လက်ချောင်းလေးတွေ ရောင်လာတဲ့အခါ စဉ်းစားသင့်တဲ့အချက်တွေ
အကျိုးအကြောင်းမရှိဘဲ ရောင်ပဲ ရောင်နိုင်ကောရယ်လို့ ဖောင်းနေ၊ တင်းနေ၊ ရောင်နေတဲ့ လက်ကလေးတွေကိုကြည့်ရင်း စိတ်ညစ်တတ်သူတွေအတွက် အကျိုးအကြောင်းလေးတွေ တင်ပြပေးလိုက်တယ်နော်။
● အပြင်မှာ ရာသီဥတုက သိပ်ပူနေရင်လည်း သွေးကြောလေးတွေကို ကျယ်ပြန့်သွားစေပြီး သွေးရည်ကြည်တချို့ကို တစ်သျှူးတွေထဲ ပျံ့နှံစေတတ်လို့ အရိုးအဆစ်တွေကို ပိုမိုဖောင်းကားနေစေပါတယ်။ ဒါပေမဲ့ နာတော့မနာဘူးနော်။ နာနေရင်တော့ ဆရာဝန် ပြကြည့်ဖို့ လိုပါပြီ။
● ဆားစားတာ သိပ်များရင်လည်း ဆားနဲ့ရေနဲ့ ကိုယ်ခန္ဓာထဲမှာ မမျှတတဲ့အတွက် ရေဓာတ်တွေ စုပုံလာပြီး အရိုးအဆစ်တွေ ဖောင်းကားလာစေပါတယ်။
● လက်စွပ်တောင် စွပ်လို့မရအောင် အမြဲဖောင်းကားနေတဲ့ အရိုးတွေကတော့ အရိုးပွတာကို ပြသပါတယ်။ အရိုးပွတာက နာကျင်ခြင်းနဲ့ တောင့်တင်းခြင်းတွေတွဲပါပြီး သွေးလေးဖက်နာမှာလည်း မနက်ပိုင်း အဆစ်တွေ တင်းကားနေပြီး လှုပ်ရှားမရလောက်အောင် နာကျင်လေ့ရှိပါတယ်။
● အာရုံကြော ပိနေရင်လည်း ပြဿနာပါပဲ။ လက်တွေနဲ့ လက်ထိပ်တွေမှာ နာကျင်တာ၊ ထုံကျင်တာ ပူပူကြီး နာနေတာတွေကလည်း အချိန်နဲ့အမျှ တဖြည်းဖြည်း ဖြစ်လာမှာဖြစ်ပါတယ်။
● ကင်ဆာကြောင့် ဓာတ်ကင်တာတွေ၊ ခွဲစိတ်တာတွေ ခံယူထားရသူတွေမှာ ပြန်ရည်ကျိတ်တွေ ရောင်ကိုင်းလေ့ ရှိပါတယ်။ အရေပြားကတင်းပြီး အရည်တွေ စုနေတဲ့အတွက် ရောင်တဲ့နေရာကို ဖိလိုက်ရင် အရာထင်ပါတယ်။
● ကိုယ်ဝန်သည်လေးတွေမှာ ကိုယ်ဝန်ဆောင် သွေးတိုးရောဂါ ရတဲ့အခါ လက်ချောင်းလေးတွေပါ ရောင်လာတတ်ပါတယ်။ ခေါင်းကိုက်တာ၊ အန်တာ၊ မူးတာတွေနဲ့ တွဲဖက်နေပြီး မကုသရင် ကိုယ်တွင်းအဂါၤတွေကို အမြန်ထိခိုက်ပျက်စီးစေလို့ပါ။
● အေးတဲ့အခါ စိတ်ဖိစီးမှုရှိတဲ့အခါ လက်ချောင်းလေးတွေထဲမှာ သွေးအလျှောက် နည်းသွားပြီး ကျဉ်တက် နာကျင်တတ်ပါတယ်။ မရောင်ခင် လက်လေးတွေ ပြာလာတာ၊ ဖြူဖျော့သွားတာတွေ ရှိပါတယ်။
● လေ့ကျင့်ခန်း လုပ်တဲ့အခါ အပူတက်လာတဲ့အတွက် လက်လေးတွေ ဖောင်းလာတတ်ပါတယ်။
● ကျောက်ကပ်မကောင်းရင်လည်း လက်ချောင်းတွေ ရောင်ပါတယ်။ လက်သာမက မျက်နှာ၊ ခြေထောက်၊ ဗိုက်တွေပါ ရောင်လာတာပါ။
● တချို့သွေးကျဆေးတွေနဲ့ ဆီးချိုဆေးတွေ၊ စတီးရွိုက်သောက်ဆေးတွေ၊ သနေ္ဓတားဆေးတချို့ကလည်း လက်ချောင်းလေးတွေ ဖောင်းကားတာကို ဖြစ်စေတတ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























