းမှာ ကိုယ့်ဆီက စီးဆင်းသွားဖို့ မဟုတ်ဘဲ ကိုယ့်ကိုယ်ကို ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် အချိန်ပေးပါ။ ကိုယ့်ကိုယ်ကို အပြစ်တင်နေဖို့ အချိန်မဟုတ်ပါဘူး။ မိမိကိုယ်ကို ပြေလျော့စေဖို့ အာရုံစုစည်းပြီး အားအင် ပြန်လည်ပြည့်ဝစေဖို့အတွက် ဖြစ်ပါတယ်။ ဒီလိုမျိုးလုပ်ခြင်းဖြင့် စူးစိုက်မှု၊ တာဝန်ယူနိုင်မှုနဲ့ ပျော်ရွှင်မှုတွေကို ပိုပြီးတိုးပွားစေပါတယ်။ လွတ်လွတ်လပ်လပ်နဲ့ အေးအေးဆေးဆေး တစ်ယောက်တည်း နေရတဲ့အချိန်က လူတိုင်းအတွက် အဖိုးမဖြတ်နိုင်ပါဘူး။ အချိန်ပို 15 မိနစ်၊ နာရီဝက်၊ တစ်နေ့ခင်း (သို့) တစ်နေ့လုံး ရတယ်ဆိုရင် ကိုယ့်ကိုယ်ကို ပြန်လည်အားဖြည့်ဖို့အတွက် အသုံးချပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























