လည်ပင်းကျီးပေါင်းအကြောင်း
အသက်ကြီးလာတာနဲ့အမျှ အရာရာယိုယွင်းလာသလို လည်ပင်းအဆစ်ကြားက အရည်တွေလည်း ခမ်းခြောက်လာတယ်။ အဆစ်ကြား အရိုးနုတွေ အဆစ်ပြားတွေလည်း တစ်ဖြည်းဖြည်းချင်း ပါးပါးလာပြီး အရိုးအတက်တွေ ထွက်လာတယ်။ ဒီအရိုးအတက်တွေက ကြားထဲကနေထွက်လာတဲ့ အာရုံကြောတွေကို ထောက်မိဖိမိတဲ့အခါ နောက်ဆက်တွဲဆိုးကျုးိတွေ ဖြစ်လာတော့တာပေါ့။ ဒါကိုပဲ လည်ပင်းကျီးပေါင်းလို့ ခေါ်တာပါ။
အသက်ကြီးလာတာဟာ လည်ပင်းကျီးပေါင်းဖြစ်စေတဲ့ အကြီးမားဆုံး အကြောင်းရင်းဖြစ်ပေမယ့် လည်ပင်းဒဏ်ရာရဖူးတာ၊ လည်ပင်းကြွက်သားတွေ အသုံးများတာ၊ လည်ပင်းထားပုံ ပုံစံမမှန်တာတွေကြောင့်လည်း ဖြစ်တတ်သေးတယ်နော်။
လည်ပင်းကြီး တောင့်နေပြီး လှုပ်မရတာ၊ ပုခုံးတွေ လက်မောင်းတွေတစ်လျှောက် နာတာ၊ နောက်စေ့ကိုက်တာတွေနဲ့ အဓိကလာတတ်တယ်။ အာရုံကြောမကြီးကို ဖိမိတဲ့အခါ ခြေတွေ၊ လက်တွေ လှုပ်မရတော့တာမျိုးတောင် ဖြစ်နိုင်တယ်။
ဒီလိုလည်ပင်းကျီးပေါင်း ဖြစ်လာခဲ့ရင် ပုံစံမှန်အောင်နေတာ၊ လေ့ကျင့်ခန်း လုပ်တာတွေအပြင် ဒီနည်းလေးတွေကို စမ်းလုပ်ကြည့်လို့ရတယ်နော်။
● ဆားခါးရေနဲ့ ရေချိုးခြင်း
ဆားခါး ၂ ဇွန်းနဲ့ ရေနည်းနည်းရောပြီး နာနေတဲ့နေရာကို နှိပ်ပေးလို့ရတယ်။ ဆားခါးနှစ်ခွက်လောက်ကို ရေနွေးလေးနဲ့ စပ်ချိုးပေးရင်လည်း ကောင်းတယ်။
● ကြက်သွန်ဖြူ
ကြက်သွန်ဖြူကို အစိမ်းပဲဖြစ်ဖြစ်၊ ဆီလေးနဲ့ ထပ်ခြမ်းကြော်ပြီးပဲဖြစ်ဖြစ် နေ့တိုင်းစားပေးပါ။
● နံနွင်း
နို့ထဲ နံနွင်း လက်ဖက်ရည်ဇွန်းတစ်ဇွန်း ထည့်သောက်ပေးပါ။
● နှမ်း
နှမ်းပူပူလေးကို နာနေတဲ့နေရာမှာ လိမ်းပေးတာ၊ နှမ်းလှော်လက်ဖက်ရည်ဇွန်း တစ်ဇွန်း နေ့တိုင်း စားပေးတာမျိုး လုပ်ပေးလို့ရတယ်နော်။
● ကြွက်သားနဲ့ အကြောလေ့ကျင့်ခန်း
ပုံမှန်လုပ်ပေးရင် အချိန်နဲ့အမျှ ပိုပိုသက်သာလာလိမ့်မယ်။
● နှိပ်နယ်ပေးခြင်း
အရေးကြီးတာက နှိပ်နယ်ပေးတဲ့သူဟာ တကယ်ကျွမ်းကျင်ပြီး ရောဂါအကြောင်းသိသူဖြစ်ဖို့ို လိုတယ်။ ပြင်းပြင်းထန်ထန် မနှိပ်သင့်ပါ၊
● အပူ၊ အအေးကပ်ခြင်း
လည်ပင်းနေရာကို အပူတစ်လှည့်၊ အအေးတစ်လှည့် ကပ်ပေးပါ။
● ဆေး
ပုံမှန် အကိုက်အခဲပျောက်ဆေးတွေအပြင် ကြွက်သား ပြေလျော့စေတဲ့ဆေးတွေကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သောက်ဖို့ လိုတယ်။
နောက်ဆုံးအနေနဲ့ အရမ်းဆိုးလာခဲ့ရင် ခွဲစိတ်ကုသဖု့ိ လိုလာနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























