လိပ်ခေါင်းရောဂါဖြစ်ရင် ကိုယ့်ကိုယ်ကို ဘယ်လိုဂရုစိုက်ကြမလဲ
လိပ်ခေါင်းမှာ အပြင်လိပ်နဲ့ အတွင်းလိပ်ဆိုပြီးတော့ ၂ မျိုး ရှိပါတယ်။ အထူးသဖြင့်တော့ အသက် ၄၀ ကျော်အရွယ်နဲ့ ကိုယ်ဝန်ဆောင်တွေမှာ အဖြစ်များပါတယ်။
အပြင်လိပ်ဆိုတာက စအိုပတ်လည်မှာ သေးသေးလေးရောင်ပြီးတော့ နာနေတာပါ။
အတွင်းလိပ်ကတော့ မနာပေမယ့် သွေးထွက်ပါတယ်။ စအိုရဲ့အတွင်းဘက်မှာ အားနည်းပြီးတော့ ပျက်စီးမှုရှိလို့ ဖြစ်တာပါ။ အသက်ကြီးလာတာ၊ ဝမ်းမာမာတွေသွားတာ၊ ကိုယ်ဝန်ဆောင်၊ သွေးကြောများထုံးခြင်း၊ အထိုင်များခြင်း၊ နာတာရှည်ဝမ်းလျှောခြင်း၊ အူလမ်းကြောင်းကင်ဆာတွေကြောင့် လိပ်ခေါင်း အဖြစ်များပါတယ်။
>> ရောဂါလက္ခဏာများ
● စအိုနေရာမှ သွေးထွက်ခြငး် (အထူးသဖြင့် အိမ်သာသွားတဲ့အချိန်တွေမှာ အိမ်သာသုံးစက္ကူမှာ သွေးစတွေ တွေ့နိုင်ပါတယ်။
● စအိုတစ်ဝိုက် ယားယံခြင်း
● စအိုနေရာမှာ ပူစပ်ပူလောင်နဲ့ နာကျင်ခြင်း - အထူးသဖြင့် အိမ်သာသွားချိန်
● အိမ်သာသွားလျှင် ညှစ်ရခြင်း
>> ဒါတွေဖြစ်ရင် ဆရာဝန်သွားပြပါ။
● လိပ်ခေါင်း ပထမဆုံးအကြိမ်ဖြစ်ရင်
● ကလေးမှာ လိပ်ခေါင်းဖြစ်ရင်
● သွေးက ဝမ်းနဲ့ရောပြီးတော့ ထွက်လာရင်
● သွေးထွက်တာက မတိတ်ရင် (သို့) အရောင်ရင့်ရင်
● စအိုတစ်ဝိုက်မှာ အနာ၊ အဖုမာမာတွေ ပေါက်ရင်၊ အရမ်းနာ အရမ်းယားရင်
● အိမ်သာသွားပြီးရင် လိပ်ခေါင်းကို အတွင်းဘက်ကို ပြန်ပြန်ထည့်နေရရင်
● စအိုကနေပြီးတော့ အချွဲတွေနဲ့ အခြားအရည်တွေထွက်ရင်
● အိမ်သာသွားတဲ့အခါမှာ အရမ်းညှစ်ရပြီးတော့ သွားရတာ မဝသလို ခံစားရရင်
● အိမ်သာသွားတိုင်း အရမ်းနာရင်
● ရောဂါလက္ခဏာတွေက သုံးပတ်ထက် ပိုကြာနေရင်၊ တစ်ပတ်ကြာပြီးနောက်မှာ လိပ်ခေါင်း မသက်သာလာရင်၊ လိပ်ခေါင်းပြန်ဖြစ်ရင်
● နာတာရှည်ဝမ်းချုပ်၊ ဝမ်းလျှောဖြစ်ရင်၊ ဝမ်းအကျင့်တွေ ပြောင်းသွားရင်
● ကိုယ်ပူခြင်း၊ ဗိုက်အောင့်ခြင်း၊ အန်ခြင်း၊ ပျို့ခြင်းတွေဖြစ်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း
● အကြောင်းအရင်းမရှိ ကိုယ်အလေးချိန် ကျခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း
● လိပ်ခေါင်းကို ကုနေရက်နဲ့ မသက်သာဘဲ ပိုဆိုးလာရင်
● ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေမှာဆိုရင် တချို့ဆေးတွေက သောက်ဖို့မသင့်ပါဘူး။
● အူမကြီးကင်ဆာ၊ အူရောင်ရောဂါမျိုးရိုးရှိရင်
● တခြားရောဂါတွေရှိရင် (သို့) စွဲသောက်နေရတဲ့ဆေးတွေရှိရင်
● ဆေးမတည့်တာရှိရင် စတာတွေရှိရင် ဆေးခးန်းသွားပြပါ။
>> အိမ်တွင်းပြုစုနည်းများ
● လိပ်ခေါင်းနေရာကို ရေခဲအုံပေးခြင်းက သက်သာစေပါတယ်။
● ဆားရေနွေး စိမ်ပေးတာကလည်း လိပ်ခေါင်းနာတာကို သက်သာစေပါသတဲ့ အထူးသဖြင့် ဝမ်းသွားပြီးအချိန်တွေမှာ ပိုသိသာပါတယ်။
● အိမ်သာတက်ပြီးရင် ပုံမှန်အိမ်သာတစ်ရှူးတွေနဲ့ မသုတ်ဘဲ ကလေးအတွက်သုံးတဲ့ တစ်ရှူးအစိုန့ဲ သုတ်ပါ။
● အနာဖြစ်နေတဲ့နေရာကို မကုတ်ပါနဲ့။
● သက်သောင့်သက်သာဖြစ်စေဖို့ ချည်အတွင်းခံဘောင်းဘီကို ဝတ်ပါ။
● ဝမ်းချုပ်တာ၊ ဝမ်းပျက်တာဖြစ်ရင် ကုသပါ။
● အမျှင်ဓာတ် များများစားပါ၊ အရည် များများသောက်ပေးပါ။
● ကိုယ်စားနေကျ အစာတွေမှာ အမျှင်ဓာတ် များများမပါဘူးဆိုရင် ဖြည်းဖြည်းချင်း ထည့်စားပေးပါ။
● လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
● အိမ်သာတက်တဲ့အခါမှာ မညှစ်ပါနဲ့။
● လေးလံတဲ့ပစ္စည်းတွေကို မ,တဲ့အခါမှာ နည်းမှန်လမ်းမှန်နဲ့ မ,ပါ။
● အချိန်အကြာကြီး မတ်တပ်ရပ်ခြင်း၊ ထိုင်ခြင်းများကို တတ်နိုင်သမျှ ရှောင်ပါ။
● ဝမ်းသွားချင်ပြီဆိုတာနဲ့ အောင့်မထားဘဲ အိမ်သာ ချက်ချင်းသွားပါ။ အောင့်ထားတာက လိပ်ခေါင်းကို ပိုဆိုးစေပါတယ်။
>> ကုထုံးနှင့် သက်ဆိုင်သောအချက်များ
● ကုထုံးတွေက ယားယံခြင်း၊ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း စတဲ့ လက္ခဏာတွေကို သက်သာရာ ရစေနိုင်ပါတယ်။
● လက္ခဏာ ဘယ်လောက်ဆိုးလဲ ဆိုတာအပေါ် မူတည်ပြီးတော့ ကုထုံးကို ရွေးချယ်ရပါတယ်။
● အပြင်လိပ်ပျောက်ဖို့၊ သက်သာလာဖို့ဆိုရင် တစ်ပတ်လောက်တော့ ကြာနိုင်ပါတယ်။
● တချို့လိပ်ခေါင်းဆေးတွေက ရေရှည်မသုံးသင့်ဘဲ ခဏတာသာ သုံးသင့်တဲ့အတွက် ဆေးအညွှန်း သေချာဖတ်ဖို့ လိုပါတယ်။
● လိပ်ခေါင်းလိမ်းဆေးတွေကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ်နဲ့ အိမ်သာသွားပြီးချိန်တွေမှာ လိမ်းပေးတာ အကောင်းဆုံးပါ။
● စအိုထဲ ထည့်တဲ့ဆေးတွေမှာဆိုရင် အပေါ်က ပတ်ထားတဲ့စက္ကူ (သို့) ပလတ်စတစ်စကို ခွာပြီးမှ လုံးဝိုင်းပြီး ချွန်နေတဲ့ဘက်ကနေ စအိုထဲကို ထည့်ပါ။
● လိပ်ခေါင်းဆေးတွေက အများအားဖြင့် တည့်တာ များပေမယ့်လည်း တချို့လူတွေမှာတော့ အနည်းငယ် မတည့်တာတွေ ဖြစ်တတ်ပါတယ်။
● လိပ်ခေါင်းက မသက်သာဘဲ နာနေတယ်ဆိုရင်တော့ ခွဲစိတ်ကုသမှုခံယူဖို့ လိုနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























