လုပ်ငန်းခွင်စိုးရိမ်ပူပန်မှု ကြုံလာတဲ့အခါ
တစ်စုံတစ်ခုနဲ့ပတ်သက်ပြီး အလွန်အမင်း စိတ်ပူပန်တတ်တာဟာ စိတ်ရောဂါတစ်မျိုးပါ။ အမျိုးသမီးသုံးယောက်မှာတစ်ယောက်နှုန်း၊ အမျိုးသားငါးယောက်မှာတစ်ယောက်နှုန်း ဒီစိတ်ရောဂါကို ခံစားနေကြရပါတယ်။
ယေဘုယျအားဖြင့် စိုးရိမ်ပူပန်မှုဆိုတာ စိတ်ဖိစီးစေတဲ့ အခြေအနေတစ်ခုခုနဲ့ ကြုံလာတဲ့အခါ ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ်ရဲ့ ပုံမှန်တုံ့ပြန်မှုပါ။ ဒါပေမဲ့ ပုံမှန်ထက်ပိုပြီး စိတ်အပူလွန်နေမယ်ဆိုရင်တော့ Anxiety လို့ခေါ်တဲ့ စိုးရိမ်ပူပန်မှုဝေဒနာကို ခံစားနေရပါပြီ။ စိုးရိမ်ပူပန်မှု အမျိုးမျိုးရှိတဲ့အထဲမှာမှ လုပ်ငန်းခွင်စိုးရိမ်ပူပန်မှုဆိုတာကလည်း တော်တော်များများကြုံတွေ့နေရတဲ့ ပြဿနာတစ်ရပ်ပါ။
Ultra C 1
>> လုပ်ငန်းခွင်စိုးရိမ်ပူပန်မှုဆိုတာ ဘာလဲ?
လုပ်ငန်းခွင်နေရာကို ကြောက်ရွံ့မှု၊ ဒါမှမဟုတ် မိမိရဲ့ အလုပ်လုပ်နိုင်စွမ်းနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုရှိနေတာကို ဆိုလိုတာပါ။ ဒီလိုဖြစ်တာဟာ လူတစ်ယောက်ရဲ့ အာရုံစူးစိုက်မှု၊ စိတ်ကျေနပ်မှု၊ စိတ်အားထက်သန်မှု၊ တာဝန်ကျေပွန်အောင်လုပ်နိုင်မှုတွေအပေါ် ဆိုးကျိုးတွေ သက်ရောက်စေပါတယ်။
အတွေ့များတဲ့ လုပ်ငန်းခွင်စိုးရိမ်ပူပန်မှုတွေကတော့ အများရှေ့မှာ စကားပြောရမှာ ကြောက်ရွံ့ခြင်း၊ အများနဲ့အုပ်စုဖွဲ့အလုပ်လုပ်ရမှာ ကြောက်ရွံ့ခြင်း၊ Deadline မတိုင်ခင် အလုပ်မပြီးမှာကို စိတ်ပူခြင်း၊ ရာထူးတက်ဖို့ မထိုက်တန်ဘူးလို့ တွေးခြင်း၊ အလုပ်အထုတ်ခံရမှာ၊ အလုပ်မှာအရှက်ကွဲမှာ၊ သိမ်ငယ်မှာကို ကြောက်ရွံ့ခြင်း၊ လုပ်ငန်းတာဝန်အသစ်လုပ်ဆောင်ရမှာကိုကြောက်ပြီး ကမ်းလှမ်းချက်ကို ငြင်းပယ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ဒီလိုစိုးရိမ်ပူပန်မှုတွေရှိနေတာကို လျစ်လျူရှုထားမယ်ဆိုရင် အချိန်ကြာလာတဲ့အခါ မိမိရဲ့စိတ်ကျန်းမာရေးကိုသာမက အလုပ်အကိုင်ကိုပါ ထိခိုက်လာပါလိမ့်မယ်။
Ultra C 2
လုပ်ငန်းခွင်စိုးရိမ်ပူပန်ရှိသူတွေမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့ မိမိကိုယ်ကို စိတ်ဆတ်တယ်၊ စိတ်ဓာတ်ကျတယ်လို့ ခံစားရခြင်း၊ အမှားမရှိတာတောင် မိမိရဲ့လုပ်ဆောင်ချက်ကို မကျေနပ်ခြင်း၊ စိတ်လိုက်မာန်ပါလုပ်ခြင်း၊ အလုပ်ထဲ စိတ်ဝင်စားမှု နည်းလာခြင်း၊ မိမိရဲ့စွမ်းဆောင်ရည်ပေါ် ယုံကြည်မှု ကျဆင်းလာခြင်း၊ စားသောက်မှုပုံစံ ပြောင်းလဲသွားပြီး အစာအိမ်ပြဿနာတွေ ဖြစ်လာခြင်း၊ မှတ်ဉာဏ်ထိခိုက်လာခြင်း၊ အိပ်မပျော်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ တစ်ယောက်တည်းသီးသန့်နေလာပြီး အလုပ်ပျက်လာခြင်း၊ အရက်နဲ့ အိပ်ဆေး၊ မူးယစ်ဆေးစွဲလာခြင်း စတာတွေပဲ ဖြစ်ပါတယ်






























