လက်ကို ဘယ်အချိန်ဆေးမလဲ၊ ဘယ်လိုဆေးမလဲ
လက်တွေဟာ ရောဂါပိုးအများအပြားခိုကပ်စရာ နေရာတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် လက်မှ တဆင့် ရောဂါပိုးတွေ တစ်ဦးကနေတစ်ဦး မကူးစက်ရအောင် လက်တွေကို ဆပ်ပြာနဲ့စင်ကြယ်စွာဆေးဖို့ အင်မတန် အရေးကြီးပါတယ်။
♦ ဘယ်အချိန် ဆေးမလဲ?
1. အစားအသောက် မချက်ပြုတ်မီ ၊ ချက်ပြုတ်စဉ်နှင့် ချက်ပြုတ်ပြီးတိုင်း
2. အစာမစားမီနှင့် စားပြီးတိုင်း
3. လူနာမေးသွားသည့်အခါ လူနာနှင့် မထိတွေ့မီနှင့် ထိတွေ့ပြီးတိုင်း
4. အနာများကို မကိုင်မီနှင့် ကိုင်ပြီးတိုင်း
5. အိမ်သာ၀င်ပြီးတိုင်း
6. ကလေးငယ်များ၏ သေးခံ (သို့) အညစ်အကြေးများကို ကိုင်ပြီးတိုင်း
7. လက်ကိုအသုံးပြု၍ နှပ်ညှစ်၊ နှာချေ၊၊ ချောင်းဆိုးပြီးတိုင်း
8. တိရစာၦန်များနှင့် ထိတွေ့ပြီးတိုင်း (သို့) တိရစာၦန်များအတွက် အစားအစာများကို ကိုင်တွယ်ပြီးတိုင်း (သို့) တိရစာၦန်များ၏ အညစ်အကြေးများကို ကိုင်တွယ်စွန့်ပစ်ပြီးတိုင်း
9. အမှိုက်များကို ကိုင်တွယ်ရှင်းလင်းပြီးတိုင်း (သို့) အမှိုက်သွန်ပြီးတိုင်း
♦ ဘယ်လို ဆေးမလဲ?
လက်နှစ်ဖက်လုံးကို ဆပ်ပြာနှင့်သေချာပြောင်စင်အောင် ဆေးကြောဖို့အတွက် အနည်းဆုံး စက္ကန့် 20 လိုအပ်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ Happy Birthday သီချင်း နှစ်ခေါက်ဆိုစာ ဆိုပြီး မှတ်သားထားကြပါတယ်။ တကယ်လို့ ရေနဲ့ဆပ်ပြာ အလွယ်တကူမရနိုင်တဲ့နေရာတွေကို ရောက်နေတယ် ဆိုရင်တော့ အရက်ပြန် 60 % အနည်းဆုံးပါတဲ့ လက်ဆေးဆပ်ပြာရည်ကို အသုံးပြုဖို့ လိုအပ်ပါတယ်။
0. လက်ကို ရေအရင်စွတ်ပါ။
1. လက်နှစ်ဖက်လုံး ဆေးကြောဖို့ လိုအပ်မယ့် ဆပ်ပြာပမာဏကို လက်ဖဝါးထဲ ထည့်ပါ။
2. ဆပ်ပြာနှင့် လက်ဖဝါးနှစ်ဖက်ကို အရင်ပွတ်ပါ။
3. ဘယ်ဘက်လက်ဖမိုးပေါ် ညာဘက်လက်ဖဝါးဖြင့် ပွတ်ပါ။ လက်ချောင်းကြားလေးတွေပါမကျန်အောင် ပွတ်တိုက်ပါ။ ထို့နောက် ညာဘက်လက်ဖမိုးပေါ် ဘယ်ဘက်လက်ဖဝါးဖြင့် ပွတ်ပါ။
4. ဘယ်ညာလက်ချောင်းလေးများယှက်ပြီး လက်ဖဝါးအချင်းချင်း ပွတ်တိုက်ပါ။
5. လက်ဖမိုးဘက်ခြမ်းရှိ လက်ချောင်းလေးများ၏ မျက်နှာပြင်ကို တစ်ဖက် လက်ဖဝါးနှင့် ပွတ်တိုက်ပါ။
6. လက်မတစ်ဖက်စီကို တစ်ဖက်လက်ဖဝါးဖြင့် ဆုပ်ကိုင်ပြီး စက်၀ိုင်းပုံသဏဏ္႑ာန်ရစ်ပတ်ပြီး ပွတ်တိုက်ပါ။
7. လက်ချောင်းထိပ်လေးများကို အခြားလက်တစ်ဖက်ရှိ လက်ဖဝါးပေါ်တွင် စက်၀ိုင်းပုံသဏဏ္႑ာန်ရစ်ပတ်ပြီး ပွတ်တိုက်ပါ။
8. လက်နှစ်ဖက်လုံးကို ရေစင်စင်ဆေးပါ။
9. တစ်ခါသုံးတစ်ရှူးစက္ကူနှင့် လက်များကို ခြောက်သွေ့သည်အထိ သုတ်ပါ။
10. အ၀တ်စ (သို့) တစ်ရှူးကိုသုံး၍ ရေဘုံဘိုင်ခေါင်းကို ပိတ်ပါ။
11. အခုဆိုရင် လက်နှစ်ဖက်လုံး သေချာ သန့်စင်သွားပါပြီ။
Dr. MW (Dr Myanmar)































