လက်ကိုင်ပဝါနဲ့ တစ်ရှူး ဘယ်ဟာ ပိုပြီးသန့်ရှင်းသလဲ
သင်ဟာ တစ်ရှူးကို အသုံးပြုသူ ဆိုပါစို့။ နှာရည်ညစ်လိုက်မယ်။ တစ်ရှူးထဲ ပိုးမွှားတွေ ရောက်သွားမယ်။ ပြီးတော့ အမှိုက်ပုံးထဲပစ်။ ပိုးတွေပါသွား။ သင်က လက်ဆေးလိုက်။ ကဲ ... ဘယ်လောက်သန့်ပြီး ဘယ်လောက်အဆင်ပြေလဲ။ တကယ်ပဲ အဲလိုလား။
ကဲပါ။ လက်ကိုင်ပဝါကို အစားထိုး စဉ်းစားကြည့်။ လက်ကိုင်ပဝါနဲ့ နှာရည်သုတ်လိုက်။ ပိုးတွေက လက်ကိုင်ပဝါထဲရောက်။ အိတ်ထဲပြန်ထည့်။ နောက်တစ်ခေါက် သုံးရင် စိုနေတဲ့နေရာကို ပြန်ကိုင်မိ၊ လက်ထဲ ပိုးတွေ ပြန်ရောက်၊ အိုး ရွံ့စရာကြီးပေါ့။ ဒါပေမဲ့ တကယ်ပဲ အဲလိုလား။
နောက်တစ်ဖက်က စဉ်းစားကြည့်ရအောင်။ တစ်ရှူးတော့ သုံးပါရဲ့။ ပစ်ရမယ့် နေရာမရှိ၊ ဒါမှမဟုတ် အလုပ်တစ်ခုခု လုပ်နေလို့ ထမပစ်ချင်လို့ အိတ်ထဲ သိမ်းထားမိတာမျိုး၊ စားပွဲပေါ် တင်ထားမိတာမျိုး ဖြစ်ခဲ့ရင် ပိုးမွှားတွေ ပိုပြီး ပျံ့နှံ့သွားနိုင်ပါတယ်။ ဒါမှမဟုတ် မေ့ပြီး ပြန်သုံးမိရင်ရော။ တစ်ရှူးက မသန့်တော့ဘူး မဟုတ်လား။
ကဲ ... သင်က လက်ကိုင်ပဝါ သုံးတယ် ဆိုပါတော့။ တစ်ခုထဲ မဟုတ်ဘူး။ များများဆောင်ထားတယ်။ သုံးပြီးတဲ့ အခါ စိုနေတာကို အတွင်းဘက်ထားပြီး ခေါက်လိုက်မယ်။ ခြောက်သွေ့တဲ့ မျက်နှာပြင်ကို အပြင်မှာ ထားပြီး အိတ်ထဲ ပြန်ထည့်မယ်။ ပိုးတွေက အထဲမှာ ပိတ်မိနေမယ်။ နောက်တစ်ခေါက် သုံးရင် ခြောက်သွေ့တဲ့ နေရာကို သုံးမယ်။ မရတော့ရင် အသစ်ကို သုံးမယ်။ အိမ်ရောက်တဲ့အခါမှာ လက်ကိုင်ပဝါတွေကို လျှော်ဖွပ်ပြီး မီးဖိုထိုးလိုက်။ ကဲ ... လက်ကိုင်ပဝါက ပိုသန့်သလိုပဲမလား။
တကယ်တော့ မေးတဲ့ မေးခွန်းမှားနေတာပါ။ ဘယ်ဟာက ပိုသန့်ရှင်းလဲ မဟုတ်ဘဲ သန့်သန့်ရှင်းရှင်းဖြစ်အောင် ဘယ်လိုအသုံးပြုရမလဲ ဆိုတာပါ။
မှန်မှန်ကန်ကန် အသုံးပြုနိုင်ရင် နှစ်ခုလုံးက အဆင်ပြေပေမယ့် သင်အသုံးပြုပြီး စွန့်ပစ်တဲ့နည်းလမ်း မှားနေရင်တော့ နှစ်ခုလုံးက ရောဂါပိုးတွေကို ဖြန့်ဖြူးစေပါလိမ့်မယ်။
Dr. Htar (www.drmyanmar.com)






























