လည်ပင်းကြီးခြင်း အကြောင်းအရင်းများ
လည်ပင်းကြီးရောဂါလို့ အပြောများတဲ့ရောဂါဟာ တကယ်တော့ လည်ပင်းက သိုင်းရွိုက်အကျိတ်က ကြီးလာတာပါ။ လူတိုင်း ဖြစ်နိုင်ချေရှိပြီး အသက် ၄၀ ကျော် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။
သိုင်းရွိုက်အကျိတ် က ကြီးလာတယ်ဆိုတာ သူ့ရဲ့ အလုပ်လုပ်ပုံတွေ ဒါမှမဟုတ် ပုံပန်းသဏ္ဌာန်တစ်ခုခု ပြောင်းလဲသွားလို့ ဖြစ်ပါတယ်။ အဖြစ်များဆုံးအကြောင်းရင်းတွေကတော့ ဒီမှာပါ။
>> အလုပ်လုပ်တာ ပုံမမှန်တာ
အလုပ ်အရမ်းလုပ်နေတာနဲ့ အလုပ်မလုပ်တာဆိုပြီး ၂ မျိုး ရှိပါတယ်။ ၂ မျိုးလုံးကတော့ လည်ပင်းကြီးနိုင်ပါတယ်။
နောက် Graves’ disease လို့ခေါ်တဲ့ ရောဂါပါ။ သူက ကိုယ်ခံအား အချင်းချင်း ပြန်တိုက်ခိုင်းတဲ့သဘောပါ။ ကိုယ်ခံအားကပဲ သိုင်းရွိုက်ကို သွားသွားတိုက်ခိုက်ပြီး သိုင်းရွိုက်ကို ကြီးထွားစေတဲ့ဟော်မုန်းတွေ များများထွက်စေပါတယ်။
Hashimoto ကိုလည်း ကိုယ်ခံအားက သိုင်းရွိုက်ကို တိုက်စေတာပါပဲ။ ဒါပေမဲ့ သူကကျ သိုင်းရွိုက်ကို ယောင်စေ၊ ပျက်စီးစေပြီး ဟော်မုန်းထုတ်တာ နည်းစေပါတယ်။ ဒီလို ဟော်မုန်းထုတ်တာ နည်းသွားပေမယ့် ခန္ဓာကိုယ်က များများထုတ်စေချင်တဲ့အတွက် ဟော်မုန်းထွက်အောင် လှုံ့ဆော်ပေးတဲ့ဓာတ်တွေ ပိုထုတ်ပါတယ်။ ဒီလိုနည်းနဲ့ လည်ပင်းကြီးလာစေပါတယ်။
>> ဟော်မုန်းအပြောင်းအလဲတွေကြောင့်
တချို့အချိန်တွေမှာ ဟော်မုန်းပမာဏ အပြောင်းအလဲဖြစ်တာကလည်း လည်ပင်းကြီးစေပါတယ်။ ဥပမာ - လူပျို အပျိုဖြစ်ချိန်၊ ကိုယ်ဝန်ဆောင်ချိန်နဲ့ သွေးဆုံးချိန်တွေပါ။ ဒါကြောင့်လည်း မိန်းမတွေဟာ ယောက်ျားတွေထက် လည်ပင်းကြီးရောဂါ ပိုဖြစ်တာလို့ ခန့်မှန်းရပါတယ်။
>> အိုင်အိုဒင်းစားတာ မလုံလောက်လို့
အိုင်အိုဒင်းက ငါးတွေ၊ အရွက်တွေထဲမှာ ပါတဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး သိုင်းရွိုက်ဟော်မုန်းထုတ်ဖို့အတွက် လိုအပ်ပါတယ်။ အိုင်အိုဒင်းနည်းရင် ဟော်မုန်းပမာဏ ကျဆင်းသွားပြီး အပေါ်မှာ ပြောခဲ့သလို များများထွက်အောင် ခန္ဓာကိုယ်က လှုံ့ဆော်တာမို့ လည်ပင်း ကြီးစေပါတယ်။
အစာ ကြေးများတဲ့လူတွေ၊ တောင်ပေါ်ဒေသမှာ နေတဲ့လူတွေဟာ အိုင်အိုဒင်း ချို့တဲ့နိုင်ပါတယ်။ ဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ စတာတွေကလည်း အိုင်အိုဒင်းချို့တဲ့တာကို ပိုဆိုးစေပြီး သိုင်းရွိုက်ဟော်မုန်း ထုတ်တာကို တားဆီးပေးပါတယ်။
>> တချို့ဆေးတွေ
တချို့ဆေးတွေကလည်း လည်ပင်းကြီးရောဂါကို ဖြစ်စေပါတယ်။ ဥပမာ - စိတ်ရောဂါအတွက် သုံးတဲ့ lithium ဆိုတဲ့ဆေး၊ ရင်တုန်တဲ့အတွက်ပေးတဲ့ amiodrone ဆိုတဲ့ဆေးတွေက လည်ပင်းကြီးရောဂါကို ဖြစ်စေပါတယ်။
>> သိုင်းရွိုက်ရောင်တာ
သိုင်းရွိုက်ကျိတ်ရောင်တာက နာလည်း နာစေပြီး ဟော်မုန်းကို ပိုထုတ်စေတာ ဒါမှမဟုတ် မထုတ်တော့တာ ၂ မျိုးလုံး ဖြစ်နိုင်ပြီး လည်ပင်းကြီးစေပါတယ်။
>> ဓာတ်ကင်တာ
လည်ပင်း၊ ရင်ဘတ် စတာတွေကို ဓာတ်ရောင်ခြည်နဲ့ ထိတွေ့ရတာ များလာရင် လည်ပင်းကြီးစေပါတယ်။ အထူးသဖြင့် ဓာတ်ကင်ကုသနေရတဲ့ လည်ပင်းကင်ဆာသမားတွေမှာ တွေ့ရများပါတယ်။
>> သိုင်းရွိုက်ထဲမှာ အလုံးအကျိတ်တွေ၊ ရေအိတ်တွေ ရှိနေတာ
ဒီလို အလုံးတွေ၊ ရေအိတ်တွေ ရှိနေတာက သိုင်းရွိုက်ကျိတ်ရဲ့လုပ်ငန်းကို နှောင့်ယှက်ပါတယ်။ များသောအားဖြင့် ရိုးရိုးအကျိတ်တွေဖြစ်ပြီး ကင်ဆာကျိတ်ကတော့ ရှားပါတယ်။
Dr. Htar (www.drmyanmar.com)






























