/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လက်ထပ်တော့မှာလား-ဒါတွေ-အရင်စဉ်းစား

လက်ထပ်တော့မှာလား ... ဒါတွေ အရင်စဉ်းစား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

       ပျော်ရွှင်တဲ့ အိမ်ထောင်တွေဟာ သူနည်းသူ့ဟန်နဲ့သူ ပျော်ရွှင်ကြပြီး မပျော်ရွှင်တဲ့စုံတွဲတွေကလည်း သူ့အကြောင်းနဲ့သူပါပဲတဲ့။ ယောက်ျားနဲ့မိန်းမ လက်ထပ်လိုက်တဲ့အခါ ဘယ်လိုကောင်းကျိုး၊ ဆိုးကျိုးတွေ ရရှိနိုင်သလဲဆိုတာ သိပ္ပံပညာရှင်များက စိတ်ပညာလေ့လာမှုတွေနဲ့ အကျိုးသင့် အကြောင်းသင့် ထောက်ပြခဲ့ကြပါတယ်။

●        လက်ထပ်ထိမ်းမြားလိုက်ပြီး အိမ်ထောင်တစ်ခု ထူထောင်လိုက်တာနဲ့ နှလုံးရောဂါ၊ လေဖြတ်ရောဂါနဲ့ စိတ်ကျရောဂါ ဖြစ်ပွားမှုတွေ သိသိသာသာ ကျဆင်းသွားပါသတဲ့။

●        တရားဝင် အတူနေလိုက်ခြင်းအားဖြင့် ပထမဆုံး အရက်၊ ဆေးလိပ်၊ ကွမ်း စတာတွေ ဖြတ်ဖို့ လမ်းစပါတဲ့။ မင်းသားဟယ်ရီဟာ သူ့ကြင်ယာတော်နဲ့ လက်မထပ်ခင် ဆေးလိပ် ပြတ်သွားခဲ့ပါတယ်။

●        စိတ်ပညာရှင် ဒေါက်တာဆူဒီတာကတော့ တစ်ကိုယ်တည်းနေပြီး အထီးကျန်တာ လူ့အသိုင်းအဝိုင်းကနေ ဖယ်ခွာလာတာတွေဟာ လက်ထပ်လိုက်တာနဲ့ တစ်ပြိုင်နက် ပျောက်ကွယ်သွားပြီး စိတ်ကျရောဂါနဲ့ အထီးကျန်မှုတွေကို ထိရောက်စွာ ကုသနိုင်ပါတယ်။ သိပ်အထီးကျန်နေရင် ဘဝခရီးဖော် ရှာလိုက်တာ စိတ်ကျန်းမာမှုရဲ့ လမ်းစပါတဲ့။

●        စိတ်ပညာရှင် သီအိုဒိုးရဲ့ တင်ပြချက် ဘေးကနေ ဟိုဟာမစားနဲ့၊ ဒီဟာနဲ့ မတည့်လို့ ပြောမယ့်သူ တစ်ယောက်ရှိတာဟာ ကျန်းမာနေမှုအ လေ့အကျင့်တွေကို ပိုမိုခိုင်မာသွားစေပါတယ်တဲ့။

●        တစ်ဖက်ကလည်း နေ့စဉ် မိမိရဲ့ လိင်ဆက်ဆံမှုဘဝကို တရားဝင် အဖော်တစ်ယောက်နဲ့ ထိန်းသိမ်းထားနိုင်တာဟာ သိပ်ကောင်းတဲ့ နုပျိုအသက်ရှည်ဆေး ဖြစ်ပါတယ်။

●        တစ်ဖက်ကလည်း နှလုံးသုတေသနတစ်ခုအရ ပျော်ရွှင်တဲ့စုံတွဲတွေဟာ အသက် ၁၅ နှစ် ပိုရှည်ကြသလောက် အိမ်ထောင်ရေး မသာယာမှုဟာ အသက်တိုဖို့ တွန်းပို့သလောက် ရှိနေပါတယ်။

 

          အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အိမ်ထောင်ရေးဒဏ်တွေကို ခံစားရပြီး -

1.       အဝလွန်ခြင်း

2.       စိတ်ကျရောဂါ

3.       သွေးတိုးရောဂါ

4.       စောစီးစွာ အိုမင်းတာ

5.       လူနေမှုဘဝ ထိခိုက်ပျက်ပြားတာတွေ ကြုံတွေ့ရပါတယ်။

●        ဒါပေမဲ့ မိန်းမတွေတင်ပဲ ခံစားရတာလားဆိုတော့ မဟုတ်ပြန်ပါဘူး။ အိမ်ထောင်ရေး မသာယာတဲ့ အမျိုးသားတွေဟာလည်း ဆေးစွဲတာ၊ အရက်စွဲတာတွေလို အခြေအနေတွေ ထပ်တူကြုံနိုင်ပါတယ်။

●        အိမ်ထောင်ရေး မသာယာတော့ လွတ်မြောက်ဖို့ လမ်းရှာပြီး ကွဲကြပါတယ်။ ကွာရှင်းပြတ်စဲရမယ့် အခြေအနေကို ကြုံတွေတာဟာ သွေးတိုးခြင်း၊ လေဖြတ်ခြင်း၊ နှလုံးရောဂါတွေနဲ့ ဆက်စပ်နေပြီး  အရွယ်မတိုင်ခင် စောစီးစွာ သေဆုံးခြင်းရဲ့ အကြောင်းရင်းထဲမှာ ပါနေပါတယ်။ ဒါပေမဲ့ တစ်ပြိုင်တည်းမှာပဲ လုံးဝညှိမရတော့ဘူးဆိုရင် ကွာရှင်းလိုက်ခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကျန်းမာလာပြီး ပိုမိုပျော်ရွှင်လာတာမျိုးလည်း တွေ့ရပါတယ်။

●        နောက်ထပ်အရေးကြီးတဲ့ စိတ်ပညာရှင်တွေရဲ့ တင်ပြချက်ကတော့ အပျိုကြီးတွေဟာ အသက်ရှည်ပြီး လှပကျန်းမာနေနိုင်သလောက် တစ်ကိုယ်တည်း အမျိုးသားတွေဟာ ဂရုစိုက်သူ ကင်းမဲ့ပြီး အထီးကျန်တဲ့  မကျန်းမာတဲ့ ဘဝနေထိုင်မှုစနစ်ကြောင့် အပျိုကြီးတွေလို မကျန်းမာကြဘဲ          လူမှုရေး၊ ကျန်းမာရေးပြဿနာတွေ ပိုမိုကြုံတွေ့ရနိုင်ပါကြောင်း တင်ပြလိုက်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)