/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လိပ်ခေါင်းကလေး-မပြူ့တစ်ပြူ

လိပ်ခေါင်းကလေး မပြူ့တစ်ပြူ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          လိပ်ခေါင်းဖြစ်နေသူတွေအတွက် အိမ်မှာ အလွယ်တကူ သက်သာပျောက်ကင်းစေဖို့ ပြုလုပ်နိုင်တဲ့ နည်းလမ်းများ ရှိပါတယ်။လိပ်ခေါင်းကြောင့် နာကျင်ခြင်းကို သက်သာစေပြီး အနာကျက်စေနိုင်ဖို့ ဒီနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

 

1.      အမျှင်များများ စားပါ။

          ပထမ အရေးအကြီးဆုံးကတော့ အမျှင်များများ စားပေးဖို့ပဲ ဖြစ်ပါတယ်။ တချို့တွေကတော့ တစ်နေ့ကို အမျှင်ဓာတ် 20 မှ 30 ဂရမ်ခန့် ရရှိနိုင်အောင် အမျှင်ဓာတ် ဖြည့်စွက်စာတွေ စားလေ့ရှိကြပါတယ်။ အမျှင်ပါတဲ့ ဖြည့်စွက်စာတွေကိုလည်း စားပေးနိုင်ပါတယ်။

 

2.      အဆီ ထည့်စားပါ။

          သတ္တုဆီ တစ်ဇွန်းစာလောက်ကို ပန်းသီးယို သို့မဟုတ် ဒိန်ချဉ်နဲ့ရောပြီး မနက်စာ ဒါမှမဟုတ် နေ့လယ်စာစားချိန်မှာ ထည့်စားပေးခြင်းဖြင့် ဝမ်းသွားတဲ့အခါ ညှစ်စရာမလို မနာမကျင်ဘဲ ဝမ်းရှောရှောရှူရှူ ထွက်စေနိုင်ပါတယ်။ ဒါပေမဲ့ ယာယီပဲ ကောင်းပါတယ်။ အချိန်ကြာကြာ မလုပ်သင့်ပါဘူး။ ဝမ်းထဲမှ အဆီတွေ စိမ့်ထွက်လာပြီး ပေကျံတတ်တဲ့အတွက် အတွငး်ခံမှာ လိုင်နာအပါးလေး ခံထားသင့်ပါတယ်။

 

3.      အချိန်မဆွဲပါနဲ့။

          ဝမ်းသွားချင်စိတ် ဖြစ်လာတဲ့အခါ ချက်ချင်း အိမ်သာပြေးပါ။ အောင့်ထားပြီး အဆင်ပြေတဲ့အချိန်မှ သွားခြင်းက ဝမ်းချုပ်စေတတ်ပြီး လိပ်ခေါင်းကို ပိုဆိုးစေနိုင်ပါတယ်။

 

4.      ခြေထောက်မြှောက်ထားကြည့်ပါ။

          ဘိုထိုင်အိမ်သာမှာ ထိုင်သွားရင်း ခြေထောက်ကို ခုံတစ်ခုခုပေါ် မြှောက်တင်ထားခြင်းက အူမကြီးရဲ့ အနေအထားကို ပြောင်းလဲစေပြီး ဝမ်းသွားရ ပိုလွယ်ကူစေနိုင်ပါတယ်။

 

5.      ဆေးဝယ်သောက်ပါ။

          လိပ်ခေါင်းအတွက် ဆေးကို ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ ဟေဇယ်လ်စေ့နဲ့ ပြုလုပ်ထားတဲ့ ကပ်ခွာတွေ၊ လိမ်းဆေးတွေကို အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ မသက်သာရင်တော့ ဆရာဝန်နဲ့ ပြသပြီး ညွှန်ကြားတဲ့အတိုင်း ဆေးသောက်သင့်ပါတယ်။

 

6.      ရေနွေးထိုင်ပါ။

       ရေနွေးထိုင်ခြင်းရဲ့ ရလဒ်ကို လျော့မတွက်ပါနဲ့။ ဇလုံကြီးကြီးတစ်ခုကိုယူပြီး ရေနွေးဖြည့်ကာ 10 မိနစ်မှ 15 မိနစ်ခန့် တစ်နေ့ကို 2 ကြိမ်၊ 3 ကြိမ် ထိုင်ပေးပါ။

 

>>    လိပ်ခေါင်းကို ဘယ်အချိန်မှာ ဖယ်ရှားပစ်ရမလဲ?

          ဘယ်လိုနည်းတွေနဲ့ပဲ ကြိုးစားကြိုးစား လိပ်ခေါင်းက လုံးဝပြန်မဝင်သွားဘဲ သွေးတွေ ထွက်လာတယ်၊ ဝမ်းချုပ်လာတယ်၊ အနေအထိုင် ခက်လာတယ် ဆိုရင်တော့ လိပ်ခေါင်းကို ဖယ်ရှားပစ်သင့်ပါတယ်။ ခွဲစိတ်စရာမလိုတဲ့ နည်းလမ်း 2 ခုကတော့ သားရေကွင်းပစ်ခြင်းနဲ့ လေဆာပစ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်း 2 ခုက လိပ်ခေါင်းကို သေးသွားစေနိုင်ပါတယ်။ တချို့မှာတော့ ဒီနည်းလောက်နဲ့မရဘဲ လိပ်ခေါင်း ဖြတ်ထုတ်ဖို့ လိုအပ်လာနိုင်ပါတယ်။

Dr. Emerald (www.drmyanmar.com)