လက်မလေး ထုံနေလား?
လက်မဆိုတာ တကယ်တော့ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ခွက်တွေ ကိုင်ဖို့၊ အဖုံးတွေဖွင့်ဖို့၊ ဖုန်းမှာ စာရိုက်ဖို့ စသဖြင့်ပေါ့။ ဒီလို အရေးပါတဲ့လက်မလေး ထုံကျင်ပြီးတော့ ရှိလို့ရှိမှန်း မသိတော့တဲ့အခါ တော်တော် အခက်တွေ့ရတတ်တယ်။
ဒီလိုထုံကျဉ်တာအပြင် အပ်နဲ့ထိုးသလို တစစ်စစ်ဖြစ်နေတာ၊ ပူရှိန်းရှိန်းဖြစ်နေတာ၊ ကျဉ်ခနဲကျဉ်ခနဲ ဖြစ်နေတာမျိုးတွေနဲ့ပါ လာတတ်တယ်။ ဒီလိုထုံကျဉ်နေချိန်မှာ လက်မကို လှုပ်ရှားဖို့ တော်တော် ခက်တတ်တယ်။
>> ဘာကြောင့် ဒီလိုထုံကျဉ်နေရတာလဲ?
အကြောင်းရင်းတွေ အများကြီးရှိနိုင်တယ်။ တချို့အကြောင်းတွေက နည်းနည်းတော့ စိုးရိမ်စရာရှိတယ်။
၁။ စိတ်ပူပန်လွန်ခြင်း၊ နုံးခြင်း၊ စိတ်ဖိစီးမှုများခြင်း
ခန္ဓာကိုယ်နေရာ အတော်များျများမှာ ထုံတာ၊ ကျဉ်တာတွေနဲ့ လာတတ်တယ်။ ရင်ဘတ်အောင့်တာ၊ မူးဝေတာ၊ ပျို့အန်တာ၊ ချွေးစေးတွေပြန်တာ၊ ထုံတာ ကျဉ်တာ၊ နှလုံးတုန်တာတွေနဲ့ တွဲတတ်တယ်။
၂။ Carpal tunnel syndrome လက်ကောက်ဝတ် အာရုံကြောဖိမိခြင်း
လက်မ ထုံကျဉ်စေတတ်တဲ့ အဓိကလက္ခဏာတွေထဲမှာပါတဲ့ အခြေအနေတစ်ခုပါပဲ။ လက်ကောက်ဝတ် အရိုးအောက်က ဖြတ်သွားတဲ့ အာရုံကြောကို ဖိမိလို့ဖြစ်တာပါ။ အဆစ်ရောင်ခြင်း၊ အရိုးအတက်ထွက်ခြင်း၊ လက်ကောက်ဝတ် အသုံးများခြင်းတွေကြောင့် ဖိမိတာ များတယ်။ တခြားလက္ခဏာတွေကတော့ ကျဉ်ခနဲဖြစ်တာ၊ လှုပ်ရှားမှုအားနည်းတာ၊ လက်မအားနည်းလို့ ပစ္စည်းတွေ လွတ်ကျတာမျိုးတွေ ဖြစ်တတ်တယ်။
၃။ လည်ပင်းကျီးပေါင်း
အသက်ကြီးလာလို့ ကျီးပေါင်းတက်တာပဲဖြစ်ဖြစ်၊ ဒဏ်ရာရလို့ပဲဖြစ်ဖြစ် လည်ပင်းနားမှာ ကျောရိုးအာရုံကြောမကြီးကနေ ထွက်လာတဲ့ အာရုံကြောကို ဖိမိရင်လည်း ထုံကျဉ်တတ်တယ်။
၄။ ဆီးချိုရောဂါ
ဆီးချိုကို ကောင်းကောင်း မထိန်းချုပ်နိုင်ခဲ့ရင် တစ်ကိုယ်လုံးမှာရှိတဲ့ အာရုံကြောတွေကို ထိခိုက်မိတတ်တယ်။ များသောအားဖြင့် ခြေထောက်တွေ၊ ခြေဖဝါးတွေမှာ နာတာ၊ ထုံတာ၊ ကျဉ်တာနဲ့ လာတတ်တယ်။ လက်ချောင်းတွေနဲ့ လက်ဖဝါးတွေမှာလည်း ဖြစ်တတ်တယ်။
၅။ Fibromyalgia
Fibromyalgia ဆိုတာ အကြောင်းရင်းလည်းမရှိဘဲနဲ့ တစ်ကိုယ်လုံးမှာ ကြွက်သားတွေ နာကျင်ပြီး နုံးနေတတ်တဲ့ အခြေအနေပါ။
၆။ သိုင်းရွိုက်အားနည်းရောဂါ
ခန္ဓာကိုယ်က လိုအပ်သလောက်ကို သိုင်းရွိုက်ဂလင်းကနေ သိုင်းရွိုက်ဟော်မုန်းတွေ ကောင်းကောင်း မထုတ်ပေးနိုင်တဲ့အခါ ဖြစ်တတ်တယ်။ အစောပိုင်းမှာတော့ ဘာလက္ခဏာမှ မပြတတ်ဘူး။ မကုဘဲထားမိရင် အာရုံကြော ပျက်စီးပြီး လက်တွေရဲ့ တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေပါ ထုံပြီး နာကျင်တတ်တယ်။
၇။ အရေပြားလေးဖက်နာ
အရေပြားလေးဖက်နာဆိုတာ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးကို ထိခိုက်နိုင်တဲ့ ခုခံအား ကမောက်ကမရောဂါပါ။ အာရုံကြောကို ထိခိုက်မိတဲ့အခါ လက်တွေအပြင် တခြားကိုယ်ခန္ဓာအစိတ်အပိုင်းတွေပါ ထုံကျဉ်တတ်တယ်။
၈။ Pernicious Anemia
Pernicious anemia ဆိုတာ ခန္ဓာကိုယ်ကနေ ဗီတာမင် B12 စုပ်ယူဖို့ လိုအပ်တဲ့ပရိုတင်း မရှိလို့ဖြစ်တာပါ။ ဗီတာမင် B12 မရှိတော့ ကျန်းမာတဲ့သွေးနီဥတွေကို မထုတ်နိုင်တော့ဘူး။ မကုသခဲ့ရင် ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ ပျက်စီးတာ၊ အရိုးအားနည်းတာတွေအပြင် ကင်ဆာဖြစ်နိုင်ခြေပါ တက်လာစေတတ်တယ်။
၉။ အာရုံကြော ထိခိုက်မိခြင်း
● ဆီးချို
● ရောဂါပိုး
● ဆေးအမျိုးမျိုး အထူးသဖြင့် ကင်ဆာဆေး
● ဇီဝကမ္မပြဿနာတွေ
● ထိခိုက်ဒဏ်ရာ
● အရက်စွဲခြင်း
စတဲ့ အခြေအနေတွေမှာ အစွန်အဖျား အာရုံကြောတွေကို ထိခိုက်မိပြီး လက်တွေ၊ ခြေထောက်တွေနဲ့ တခြားအစိတ်အပိုင်းတွေ ထုံကျဉ်လာနိုင်တယ်။
၁၀။ ရေးနော့ လက်ခနာစု (Raynaud’s phenomenon)
ဒီရောဂါဟာ အအေးနဲ့ ထိမိတိုင်း၊ စိတ်ဖိစီးမှုများတိုင်း ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ ထုံကျဉ်ပြီး အေးစက်လာတတ်တဲ့ ရောဂါတစ်မျိုးပါ။
၁၁။ သွေးလေးဖက်နာ
သွေးလေးဖက်နာဆိုတာ သူ့ရဲ့တစ်သျှူးကို သူ့ခန္ဓာကိုယ် ကိုယ်တိုင်က ပြန်တိုက်နေတဲ့ရောဂါတစ်ခုပါ။ သေချာမကုခဲ့ရင် အရိုးအတက် ထွက်ပြီးတော့ လက်ကောက်ဝတ်က အာရုံကြောကို ဖိမိတတ်တယ်။
၁၂။ Ulner nerve ဖိမိခြင်း
လည်ပင်းကနေ လက်ထဲကိုလာတဲ့ အဓိကအာရုံကြော ၃ ချောင်းကို ညှပ်ရိုး၊ တံတောင်ဆစ်၊ လက်ကောက်ဝတ်မှာ ဖိမိတဲ့အခါ လက်တစ်လျှောက်ကို ကျဉ်တက်တတ်ပြီး ပစ္စည်းကိုင် မမြဲတော့တာမျိုး ဖြစ်တတ်တယ်။
>> ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြဖို့လိုသလဲ?
တချို့တွေမှာတော့ ဘာကုသမှုမလိုဘဲ ပျောက်သွားတတ်တယ်။ တောက်လျှောက် နာနေတယ် ဆိုရင်တော့ စိတ်ပူစရာပါပဲနော်။
● ကိုယ်ခန္ဓာ တခြားနေရာတွေပါ ပြန့်ပြီး ထုံလာတယ်
● ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတယ်
● ပိုပိုဆိုးလာတယ်
● နေ့စဉ်ဘဝကိုပါ ထိခိုက်လာတယ်
● တခြားလှုပ်ရှားလုပ်ကိုင်မှုတွေကိုပါ ထိခိုက်လာတယ် ဆိုရင်တော့ ဆရာဝန်နဲ့ပြဖို့ လိုလာပြီ။
တကယ်လို့ လက်မတွေ ထုံကျဉ်တာအပြင် ကယောင်ကတမ်းဖြစ်လာတာ၊ ကိုယ်တစ်ခြမ်း အားနည်းသွားတာ၊ ကိုယ်တစ်ခြမ်းသေတာ၊ စကားပြောရခက်ခဲတာ၊ မူးဝေတာ၊ ခေါင်းကိုက်တာတွေနဲ့ တွဲလာခဲရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြဖို့ လိုတယ်နော်။
ဆရာဝန်နဲ့ပြတဲ့အခါ ထိခိုက်တဲ့နေရာကို စမ်းသပ်တဲ့အပြင် ဓာတ်မှန်ရိုက်တာ၊ သွေးစစ်၊ ဆီးစစ်တာတွေ လုပ်ကြည့်ပြီး ရောဂါရှာဖွေလိမ့်မယ်။
>> လက်မ ထုံကျဉ်တာကို ဘယ်လိုကုသကြမလဲ?
အိမ်မှာ ကုသလို့ရမယ့် နည်းတွေကတော့ -
ထိခိုက်မိတာကြောင့် လက်မ ထုံကျဉ်တာမျိုကိုတော့ အိမ်မှာပဲ အနားယူ၊ အပူကပ်၊ အအေးကပ်ပြီး ကုသလို့ရတယ်။
နောက်ထပ် -
● နှိပ်နယ်ပေးတာ
● လေ့ကျင့်ခန်းလုပ်တာ
● ဆားခါးရည်စိမ်တာ
● စိတ်ဖိစီးမှုနည်းစေတဲ့ လေ့ကျင့်ခန်းတွေ လုပ်တာ
● အထိန်းတွေ တပ်တာမျိုးတွေ လုပ်လို့ရတယ်။
တကယ်လို့ ဒီနည်းလမ်းတွေနဲ့မှ မပျောက်ခဲ့ရင်တော့ ဆေးကုသဖို့လိုတယ်။
ဘယ်လိုကုသရမလဲ ဆိုရင်တော့ - ဆီးချိုလိုမျိုး လက်မထုံကျဉ်စေတဲ့ အခြေအနေမျိုးကိုတော့ ဆေးသောက်ဖို့ လိုတယ်။ လက်ကောက်ဝတ် အာရုံကြောဖိမိတဲ့ရောဂါတွေ၊ လည်ပင်းကျီးပေါင်းတက်တဲ့ ရောဂါတွေမှာတော့ ခွဲစိတ်ဖို့ လိုနိုင်တယ်။ အာရုံကြောကြောင့်ဖြစ်တဲ့ တချို့ရောဂါတွေမှာတော့ ကိုယ်လက် ပြန်လည်သန်စွမ်း လေ့ကျင့်ခန်းတွေနဲ့ ပျောက်ကင်းနိုင်တယ်။
နောက်ဆုံးအနေနဲ့ ပြောရရင်တော့ - လက်မထုံကျဉ်စေတဲ့ အကြောင်းရင်းတွေ အများကြိးရှိတဲ့အထဲက တချို့အကြောင်းရင်းတွေက အိမ်မှာပဲ အိမ်တွင်းနည်းလမ်းလေးတွေနဲ့ ကုလို့ပျောက်နိုင်ပေမယ့် တချို့အကြောင်းရင်းတွေကတော့ ဆေးကုသမှာပျောက်မှာမို့ စိတ်ပူတယ်ဆိုရင် ဆရာဝန်နဲ့ သွားပြလိုက်တာ အကောင်းဆုံးပဲနော်။
Dr. Mya Phoo Ngon (www.drmyanmar.com)




























