/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လက်ချောင်းလေးတွေ-ရောင်ရတဲ့-အကြောင်းအရင်းများ

လက်ချောင်းလေးတွေ ရောင်ရတဲ့ အကြောင်းအရင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          လက်ဆစ်များ နာကျင်ပြီး ရောင်ရမ်းနေခြင်းဟာ လေးဖက်နာဝေဒနာသည်များတွင်သာ ဖြစ်ပေါ်တယ်လို့ထင်နေရင် သင်မှားပါလိမ့်မယ်။ ဒါဆိုရင် အခြားဖြစ်စေသော အကြောင်းရင်းတွေကကော ဘာတွေလဲဆိုတာသိဖို့ ဆက်လက်ဖတ်ရှုပေးပါဦး။

 

(၁)     ရာသီဥတုပူခြင်း

          အပူကြောင့် သွေးကြောများ ကျယ်လာစေပါတယ်။ သွေးကြောများ ကျယ်လာတာနဲ့အမျှ  အရည်များဟာ တစ်သျှူးများတွင်းသို့ ဝင်ရောက်ပြီး တစ်သျှူးများတစ်ဝိုက် ဖောင်းကားစေပါတယ်။ ထိုသို့သော အခြေအနေတွင် လက်များကို လှုပ်ရှားမှုပြုလုပ်စေခြင်းဖြင့်  ပင်ကိုယ်အတိုင်း ပြန်ကောင်းစေပါတယ်။ သို့သော် လက်များ နာကျင်ခြင်း၊ အရာဝတၳုများကို ဆုပ်ကိုင်မရခြင်းတို့ ဖြစ်ပေါ်ပါက ဆရာဝန်နှင့်ပြသဖို့ လိုပါတယ်။

 

(၂)     ဆားအစားများခြင်း

          ဆားအစားများခြင်းကြောင့် ရေနှင့်ဆား အချိုးမကျခြင်း ဖြစ်ပေါ်စေပြီး ဖောယောင်ခြင်း ဖြစ်စေနိုင်ပါတယ်။

 

(၃)     အရိုးအဆစ်များ ရောင်ရမ်းခြင်း သို့မဟုတ် လေးဖက်နာကြောင့် အဆစ်များ ရောင်ခြင်း

          လေးဖက်နာကြောင့် အဆစ်များကို နာကျင်ဖောင်းကားစေနိုင်သလို အရိုးအဆစ် ရောင်ခြင်းကြောင့်လည်း အဆစ်များ ရောင်ရမ်းစေပါတယ်။ ဒါဆို ဘယ်လိုခွဲမလဲ? လေးဖက်နာကြောင့် ရောင်ရမ်းခြင်းမှာ အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး အရိုးအဆစ်များ ရောင်ခြင်းကတော့ အသက်ကြီးသူများတွင် ပိုဖြစ်နိုင်ပါတယ်။

 

(၄)     ပိုးဝင်ခြင်း သို့မဟုတ် ဒဏ်ရာရခြင်း

          လက်စွယ်ငုတ်ခြင်းကဲ့သို့ လက်ချောင်းများတစ်ဝိုက် ပိုးဝင်ခြင်းကနေတစ်ဆင့် ပြည်တည်ခြင်းကြောင့် ဖောင်းကားခြင်း ဖြစ််ပေါ်နိုင်ပါတယ်။ ဓားရှခြင်း၊ ဒဏ်ရာရခြင်း စသည်တို့ကြောင့်လည်း ဘက်တီးရီးယားပိုးဝင်ခြင်း ဖြစ်ပေါ်ရာကနေ လက်ချောင်းများ ဖောင်းကားစေပါတယ်။

 

(၅)     ပြင်းထန်သော လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း

          အလေးမခြင်းနှင့် အခြားကိုယ် ကာယလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းကြောင့် ကိုယ်တွင်းအပူချိန် မြင့်တက်ပြီး သွေးကြောများ ကျယ်ပြန့်လာစေပါတယ်။

          ထိုကနေတစ်ဆင့် အရည်များကို ခြေနဲ့လက်များဆီသို့ စီးဆင်းစေခြင်းကြောင့် ဖောရောင်ခြင်း ဖြစ်စေပါတယ်။

 

(၆)     ဆေးဝါးများ

          သွေးပေါင်ကျဆေး၊ ဆီးချိုဆေးများ၊ စတီးရွိုက်နဲ့ သနေ္ဓတားဆေးများကြောင့််လည်း ဖောရောင်ခြင်း ဖြစ်စေပါတယ်။

 

(၇)     လက်ကောက်ဝတ်အာရုံကြောညပ်သောရောဂါ (Carpal Tunnel Syndrome)

          လက်ဖျံကနေ လက်ဖဝါးဆီသို့ သွယ်ဆက်ထားသော အာရုံကြောညပ်ခြင်းကြောင့်လည်း လက်များ ဖောရောင်စေနိုင်ပါတယ်။

 

(၈)     ကိုယ်ဝန်ဆောင်ကာလ

          ကိုယ်ဝန်ဆောင်ကာလတွင် မျက်နှာနဲ့ လက်များ ဖောရောင်ခြင်းကို ကြုံတွေ့ရတတ်ပါတယ်။ သို့ပေမယ့် ဖောရောင်သောနေရာများကို လက်ဖြင့်ဖိပြီး လွတ်လိုက်ပါက သိသာစွာ ချိုင့်ဝင်နေပါက ကိုယ်ဝန်ဆိပ်တက်ခြင်းရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်တာမို့ မပေါ့ဆသင့်ပါဘူး။

 

(၉)     Raynaud’s disease

          အဆိုပါရောဂါဖြစ်ပေါ်ပါက လက်ရှိသွေးကြောများ ကျဉ်းလာပြီး လက်ချောင်းများဆီသို့ သွေးလှည့်ပတ်မှု နည်းပါးလာစေပါတယ်။ ထိုအခါ လက်များ ရောင်လာခြင်းနဲ့အတူ ခုံကျဉ်ခြင်း၊ နာကျင်ခြင်းနဲ့ လက်များ ဖြူဆုတ်လာခြင်းတို့ ဖြစ်ပေါ်စေပါတယ်။

 

(၁၀)   ကျောက်ကပ်ပြဿနာများ

          သင့်ကျောက်ကပ်က အရည်ပိုများကို မစွန့်ထုတ်နိုင်သောအခါ ခန္ဓာကိုယ်တွင် အရည်များ စုပုံလာခြင်းကြောင့် ဖောရောင်စေပါတယ်။ ဖောရောင်ခြင်းဟာ တစ်ကိုယ်လုံးတွင် ဖြစ်နိုင်ပေမယ့် ခြေထောက်၊ ခြေကျင်းဝတ်နဲ့ လက်များတွင် ပိုမိုသိသာနိုင်ပါတယ်။

 

(၁၁)   ပြန်ရည်ကြောများ ပိတ်ဆို့ခြင်း

          သင့်ကိုယ်ထဲမှ အညစ်အကြေးများ၊ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးများကို ပြန်ရည်များကနေတစ်ဆင့် သယ်ဆောင်ပေးပါတယ်။ ထိုပြန်ရည်ကြောများ ပိတ်ဆို့သောအခါတွင် ခြေလက်များ ဖောရောင်ခြင်းကို ဖြစ်စေပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)