/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လက်သည်း၊-ခြေသည်း-မှိုစွဲခြင်း

လက်သည်း၊ ခြေသည်း မှိုစွဲခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    လက်သည်း၊ ခြေသည်း မှိုစွဲတာကို ဆေးပညာစကားအရ Onychomycosis လို့ခေါ်တယ်။ ခြေသည်းမှိုပိုးစွဲတာ ပိုအဖြစ်များပါတယ်။

>>    သူ့ရဲ့လက္ခဏာတွေကတော့ လက်သည်း၊ ခြေသည်းမှာ -
●    ထိပ်နားမှာ အဖြူ စက်၊ အဝါစက်ကလေးတွေ ပေါ်လာခြင်း
●    ထူပြီးကြမ်းလာခြင်း
●    အစွန်းတွေ ကြွပ်ဆတ်လာခြင်း
●    အရောင်ပြောင်းလာခြင်း (အဖြူ၊ အဝါ၊ ဒါမှမဟုတ် အညိုရောင်ပြောင်းခြင်း)
●    လက်သည်းတွေကွာလာခြင်း
●    နာကျင်ခြင်း

>>    ဘာလို့ လက်သည်း၊ ခြေသည်း မှိုစွဲရတာလဲ?
    လက်သည်းအောက်ထဲကို မှိုပိုးဝင်တာကြောင့်ပါ။ လက်သည်းကျိုးရာကနေ ဝင်နိုင်သလို လက်သည်း၊ ခြေသည်း အနီးအနားအရေပြားကနေလည်း ကူးစက်နိုင်ပါတယ်။
    အများသုံး အဝတ်လဲခန်း၊ ရေကူးကန်နဲ့ ရေချိုးခန်းတွေထဲ ခြေဗလာနဲ့ဝင်ရင် ကူးစက်နိုင်ပါတယ်။ ပူနွေးစွတ်စိုတဲ့ အများသုံးနေရာတွေမှာ ခြေဗလာလျောက်တာဟာ မှိုပိုးကူးစက်ဖို့ အကောင်းဆုံး အခွင့်အရေးပါပဲ။

>>    မှိုပိုးစွဲနိုင်တဲ့ အကြောင်းရင်းတွေကတော့  -
●    ဆီးချိုရှိတာ
●    သွေးလှည့်ပတ်မှုပြဿနာရှိတာ
●    ခုခံအားစနစ်ပြဿနာရှိတာ
●    အသက် ၆ဝ အထက်ဖြစ်တာ
●    ခြေထောက်ကို ပိတ်လှောင်ထားတဲ့ဖိနပ်တွေ၊ လေဝင်လေထွက်မရှိတဲ့ဖိနပ်တွေ၊ ချွေးမစုပ်တဲ့ဖိနပ်တွေစီးတာ
●    ပူနွေးစွတ်စိုတဲ့ရာသီမှာ အလုပ်လုပ်တာ
●    ချွေးထွက်သန်တာကြောင့် အရေပြားက အမြဲစိုစွတ်နေတာတွေပါပဲ။
    ပြေးတာလိုမျိုး လေ့ကျင့်ခန်းတစ်ခုခု လုပ်သူတွေမှာ ခြေသည်းတွေ မကြာမကြာ ပျက်စီးတတ်လို့ ခြေသည်းပိုးဝင်နိုင်ခြေ များပါတယ်။ ပြေးတဲ့ဖိနပ်တွေကလည်း ခြေထောက်ကို ပူနွေးစွတ်စိုစေလို့ မှိုပိုးပွားဖို့အခွင့်ကောင်းပဲပေါ့။
    စားဖိုမှူးတွေ၊ သန့်ရှင်းရေးတွေလိုမျိုး လက် ရေအမြဲစိုနေသူတွေမှာလည်း လက်သည်းမှိုစွဲတာ များပါတယ်။
    လက်သည်း၊ ခြေသည်းမှိုစွဲတာကို သိဖို့အတွက် လက်သည်း၊ ခြေသည်းကို ခြစ်ယူ၊ ညှပ်ယူပြီး စစ်ဆေးကြည့်လို့ရပါတယ်။ ဘယ်မှိုပိုးဝင်တာလဲဆိုတာ သိနိုင်တာကြောင့် ကုသမှုမှာလည်း ပိုအကျိုးရှိပါတယ်။

>>    ဘယ်လိုကုကြမလဲ?
    စောစောသိ စောစောကုရင် လက်သည်း၊ ခြေသည်း ပျက်စီးတာ၊ ကွာတာတွေကို ကာကွယ်နိုင်ပေမယ့် ဘယ်အဆင့်မှာမဆို ကုပေးမှ နာတာ၊ ကျင်တာ အဆင်မပြေတာတွေ သက်သာပြီး လက်သည်း၊ ခြေသည်းပုံသဏ္ဌာန် ပြန်မှန်လာမှာပါ။ ဒါပေမဲ့ ကုရခက်တတ်ပြီး ကုပြီးရင်လည်း ပြန်ပြန်ဖြစ်တတ်တယ်။
    နောက်ပြီးတော့ လက်သည်း၊ ခြေသည်း (အထူးသဖြင့် ခြေသည်း) ဟာ ရှည်တာနှေးတတ်တယ်။ ကုတာအရှင်းပျောက်သွားရင်တောင် ပုံမှန်အနေအထားပြန်ရောက်ဖို့ တစ်နှစ်လောက်အထိ ကြာနိုင်ပါတယ်။ အရှင်း ပျောက်၊ မပျောက်သိဖို့ အသစ်ပြန်ထွက်လာတဲ့ လက်သည်းအသစ်ကို နည်းနည်းခြစ်ယူပြီး စစ်ကြည့်လို့ရပါတယ်။ နောက်ထပ် ထပ်ထွက်လာတာကိုလည်း ခြစ်ယူပြီးစစ်ဆေးကြည့်ပါ။ ဒါမှ ပိုးမတွေ့ဘူးဆိုရင်တော့ ပျောက်သွားပြီလို့ ယူဆရပြီး ထပ်ကုစရာမလိုတော့ဘူးပေါ့။ မကောင်းတဲ့ခြေသည်း၊ လက်သည်းတွေကို ညှပ်ထုတ်လိုက်ရုံပါပဲ။
    ခြေသည်းမှိုစွဲတာထက် လက်သည်းမှိုစွဲတာက ကုရပိုမြန်ပိုပျောက်လွယ်တတ်ပါတယ်။

>>    မှိုပိုးသတ်လိမ်းဆေး
    တကယ်လို့ မှိုပိုးကအပေါ်ယံပဲဖြစ်ပြီး အစွန်ပိုင်းကလေးပဲပါရင် လိမ်းဆေး စမ်းလိမ်းကြည့်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေတော့လည်း လက်သည်းထဲကို ကောင်းကောင်းထိုးဝင်ပြီး မှိုပိုးမသတ်နိုင်တတ်ပါဘူး။
    ဈေးကွက်ထဲမှာ မှိုပိုးသတ်လိမ်းဆေးတွေ ရနေပါပြီ။ Amorolfine (Loceryl), ciclopirox, minconazole စသဖြင့် ဆေးတွေပေါ့။
    လက်သည်း၊ ခြေသည်းအကောင်းပြန်ထွက်လာတဲ့အချိန် (၂ လ ကနေ ၁၂ လ) အထိ ဒီလိမ်းဆေးတွေကို လိမ်းပေးရပါမယ်။ ဒီလို လိမ်းဆေးလိမ်းနေတဲ့ ခြေသည်း၊ လက်သည်းမှာတော့ လက်သည်းဆိုးဆေးတွေ၊ လက်သည်းတု၊ ခြေသည်းတုတွေ မသုံးသင့်ဘူးနော်။ ဒီမှိုပိုးသတ်ဆေးတွေကို ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ ကလေးတွေ မသုံးသင့်ဘူး။
    နောက်လိမ်းဆေးတစ်မျိုးကတော့ ၂ ဆင့်ပါတယ်။ ပထမတစ်ဆင့်က ယူရီးယားလိမ်းဆေးနဲ့ ပလတ်စတစ်အစွပ်ကို ၂ ပတ်ကနေ၊ ၃ ပတ်လောက် သုံးပြီးတော့ ပိုးဝင်နေတဲ့လက်သည်း၊ ခြေသည်းတွေကို ပျော့နေအောင်လုပ်ပြီး အရင်ဖယ်ပစ်ပါမယ်။ ဒုတိယတစ်ဆင့်ကတော့ ၄ ပတ်လောက် မှိုပိုးသတ်ဆေးလိမ်းပေးပါ။ ဒီကုသမှုကလည်း ကလေးတွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာ မသင့်တော်ပါဘူး။
    ဒီလိမ်းဆေးတွေကြောင့် အနီကွက်ထတာ၊ ပိုးဝင်တာ၊ ယားယံတာနဲ့ လက်သည်း၊ ခြေသည်းအရောင်ပြောင်းတာတွေ ဖြစ်နိုင်ပါတယ်။

>>    လိမ်းဆေး
    နောက်လိမ်းဆေးတစ်မျိုးကတော့ ပိုးဝင်နေတဲ့လက်သည်း၊ ခြေသည်းကို တစ်နေ့ ၂ ကြိမ် အနည်းဆုံး ၃ လလောက် လိမ်းဆေးတံလေးနဲ့ လိမ်းပေးပါ။ အဓိက ပါဝင်ပစ္စည်းကတော့ အက်ဆစ်တစ်အက်ဆစ်ပါ။ ဒီအက်ဆစ်ဟာ လက်သည်းထဲကို ထိုးဖောက် ဝင်ရောက်ပြီး အက်ဆစ်ဓာတ်များစေတဲ့အတွက် မှိုပိုးပွားမရအောင် လုပ်ပေးတယ်။

>>    မှိုပိုးသတ်သောက်ဆေး
    လက်သည်းအရင်းတွေထဲထိတောင်ရောက်တဲ့ မှိုပိုးတွေအတွက်တော့ သောက်ဆေးလိုလာပြီပေါ့။ ဘာရွေးမလဲဆိုတာက ဘာမှိုပိုးလဲ၊ တခြားရောဂါတွေ ရှိ/မရှိ၊ ကိုယ်ဝန် ရှိ/မရှိ၊ တစ်ခြားဘာဆေးတွေ သောက်နေမနေတွေပေါ် မူတည်တယ်။ သောက်ဆေးတွေကတော့ terbinafine, itraconazole, fluconazole ဆိုပြီးတော့အမျိုးမျိုးရှိပါတယ်။ ဖြစ်တဲ့မှိုပိုး၊ ဝင်တဲ့နေရာ(လက်သည်းမှိုပိုးတွေဟာ ခြေသည်းမှိုပိုးတွေထက် ပျောက်တာပိုမြန်ပါတယ်။) တွေပေါ်မူတည်ပြီး ၆ ပတ်ကနေ ၁၂ လနဲ့အထက်အထိကို သောက်ရနိုင်ပါတယ်။
    သောက်ဆေးတွေဟာ အသည်းပျက်စီးတာ၊ အရေပြား အနီကွက်ထတာ၊ ခေါင်းကိုက်တာ၊ အူလမ်းကြောင်းပြဿနာ (ဥပမာ - ဝမ်းလျှောတာ) လိုမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

>>    လက်သည်းခွာခြင်း
    ဆေးလိမ်း ဆေးသောက်လို့ မပျောက်တဲ့အခါ နောက်တစ်နည်းကတော့ လက်သည်း၊ ခြေသည်းကို ခွာလိုက်တာပါပဲ။ ခွဲစိတ်ပြီးပဲဖြစ်ဖြစ်၊ ဓာတုပစ္စည်းနဲ့ပဲဖြစ်ဖြစ်ပေါ့။ လက်သည်းအသစ်ကတော့ အကောင်းလေး ထွက်လာမှာပေါ့။

>>    လက်သည်း၊ ခြေသည်း ဂရုစိုက်နည်းနဲ့ ကာကွယ်နည်း
    ဆေးလိမ်းဆေးသောက်တဲ့အပြင် မှိုပိုးမဝင်အောင် -
●    လက်သည်း၊ ခြေသည်း အတိုထားပါ။
●    ထူလာရင် ပါးပေးပါ။
●    ဆေးပြီးရင် လက်တွေ၊ ခြေတွေကို သေချာခြောက်အောင် သုတ်ပါ။ အထူးသ့ဖြင့် လက်ချောင်းကြား၊ ခြေချောင်းကြားတွေပေါ့။
●    ပိုးဝင်နေတဲ့ ခြေသည်း၊ လက်သည်းအတွက် သက်သက် လက်သည်းညှပ်သုံးပါ။
    လက်သည်း ပိုးဝင်တာအတွက်ကတော့ ရေစိုမယ့်အလုပ်တွေကို လက်အိပ်စွပ်ပြီး လုပ်ပေးပေါ့။ ခြေသည်းပိုးဝင်ရင် ထိပ်ပွင့်ဖိနပ်၊ ကျယ်ကျယ်ဝန်ဝန်းရှိတဲ့ဖိနပ်မျိုးကို ရွေးပါ။ အစိုဓာတ်ကို စုပ်ယူပေးနိုင်တဲ့ ခြေအိတ်သန့်သန့်လေးကို ဝတ်ပါ။ အထူးသဖြင့် ခြေဖဝါး ချွေးတအားထွက်ရင်ပေါ့။ ချွေးစိုလာရင် ခြေအိတ် လဲပေးပါ။ ပြီးတော့ အများသုံးအဝတ်လဲခန်း၊ ရေကူးကန်၊ ရေချိုးခန်းတွေမှာ ခြေဗလာနဲ့ လမ်းမလျှောက်ပါနဲ့။

Dr. Mya Phoo Ngon (www.drmyanmar.com)