/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လိပ်ခေါင်းအကြောင်း-သိကောင်းစရာ

လိပ်ခေါင်းအကြောင်း သိကောင်းစရာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကျွန်မမှာ လိပ်ခေါင်းရှိနေတယ် ဆရာမ ... ဆေးခန်းပြရမှာလည်း ရှက်တယ် ... ဘာတွေရှောင်သင့်လဲ? ဘာတွေလိုက်နာရမလဲ ပြောပြပေးပါ။

လိပ်ခေါင်းရှိသူများအနေနှင့် ကျားမ မရွေး ရှက်ကြပြီး ဆေးခန်းပြဖို့ ဝန်လေးကြတဲ့အတွက် အချိန်လွန်မှ ခွဲစိတ်ရတာမျိုး ဖြစ်လေ့ရှိပါတယ်။
တကယ်တော့ စအိုနှင့်ဝမ်းအိမ်အောက်ဘက်တစ်ဝိုက်မှာရှိတဲ့ သွေးပြန်ကြောများ ဖောင်းလာရာကနေ ဆေးပညာအရ Haemorrhoids ခေါ် လိပ်ခေါင်းဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

>>  လိပ်ခေါင်းရှိသူများတွေ့ကြုံရတဲ့ လက္ခဏာတွေကတော့ -
●  ဝမ်းသွားတဲ့အခါ သွေးစများတွေ့ရခြင်း
●  စအိုတစ်ဝိုက် ယားယံခြင်း
●  စအိုမှ အလုံးတစ်ခုခု တစ်ဆို့ဆို့ဖြစ်နေခြင်း၊ ဝမ်းသွားပြီးတိုင်း ထိုအလုံးကို လက်ဖြင့်ပြန်သွင်းရခြင်း
●  ဝမ်းသွားပြီးတိုင်း အချွဲများ ဆင်းခြင်း
●  စအိုတစ်ဝိုက် နာကျင်ခြင်း၊ နီရဲရောင်ကိုင်းနေခြင်းတို့ ဖြစ်ပါတယ်။

>>  ဘာကြောင့် လိပ်ခေါင်းဖြစ်သလဲ?
●  အဝလွန်ခြင်း၊ ဝဖြိုးခြင်း
●  အသက်ကြီးသူများတွင် ကြွက်သားများအားနည်းခြင်းကြောင့်
●  ကိုယ်ဝန်ရှိသူများ ကိုယ်ဝန်ရင့်လာတဲ့အခါ တင်ပဆုံကွင်းအတွင်းရှိ သွေးကြောများပေါ်သို့ ဖိအားများလာခြင်းကြောင့်
●  မိသားစုတွင် လိပ်ခေါင်းရှိသူရှိခြင်း
●  အလေးအပင်များ မကြာခဏ မခြင်း
●  အဆက်မပြတ် ချောင်းဆိုးခြင်း (သို့) အန်ခြင်းကြောင့်
●  အထိုင်များခြင်း
●  ဝမ်းချုပ်ခြင်း စသည်တို့ကြောင့် ဖြစ်ကြပါတယ်။

>>  ဘယ်လို ကာကွယ်မလဲ?
●  ကိုယ်ဝန်ကြောင့်ဖြစ်သော လိပ်ခေါင်းတွေဟာ ကလေးမွေးပြီးချိန်မှာ အလိုအလျောက် ပြန်လည်သက်သာလေ့ရှိပါတယ်။
●  ဝမ်းမှန်စေဖို့ အမျှင်ဓာတ်ကြွယ်ဝသော သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုးနှင့် အစေ့အဆံတို့ကို နေ့စဉ်စားပါ။
●  ရေနှင့် အရည်များများသောက်ပါ။ ကော်ဖီနှင့်အရက်သောက်ခြင်း ရှောင်ပါ။
●  ကိုယ်အလေးချိန်လျှော့ချပါ။
●  ဝမ်းသွားချိန်တိုင်း အောင့်မထားဘဲ သွားပေးသင့်ပါတယ်။
●  ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ။
●  စိတ်ဖိစီးမှုများကို လျော့ပါးအောင် ကြိုးစားပါ။

>>  ဘယ်အချိန်မှာ ဆေးခန်းပြသင့်လဲ?
လိပ်ခေါင်းဟာ ပုံမှန်အားဖြင့် နာကျင်ခြင်းမရှိတတ်ပါဘူး။ ဒါပေမယ့် မိမိမှာ လနှင့်ချီပြီး လိပ်ခေါင်းရှိနေခြင်း၊ လိပ်ခေါင်းဟာ လက်ဖြင့် ပြန်သွင်းလို့မရတော့ခြင်း၊ နာကျင်ခြင်း စတာတွေ တွေ့ကြုံရပြီဆိုရင်တော့ ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။ ကုသနည်းတွေအနေနှင့် ဆေးသောက်ခြင်း၊ လိမ်းဆေးလိမ်းခြင်း၊ ရာဘာကွင်းဖြင့် ကုသခြင်း၊ ခွဲစိတ်ကုသခြင်းစသည်ဖြင့် အမျိုးမျိုး ရှိပါတယ်။

လိပ်ခေါင်းရှိသူတွေအနေနှင့် အထက်မှာ ပြောပြသွားတဲ့ နေထိုင်မှုပုံစံလေးတွေကို လိုက်နာခြင်းဖြင့် ဆိုးရွားသောအခြေအနေမဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ သို့သော် နာကျင်ခြင်းနှင့်အတူ နေ့စဉ်လှုပ်ရှားမှုကိုပါ ထိခိုက်နေပြီဆိုရင်တော့ ဆရာဝန်နှင့်ပြသဖို့ တိုက်တွန်းလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)