/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လိင်မှုကိစ္စနဲ့-အယူအဆအမှားများ-၁

လိင်မှုကိစ္စနဲ့ အယူအဆအမှားများ (၁)

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

       ဒီလိုလိင်မှုကိစ္စနဲ့ ပတ်သတ်တဲ့ အယူအဆအမှားတွေကို လူတိုင်း ကြားဖူးကြလိမ့်မယ်လို့ ထင်တယ်။ အထူးသဖြင့် လူပျို၊ အပျိုဖော် ဝင်ခါစမှာပေါ့။

 

၁။     အပျိုအမြှေးပါးအကြောင်း

          အပျို စစ်၊ မစစ်သိချင်ရင် အပျိုအမြှေးပါးကို ကြည့်တဲ့။ ဒါကို လူတိုင်းကြားဖူးကြမှာပေါ့နော်။ ဒါပေမဲ့ ယဉ်ကျေးမှု အတော်များများက လက်ခံထားသလိုတော့ သိပ်မဟုတ်လှဘူး။

          အပျိုအမြှေးပါးဆိုတာ မိန်းမကိုယ်အဝနားမှာ ကာရံထားတဲ့ အမြှေးပါးလေးပါ။ တစ်ယောက်နဲ့ တစ်ယောက် ပုံသဏ္ဌာန်၊ အရွယ်အစား ကွာခြားမှုရှိနိုင်တယ်။ ပြီးတော့ မိန်းမကိုယ်အဝကို လုံးဝကြီး အုပ်ထားတာတော့လည်း မဟုတ်ပြန်ဘူးနော်။ ဒါမှသာ ဓမ္မတာသွေးတွေနဲ့ မိန်းမကိုယ်အဖြူတွေ ဆင်းနိုင်မှာပေါ့။

          တချို့မှာဆို အပျိုမြှေး လုံးဝပါမလာတာ၊ အပျိုမြှေးက မိန်းမကိုယ် အဝတစ်ခုလုံးကို ပိတ်နေတာကြောင့် ဓမ္မတာသွေး၊ မိန်းမကိုယ်အချွဲတွေ မဆင်းနိုင်တာမျိုးတွေ ဖြစ်တတ်တယ်။

          တကယ်တော့ လိင်ဆက်ဆံတာတင်မကဘဲ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်တာ၊ လှုပ်ရှားတာတွေကလည်း အပျိုမြှေး ပြဲနိုင်ပါသေးတယ်။

          ပြီးတော့ အပျိုမြှေးဟာ ကျုံ့နိုင်ဆန့်နိုင်တာကြောင့် တစ်ခါတလေ လိင်ဆက်ဆံတဲ့အခါမှာ မပြဲတာမျိုးလည်း ဖြစ်နိုင်တယ်။

          ဒါကြောင့် လူအမျိုးမျိုး၊ အပျိုမြှေး အထွေထွေ ဖြစ်နိုင်တယ် ဆိုတာပါပဲ။

 

၂။     ရာသီလာချိန် အတူနေရင် ကလေးမရဘူးလား?

          နောက်ထပ် အမှားများတဲ့ အချက်တစ်ချက်က ရာသီလာချိန် အတူနေရင် ကိုယ်ဝန် မရနိုင်ဘူးဆိုတာပါပဲ။ တကယ်လည်း တော်တော် အဖြစ်နည်းတယ်။ ဒါပေမဲ့လည်း လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ဘူးနော်။

          ဖြစ်နိုင်ခြေက အမျိုးသမီးရဲ့ ဓမ္မတာစက်ဝန်းပေါ် မူတည်နေတယ်။ အများစုမှာတော့ ဓမ္မတာစက်ဝန်း ၂၈ ရက်ရှိပြီး ဒီထဲက ၃ ရက်ကနေ ၅ ရက်ကို ရာသီလာတယ်။

          အမျိုးသမီးတွေဟာ သားဥကြွေချိန်မှာ ကလေးရနိုင်ခြေ အများဆုံးပါပဲ။ များသောအားဖြင့်တော့ ရာသီမလာခင် ၁၂ ရက်ကနေ ၁၆ ရက်အတွင်းမှာ သားဥကြွေတတ်ကြတယ်။

          ဒါပေမဲ့ ဓမ္မတာစက်ဝန်းတိုတဲ့ အမျိုးသမီးတွေဆိုရင် သားဥကြွေတာကလည်း စောနိုင်တာပေါ့။

          အမျိုးသားသုတ်ပိုးဟာ အမျိုးသမီးမွေးလမ်းကြောင်းထဲ ၅ ရက်လောက် အသက်ရှင်နိုင်တာကြောင့် အချိန်တိုက်ဆိုင်သွားရင် သားဥကြွေချိန်ထိ ရောက်သွားတတ်တယ်။

          အဲဒါကြောင့် ကလေးယူဖို့ အစီအစဉ်မရှိသေးရင် ရာသီလာချိန်လည်း ကွန်ဒုံးသုံးပါ။

 

၃။     အမျိုးသမီးတွေနဲ့ အိမ်ထောင်ရေးသုခ

          လူတွေ မှားယွင်းနေကြတာက အမျိုးသမီးတွေဟာ မိန်းမကိုယ်ထဲ အမျိုသားလိင်တံ ထည့်သွင်းမှ အိမ်ထောင်ရေးသုခ ရတယ်ဆိုတာပါပဲ။

          တကယ်တော့ ဒီလိုထိုးသွင်းမှ မဟုတ်ဘဲ အမျိုးသမီးအင်္ဂါရှေ့ Clitoris လို့ခေါ်တဲ့အရာလေးကို လှုံ့ဆော်ပေးတာကလည်း အရေးပါ,ပါတယ်။

          အဲဒါကြောင့် အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ အိမ်ထောင်ရေးသုခပြည့်စုံဖို့ တစ်ယောက် လိုအပ်ချက်အကြောင်း တစ်ယောက်သိဖို့ အရေးကြီးတယ်။

          လိင်မှုကိစ္စ အယူအဆတွေနဲ့ ပတ်သတ်ရင် တွေ့သမျှ၊ ပြောသမျှတွေကို မယုံကြည်ဘဲ တကယ်သိပ္ပံနည်းကျ လေ့လာချက်တွေကို ရှာဖွေဖတ်ရှုပြီးမှ ချင့်ယုံပါ။ တကယ်အရေးကြီဆုံးက ကိုယ့်ခန္ဓာကိုယ်အကြောင်းကို ကိုယ်သိပါစေ။

Dr. Emerld (www.drmyanmar.com)