လည်ချောင်းယားခြင်းအတွက် ဆေးတစ်လက်
လည်ချောင်းယားခြင်းအတွက် ဆေးနည်းတွေ အများကြီး ရှိနိုင်ပေမယ့် ဘာကြောင့် လည်ချောင်းယားနေရတယ် ဆိုတာကို အရင်ရှာဖို့ လိုအပ်ပါတယ်။ ယားယံပြီး အသက်ရှူကျပ်လာပါက ပြင်းထန်ဓာတ်မတည့်တာမျိုး ဖြစ်နိုင်တဲ့အတွက် ဆေးရုံ၊ ဆေးခန်း ပြေးဖို့ လိုအပ်ပါတယ်။
လည်ချောင်းယားယံခြင်းအတွက် ဆေးနည်းများကတော့ -
• လည်ချောင်း အစက်ချဆေး၊ ဖြန်းဆေးများ
ငုံဆေးများဟာ တံတွေးထွက်ခြင်းကို အားပေးပြီး လည်ချောင်းကို ချောမွေ့စေတဲ့အတွက် လည်ချောင်းယားခြင်းကို သက်သာစေနိုင်ပါတယ်။ အစက်ချဆေးများဟာလည်း ဖျားနာခြင်း၊ ဓာတ်မတည့်ခြင်းတို့ကြောင့်ဖြစ်တဲ့ လည်ချောင်းယားခြင်းကို သက်သာစေနိုင်ပါတယ်။ ဖြန်းဆေးတွေဟာ ငုံဆေးတွေလိုပဲဖြစ်ပြီး တစ်နေ့လုံး လိုအပ်သလို ဖြန်းပေးနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက်ရှူကျပ်တတ်တဲ့သူတွေမှာ ဖြန်းဆေးမသုံးသင့်ပါဘူး။
• ဆားရည်ငုံခြင်း
ဆေးဆိုင်တွေမှာ ဆေးရည်တွေ အလွယ်တကူ ဝယ်ယူနိုင်ပေမယ့် ဆားရည်ငုံ ပလုတ်ကျင်းပေးခြင်းက ဈေးသက်သာပြီး လည်ချောင်းယားခြင်းကို သက်သာစေနိုင်တဲ့အပြင် ဆေးရည်စွဲလမး်ခြင်း မဖြစ်ရလေအောင် ကာကွယ်နိုင်ပါတယ်။
ရေနွေး 8 အောင်စနဲ့ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်ကို ရောပါ။ ဆားရည်ကို ပါးစပ်ထဲငုံပြီး ခေါင်းမော့ကာ 10 စက္ကန့်ခန့် ပလုတ်ကျင်းပေးပါ။ ငုံလိုက်၊ ထွေးလိုက် 3 ကြိမ်ခန့်လုပ်ပြီး ကျန်ချိန်များမှာလည်း လိုအပ်သလို ပလုတ်ကျင်းပေးနိုင်ပါတယ်။ ဒါပေမဲ့ ဆားရည်ကို မျိုမချမိအောင်တော့ သတိပြုသင့်ပါတယ်။
• ရေငွေ့ဖြန်းစက်
ပတ်ဝန်းကျင် ခြောက်သွေ့လာတဲ့အခါ လည်ချောင်းခြောက်ပြီး ယားယံလာတတ်ပါတယ်။ ဒါကြောင့် ခြောက်သွေ့တဲ့ရာသီဥတုတွေမှာ လေထဲ အစိုဓာတ်ရှိစေဖို့ နေ့ရောညပါ ရေငွေ့ဖြန်းစက်လေး ဖွင့်ထားနိုင်ပါတယ်။
• ချင်းနဲ့ ပျားရည်
ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ချင်းရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ရောပြီး သောက်ပေးခြင်းက လည်ချောင်းယားခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ညဘက်မအိပ်ခင် နွေးနွေးလေးဖြစ်အောင် နွှေးသောက်နိုင်ပြီး လက်ဖက်ရည်ကြမ်းထဲရောပြီး တစ်နေကုန် နည်းနည်းစိီ သောက်ပေးနိုင်ပါတယ်။
• နနွင်းနဲ့ နွားနို့
လည်ချောင်းယားယံခြင်းအတွက် ဆေးနည်း နောက်တစ်မျိုးကတော့ နို့တစ်ခွက် (ဒါမှမဟုတ် ရေတစ်ခွက်) ကို ဆူအောင်တည်ပြီး နနွင်း လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပါ။ အအေးခံပြီး ညအိပ်ခါနီး သောက်ပေးပါ။ ယားယံတာ သက်သာသည်အထိ နေ့စဉ် သောက်ပေးနိုင်ပါတယ်။ ချင်းပြုတ်ရည် ထည့်သောက်ခြင်းကလည်း ယားယံခြင်းကို ပိုသက်သာစေနိုင်ပါတယ်။ အရသာချိုချိုဖြစ်အောင် ပျားရည်လည်း ထည့်သောက်နိုင်ပါသေးတယ်။
• Chamomile လက်ဖက်ရည်
ဥရောပမှာပေါက်တဲ့ ဒီအပွင့်ဖြူ အဆံဝါပန်းပွင့်လေးတွေဟာ လည်ချောင်းယားယံခြင်းကို အမြန်ဆုံး သက်သာစေနိုင်ပါတယ်။ ပွက်ပွက်ဆူနေတဲ့ ရေဖန်ခွက် 4 ပုံ 1 ပုံခန့်ထဲ Chamomile ခြောက် လက်ဖက်ရည်ဇွန်း 4 ဇွန်းလောက်ကို ထည့်ပြီး တစ်ကြိုက်ချင်း သောက်နိုင်ပါတယ်။ ယားယံခြင်းများကို သက်သာဖြေလျော့စေနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။
• Marshmallow အမြစ်နဲ့ ကင်ပွန်းခေါက်
ကင်ပွန်းအခေါက်ကို ငုံဆေးပြားအဖြစ် ထုတ်လုပ်တတ်ပြီး Marshmallow အမြစ်ကိုတော့ လက်ဖက်ရည်ကြမ်းအနေနဲ့ သောက်လေ့ရှိပါတယ်။ ဒီနှစ်မျိုးကို ရောစပ်ပြီး တစ်နေ့လုံး သောက်ပေးပါ။
ကိုယ်ဝန်ဆောင်များနဲ့ နို့တိုက်မိခင်များမှာ မိရိုးဖလာ ဆေးဖက်ဝင်အရွက်များ မစားသုံးမီ ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။
• လွယ်လင့်တကူ ဝယ်ယူနိုင်သော ဆေးများ
လည်ချောင်းယားခြင်းကို သက်သာစေတဲ့ ဆေးတွေကို ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ Guaifenesin၊ နှာခေါင်းဖြန်းရည်၊ ဓာတ်မတည့်ခြင်းများအတွက် Antihistamine နဲ့ အခြားသော ပလုတ်ကျင်းဆေးရည်များ၊ ငုံဆေးများ ရနိုင်ပါတယ်။ အစာချေရည် အစာပြွန်ထဲ ပြန်တက်ပြီး ရင်ပူကာ လည်ချောင်းယားသူတွေမှာ အက်ဆစ်ဓာတ်ကို နည်းစေတဲ့ Antacids ၊ H2blocker စသည်ဖြင့် ဝယ်ယူသောက်သုံးနိုင်ပါတယ်။ အကယ်၍ ဆေးဆိုင်က ဆေးဝယ်မသောက်ချင်ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြသပြီး ကုသသင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)




























