လက်ထပ်ကြတဲ့အခါ ...
" မောင်ကလည်း မလာနိုင်သေးဘူး "
အင်းလျားကန်ရေပြင်ကို ငေးကြည့်ရင်းမှ စိတ်ထဲ ရေရွတ်ကာ နာရီကို ကြည့်လိုက်မိသည်။ မနက် ၉း၃၀ နေပြီ။ ဒီနေ့က သူမတို့ ချစ်သူနှစ်ဦးရဲ့ ၃ နှစ်ပြည့် Anniversary Day ဖြစ်သည်။ ဒီလိုနေ့မှာ နောက်ကျနေသော မောင့်ကို သူမ စိတ်ဆိုးချင်လာပြီ။
" ငယ်လေး "
ရုတ်တရက် အနောက်မှထွက်လာသော မောင့်အသံကြောင့် သူမ ပျော်သွားသော်လည်း မျက်နှာလေးကို တင်းကာ လှည့်ကြည့်လိုက်မိသည်။
" ဘာလို့ နောက်ကျနေတာလဲ "
စူပုတ်ပုတ် သူမမျက်နှာကို ပြုံးကြည့်ရင်း ရုတ်တရက် မောင်က ဒူးထောက်ချလိုက်သည်။ အံ့သြနေသော သူမရှေ့သို့ နှင်းဆီပန်းစည်းကြီး မျက်လှည့်ပြသလို ရောက်လာသည်။
" မောင်တို့ လက်ထပ်ကြရအောင်၊ လက်ထပ်ခွင့် ပေးပါနော် "
အံ့သြပျော်ရွှင်မှုနှင့် စိတ်ဆိုးနေတာပင် မေ့သွားကာ သူမ ခေါင်းညိတ်လိုက်မိလေသလား။
မောင်က သူမလက်မှာ လက်စွပ်လေး စွပ်ပေးပြီးမှ စားပွဲမှာ ထိုင်လိုက်ကြသည်။
" မောင်က သိပ် surprise လုပ်တာပဲ "
အံ့သြပျော်ရွှင်စွာ သူမ ပြောလိုက်မိသည်။
" တကယ်က မောင်က လက်ထပ်ဖို့ စဉ်းစားနေတာ ကြာပြီ။ တိုက်ခန်း၀ယ်ဖို့၊ မင်္ဂလာဆောင်ဖို့ အကုန်ပြင်ဆင်ပြီးမှ ငယ့်ကို ဖွင့်ပြောမယ်လို့ စဉ်းစားထားတာ။ အခုဆို အားလုံး အဆင်ပြေပြီ။ အိမ်ရော၊ ကားရော၊ လက်ထပ်ဖို့ နောင်ရေးအတွက် အားလုံး စိတ်ချရပြီ။ ကဲ၊ ဘာလိုသေးလဲ ငယ်လေးရဲ့။ အခုတောင် လက်မှတ်ထိုးလို့ရပြီ "
မောင့်မျက်နှာက အပြုံးတွေ ေ၀နေသည်။
" မဟုတ်ဘူး မောင်၊ လက်မထပ်ခင် အရေးကြီးတာ ကျန်သေးတယ် "
" ဟင် ဘာလဲ၊ နှစ်ဖက်မိဘလား? နှစ်ဖက်လုံးက သဘောတူပြီးသားပဲလေ ငယ်လေးရဲ့ "
" မဟုတ်ဘူး မောင်၊ လက်မထပ်ခင် အရင်လုပ်ရမှာက သွေးစစ်ရမှာ "
" သွေးစစ်ရမယ် ! ဟုတ်လား ! "
" ဟုတ်တယ်မောင်၊ ရောဂါပိုးတွေ ရှိ/မရှိ သွေးစစ်ရမယ် "
" ငယ်လေးက မောင့်ကို မယုံတာလား "
မောင့်လေသံက အနည်းငယ် မာလာသည်။
" မဟုတ်ဘူး မောင်၊ ငယ်လည်း စစ်မှာပါ။ ဘ၀တစ်ခု အစပြုဖို့ ဒါက အဓိက လိုအပ်တယ် "
သူမ အေးဆေးစွာ ရှင်းပြမိသည်။
" ငယ် ... ငယ်က မောင့်မှာ ရောဂါ တစ်ခုခုရှိရင် လက်မထပ်တော့ဘူးလား "
မောင့်လေသံက အနည်းငယ် လျော့လာသည်။
" ဒါက ငယ်တို့ နောက်ထပ်ဆွေးနွေးရမယ့် ကိစ္စပါ။ သေချာတာကတော့ ငယ်တို့နှစ်ယောက်ဘ၀ကို ယုံကြည်မှုအပြည့်နဲ့ စချင်တယ် "
" တကယ်လို့ တစ်ခုခု ဖြစ်လာခဲ့ရင်လည်း ငယ့်အချစ်ကို မောင် ယုံတယ်မလား။ ရောဂါတစ်ခုခုကို သေသေချာချာ သိရမှ ငယ်တို့ ရှေ့ဆက်ရမယ့် ဘ၀အတွက် သေသေချာချာ တည်ဆောက်နိုင်မှာလေ။ အဟင်း၊ ငယ့်မှာ ရောဂါရှိနေတာလည်း ဖြစ်နိုင်တာပဲ။ ငယ့်မှာ ရောဂါရှိရင်ရော မောင်က ပစ်သွားမှာလား "
သူမကို ငေးကြည့်ရင်း မောင့်မျက်နှာ ပြုံးလာသည်။
" ဟုတ်ပြီ ငယ်၊ မောင့်အချစ်ကို ဒါနဲ့ သက်သေပြမယ်။ မောင် သွေးစစ်မယ် "
မောင် လက်ခံသွားသည့်အတွက် သူမ ကျေနပ်သွားမိသည်။
မောင့်လက်ကို ဆုတ်ကိုင်ရင်း သူမ ပြောလိုက်မိသည်။
" ငယ်တို့ဘ၀အတွက် သွေးစစ်ပြီး အဖြေရှာကြတာပေါ့ မောင် "
Zero (www.drmyanmar.com)






























