လက်တုန်တဲ့ဝေနာ
>> ဘာကြောင့်လက်တုန်ရသလဲ?
လက်တုန်တာဟာ အသက်အန္တရာယ်မရှိပေမယ့် ခံစားရသူမှာတော့ နေ့စဉ် အလုပ်ကိုတောင် ကောင်းကောင်း မလုပ်နိုင်တာကြောင့် ကသိကအောက် ဖြစ်ရတာပါတယ်။ အာရုံကြောရောဂါတစ်ချို့နဲ့ အာရုံကြောယိုယွင်းရောဂါတွေရဲ့ အစောပိုင်း သတိပေးသံ ဖြစ်နေနိုင်တဲ့အတွက် လက်တုန်လာရင် ဆရာဝန်နဲ့တိုင်ပင်ဖို့ လိုပါလိမ့်မယ်။
လူအများစုက လက်တုန်တယ်ဆိုတာနဲ့ ပါကင်ဆန်ရောဂါကို ပြေးပြေးမြင်တတ်ကြပေမယ့် တကယ်အဖြစ်အများဆုံး အကြောင်းရင်းကတော့ အလိုအလျောက် လက်တုန်ခြေတုန်ရောဂါပါပဲ။
လူကြီးတွေမှာ အဖြစ်အများဆုံးသော အာရုံကြောရောဂါတစ်ခုပါပဲ။ ဘာကြောင့်ဖြစ်မှန်းတော့ သေချာမသိပေမယ့်လည်း ဦးနှောက်နှောင်းပိုင်းအစိတ်အပိုင်းရဲ့ ပုံမှန်လုပ်ငန်းဆောင်တာပျက်ပြားသွားလို့ ဖြစ်ရတယ်လို့ပဲ ယူဆကြပါတယ်။ ဘာကြောင့်ဒီလိုပျက်ပြားရတယ်၊ ဒါကို ဘယ်လိုတားဆီးရမယ် ဆိုတာကိုတော့ သိပ္ပံပညာရှင်တွေလည်း ဂဃဏန မသိကြသေးပါဘူး။ အာရုံကြောယိုယွင်းပြဿနာ ဟုတ်၊ မဟုတ်လည်း မသေချာသေးပါဘူး။
ဒီလို အလိုအလျောက် ခြေတုန်လက်တုန်ရောဂါ ခံစားရသူတွေဟာ လက်နဲ့ခြေထောက်တင်မကဘဲ ခေါင်းတွေ၊ အသံအိုးတွေပါတုန်ခါပြီး ထိန်းချုပ်ရလည်း ခက်ခဲတတ်ပါတယ်။
ပါကင်ဆန်ကြောင့် ခြေတုန်လက်တုန်ဖြစ်တာဟာ ကြွက်သားတွေနားနေချိန်မှာ ဖြစ်ပြီးတော့ လှုပ်ရှားမှုနဲ့အတူ ပျောက်သွားတတ်ပါတယ်။
● အတက်ရောဂါ
● သိုင်းရွိုက်လွန်ရောဂါ
● ဦးနှောက်နှောင်းပိုင်းရောဂါတွေ
● ဟန်တင်တန်ပုံမမှန်လှုပ်ရှားမှုရောဂါ
● ဆေးရဲ့နောက်ဆက်တွဲ
● ကဖိန်းလွန်ခြင်း
● အရက်လွန်ခြင်း၊ အရက်စွဲခြင်း
● စိတ်လှုပ်ရှားခြင်း
● သွေးတွင်းအချိုဓာတ်နည်းခြင်း စတဲ့ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါသေးတယ်။
>> ဘာဆေးတွေနဲ့ကုလို့ရမလဲ?
လူတိုင်းတော့ ကုဖို့မလိုဘူးပေါ့။ ဆရာဝန်ကကုဖို့လိုပြီဆိုတဲ့အချိန်မှာ ဆေးစသောက်နိုင်ပါတယ်။
သောက်လေ့ရှိတဲ့ဆေးတွေကတော့ -
● propranolol
● Primidone
● Long-acting propranolol စတဲ့ ဆေးတွေပါပဲ။
Propranolol ဆိုတဲ့ဆေးဟာ Beta-blockerလို့ခေါ်တဲ့ သွေးကြောနဲ့နှလုံးမှာအများဆုံးရှိတဲ့ Beta လက်ခံနေရာတွေကို လိုက်ပိတ်တဲ့ဆေးတစ်မျိုးပေါ့။ များသောအားဖြင့် ရင်တုန်တတ်သူတွေနဲ့ သွေးတိုးသမားတွေမှာ အဓိကသုံးပါတယ်။
Primidone ဆိုတာကတော့ အတက်ကျဆေးတစ်မျိုး။ ဒီဆေးတွေနဲ့ မသက်သာရင် ဆရာဝန်က နောက်ထပ်ဆေးတွေ ထပ်ပေးပါလိမ့်မယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























