/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လက်သည်းညှပ်-အတူသုံးရင်-hiv-ပိုး-ကူးနိုင်သတဲ့လား

လက်သည်းညှပ် အတူသုံးရင် HIV ပိုး ကူးနိုင်သတဲ့လား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အသက် ၂၂ အရွယ် မိန်းကလေးတစ်ဦးဟာ HIV ပိုး မမျှော်လင့်ဘဲ ကူးစက်ခံခဲ့ရပါတယ်။ သူမဟာ အကာအကွယ်မပါဘဲ လိင်ဆက်ဆံတာ၊ သွေးသွင်းဖူးတာတွေ ဘာဆို ဘာမှမလုပ်ခဲ့ဖူးပါဘူး။ သူမ လုပ်ခဲ့တာဆိုရင်  တစ်ခုပဲရှိပါတယ်။

          လွန်ခဲ့တဲ့ ဆယ်နှစ်က သူ့ရဲ့ညီမဝမ်းကွဲတစ်ယောက်နဲ့ လက်သည်းညှပ် အတူမျှသုံးလေ့ရှိပါသတဲ့။ သူမရဲ့ ညီမဝမ်းကွဲဟာ လက်သည်းအလှပညာရှင်တစ်ဦးဖြစ်ပြီး   အိပ်ချ်အိုင်ဗီပိုး ကူးစက်ခံထားရသူဖြစ်မှန်း သူမ မသိခဲ့ပါဘူး။

          ပြီးတော့ သူမရဲ့ညီမဝမ်းကွဲ လက်သည်းအလှပညာရှင် မိန်းကလေးက သူမကို သူ့ရဲ့ပစ္စည်းတွေနဲ့ လက်သည်းအလှ ပြုလုပ်ပေးခဲ့ပြီး ပိုးရှိနေတာကိုလည်း အသိမပေးခဲ့ပါဘူး။ သူမ ကိုယ်တိုင်လည်း ကုသမှု မယူခဲ့ပါဘူး။ ခံရသူ မိန်းကလေးအတွက် သိပ်ကိုကံဆိုးလွန်းတဲ့ ဖြစ်အင်ပါ။

          ဓာတ်ခွဲစမ်းသပ်ချက်တချို့အရ နှစ်ယောက်စလုံးရဲ့ HIV ပိုးဟာ တစ်နေရာတည်းကနေ ကူးစက်လာတာဖြစ်ပြီး  သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ သူတို့ဟာ လက်သည်းညှပ်၊ လက်သည်းကလော်၊ တံဇဉ်း စတာတွေကို အတူမျှဝေသုံးစွဲရင်း ကူးစက်သွားတာလို့ အဖြေထုတ်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးမှာရှိတဲ့ ဗိုင်းရပ်စ် တည်ဆောက်ပုံဟာ အံဖွယ်တူညီနေခဲ့တာ ဖြစ်ပါတယ်။

          ပုံမှန်ဆို အသုံးအဆောင်တွေ ဝေမျှသုံးစွဲတာက HIV ပိုး မကူးစက်စေနိုင်ပါဘူး။ ဒါပေမဲ့ သွေးပေတဲ့ အသုံးအဆောင်တွေဆိုရင်တော့ ရှားရှားပါးပါး ကူးစက်နိုင်တယ်လို့ ဆိုပါတယ်။ လက်သည်းညှပ်ကနေ ကူးတယ်ဆိုတာကတော့ အလွန်ရှားရှားပါးပါး ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။

          အမေရိကန်နိုင်ငံမှာ လူပေါင်း ၁၇၀၀၀၀ ကျော်ဟာ HIV ကူးစက်ခံနေရပြီး သူတို့ကိုယ်သူတို့ ပိုးရှိမှန်းတောင် မသိကြပါဘူး။ အင်္ဂလန်မှာဆိုရင် လူပေါင်း ၂၆၀၀၀ ဟာ ပိုးရှိနေတာကို သတိမပြုမိကြပါ။ HIV ဟာ ဖွံဖြိုးဆဲနိုင်ငံတွေရော တိုးတက်ပြီး နိုင်ငံကြီးတွေမှာ ခြိမ်းခြောက်နေတဲ့ပြဿနာ ဖြစ်ပါတယ်။

          ဒါကြောင့် တစ်ကိုယ်ရည်သုံး သီးသန့်ထားပါ။ ဘယ်သူနဲ့မှ မျှဝေမသုံးစွဲပါနဲ့။

          HIV မဖြစ်အောင် နေ့စဉ်ပြုမူ ဆောင်ရွက်နေတာတွေထဲက တချို့ကို ရှောင်ကြပါ။ ကာကွယ်ခြင်းက ကုသခြင်းထက် ကောင်းတယ်ဆိုတော့ အလေ့အကျင့်ဆိုးလေးတွေကို ဆက်မလုပ်ဖြစ်အောင် သတိထားကြည့်ကြရအောင်။

          HIV ကူးစေတဲ့ ကျန်းမာရေးဆိုင်ရာ စိတ်ပူစရာလေးတွေကို သတိနဲ့အသိ ယှဉ်တွဲလို့ မှတ်သားလေ့လာနိုင်ဖို့ တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)