/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လိင်တူ-စိတ်ဝင်စားတယ်ဆိုတာ

လိင်တူ စိတ်ဝင်စားတယ်ဆိုတာ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          သဘာဝကျကျ လိင်စိတ်ဆိုတာ တကယ်တော့ မရှိပါဘူး။ လိင်စိတ်ဆိုတာ အမျိုးအမည် ထွေပြားများပြားနေတတ်တဲ့အပြင် ကိုယ့်ကျမှ ဒီလိုသူများတွေကျ ဒီလို စတဲ့ အတွေးတွေ မများစေချင်ပါဘူး။ ဆန့်ကျင်ဘက်လိင်ချင်း စိတ်မဝင်စားဘဲ လိင်တူစိတ်ဝင်စားနေမိရင် ကိုယ့်ကိုယ်ကိုယ် အပြစ်ကြီးလို့ ယူဆမနေပါနဲ့။

          ကမ္ဘာပေါ်မှာရှိတဲ့ ယောက်ျားမိန်းမတိုင်းဟာ မတူညီတဲ့ လိင်ပိုင်းဆိုင်ရာ ခံစားမှုတွေ ရှိနေပါတယ်။ သဘာဝကို မဆန့်ကျင်ပါဘူးဆိုရင်တောင် ဆန့်ကျင်ဘက်လိင်နဲ့ အတူနေရင်း လိင်တူချင်း စိတ်ဝင်စားနေမိတာလည်း ဖြစ်နေနိုင်ပါတယ်။

          ဒါကြောင့် အိမ်ထောင်ပြုပြီးမှ ကိုယ့်ယောက်ျားက အိမ်ကမိန်းမကို ပစ်ပြီး  ယောက်ျားယူသွားလို့ ဆိုတာတွေ ကြားနေရတာပေါ့။

          လိင်စိတ်ဆိုတာ အတွေ့အကြုံတွေ၊ တစ်ကိုယ်တည်းနေတာတွေ ကြာတာတွေ ကိုယ်ရည်ကိုယ်သွေးတွေနဲ့ ဆက်စပ်ခြင်း မရှိပါဘူး။ သူ့အလိုအလျောက် ပြောင်းလဲခံစားလာရတာဖြစ်လို့ လိင်တူနှစ်သက်သူတွေကို အပြစ်မတင်ထိုက်ပါဘူး။

          တစ်ချိန်ထဲမှာပဲ အမျိုးသမီးတစ်ဦးမှာ ခင်ပွန်း ရှိနေပါလျက် အမျိုးသမီးအချင်းချင်း ပြန်စိတ်ဝင်စားလာတဲ့ Lesbian တစ်ယောက်အဖြစ် ကူးပြောင်းသွားနိုင်ပြန်ပါတယ်။

          ကလေးရှိတာ၊ ခင်ပွန်းချစ်တာ ခံရတာ၊ ရုပ်ချော၊ ရုပ်ဆိုးနဲ့ မဆိုင်ဘဲ လိင်သက်ဝင်ခံစားမှု အလိုအလျောက် ပြောင်းလဲတာ ဖြစ်ပါတယ်။ မြန်မာအယူအဆဆိုရင် ကံကံ၏ အကျိုးကြောင့်သာလို့ မှတ်ရမှာပါပဲ။

          မိမိပတ်ဝန်းကျင်မှာ လိင်တူစိတ်ဝင်စားနေသူတွေကို သဘာဝနဲ့ ဆန့်ကျင်တယ်လို့ အပြစ်တင် သရော်ကဲ့ရဲ့မယ့်အစား သူ့ဘဝ သူ့ကံတရားနဲ့ စိတ်ခံစားမှုအရ ဖြစ်တည်ပြောင်းလဲလာရတာကို အထူး နားလည်ပေးစေချင်ပါတယ်။

          လိင်တူနှစ်သက်တဲ့ ယောက်ျားတွေအပြင် လိင်တူနှစ်သက်တဲ့ မိန်းမတွေလည်း အခုခေတ်မှ မဟုတ် အရင်ခေတ်မှာကတည်းက ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဖော်ထုတ်မပြသဝံ့တဲ့ လူ့အသိုင်းအဝိုင်းအတွက် လက်ခံစရာ အခြေအနေ မဟုတ်လို့ သက်ဆိုင်ရာ စိတ်ခံစားမှုကို ချိုးနှိမ်နေခဲ့ကြတာ ဖြစ်ပါတယ်။

          တခြားလူရဲ့ လိင်ခံစားမှုတွေ ပြောင်းလဲလို့ မိမိလည်း မပြောင်းလဲဘူး မထင်လိုက်ပါနဲ့။ လိင်နှစ်သက်စွဲလမ်းမှုနဲ့ အကြိုက်တွေဟာ ဘယ်လိုအခြေအနေမှာမဆို ပြောင်းသွားနိုင်သေးတာမို့ ဘယ်သူ့ကိုမှ အပြစ်တင်ဝေဖန်လို့ မရပါဘူး။

          လိင်တူစိတ်ဝင်စားသူ ဖြစ်နေခဲ့ရင် စိတ်မချမ်းမသာ မဖြစ်ပါနဲ့။ ဒီစိတ်ခံစားမှုကို လူ့ပတ်ဝန်းကျင်က အတိုင်းအတာတစ်ခုထိ နားလည်လက်ခံလာကြပြီမို့ ဘဝကို ခေါင်းမော့ရင်ကော့ပြီး ဆက်လက်ရင်ဆိုင်သွားကြဖို့ အားပေးတိုက်တွန်းလိုပါတယ်။

မာလာခင် (စိန်ပန်း) (www.drmyanmar.com)