/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လုပ်ငန်းခွင်တွင်-စိတ်ပျော်ရွှင်

လုပ်ငန်းခွင်တွင် စိတ်ပျော်ရွှင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         Monday blues လို့ခေါ်တဲ့  တနင်္လာနေ့တွင် စိတ်မရွှင်ပျဖြစ်ခြင်းကို  ၀န်ထမ်းတိုင်းလိုလိုခံစားတတ်ကြပါတယ်။  ဒီလိုစိတ်မရွှင်မပျဖြစ်ခြင်းဟာ အလုပ်တွေမပြီးစေနိုင်သလို  အကြံဉာဏ်ကောင်း၊ စိတ်ကူးစိတ်သန်းအသစ်တွေလည်း မထွက်စေနိုင်ပါဘူး။  ဒါကြောင့် လုပ်ငန်းခွင်မှာ စိတ်ညှိုးနွမ်းနေစိတ်ဖြစ်တာကို  အေ၀းကိုလွင့်စင်သွားအောင်လုပ်နိုင်တဲ့နည်းလမ်းကောင်းများစွာကို  လေ့လာထားသင့်ပါတယ်။    

1.  တနေ့တာအလုပ်ကိုစနစ်တကျအစီအစဉ်ချပြီးမှလုပ်ပါ။

ပထဆုံးအနေနဲ့ လာနေကျအချိန်ထက် မိနစ်ပိုင်းလောက်စောစောလာပြီး တနေ့တာလုပ်ရမယ့်လုပ်ငန်းတွေကို   စနစ်တကျစုစည်းထားကာ မိမိအလုပ်အပေါ်အာရုံစိုက်နိုင်မှုအားကောင်းအောင် စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပါ။ ဒုတိယအဆင့်အနေနဲ့ကတော့ သင့်အလုပ်စားပွဲကို ရှင်းလင်းသေသပ်စွာထားဖို့ပဲဖြစ်ပါတယ်။  အလုပ်စားပွဲပေါ်မှာ စာရွက်စာတမ်းတွေ၊  အသုံးမလိုတဲ့ပစ္စည်းတွေနဲ့ရှုပ်ပွနေခြင်းဟာ သင့်စိတ်ကိုရှုပ်ထွေးအောင်နှိုးဆွတာမျိုးဖြစ်စေတာကြောင့်  မလိုတဲ့ပစ္စည်းတွေကို ရှင်းထုတ်ပစ်ခြင်း၊  အီးမေးလ်အပောာင်းတွေကိုဖျက်ပစ်ခြင်းဖြင့် လုပ်ငန်းခွင်တွင်တစ်နေ့လုံး စိတ်ရှုပ်နေရတာမျိုးမဖြစ်အောင် ကိုယ်အလုပ်လုပ်တဲ့နေရာတစ်၀ိုက် သန့်ရှင်းနေအောင်ထားသင့်ပါတယ်။ နောက်ဆုံးအနေနဲ့  လုပ်ဆောင်သင့်တာကတော့ တနေ့တာလုပ်ရမယ့်အလုပ်တွေအများကြီးထဲမှ  ဦးစားပေးလုပ်ရမယ့်အလုပ်ကို အရင်ဆုံးဦးစားပေးလုပ်ဖို့ ဆုံးဖြတ်ချက်ချသင့်ပါတယ်။   သင့်အတွက်ခက်ခဲမယ်လို့ထင်တဲ့အလုပ်ကို အလုပ်လုပ်ဖိ့ုစပြီဆိုတာနဲ့ အရင်ဆုံးလုပ်လိုက်ခြင်းဟာ ထိုအလုပ်အတွက် သင့်စိတ်ထဲမှာစိုးရိမ်ပူပန်နေရတာကို ပေါ့ပါးသွားအောင် ကိုယ့်စိတ်ကိုဖြေလျှော့လိုက်ခြင်းပဲဖြစ်ပါတယ်။  

2.  အလုပ်စားပွဲပေါ်မှာ  အမြင်ဆန်းစေမယ့်  ပစ္စည်းလေးတွေထားပါ။

အလုပ်သွားလျှင် ကိုယ့်ကိုယ်စမတ်ကျအောင်ပြင်ဆင်ပြီးသွားခြင်းဟာ ယုံကြည်မှုကိုပိုတိုးစေနိုင်သလိုပါပဲ ကိုယ်နေ့စဉ်အလုပ်လုပ်တဲ့စားပွဲလေးမှာ ထူးထူးခြားခြားပစ္စည်းလေးတွေထားပြီး တန်ဆာဆင်ခြင်းဟာသင့်စိတ်ကို ပျော်ရွှင်ကြည်နူးစေနိုင်ပါတယ်။  ဒါကြောင့်  သင့်ရဲ့အလုပ်စားပွဲပေါ်မှာ ချစ်စရာကောင်းပြီးဆန်းသစ်တဲ့ စာရေးကိရိယာပစ္စည်းလေးတွေကို တင်ထားခြင်း၊  မိသားစုအမှတ်တရရိုက်ထားတဲ့ဓာတ်ပုံမှန်ဘောင်ကိုထားရှိခြင်း၊ အနုပညာလက်ရာမြောက်ပန်းချီကားလေးတွေဒါမှမဟုတ်  ကိုယ်တိုင်လုပ်ထားတဲ့  handmade ပစ္စည်းလေးတွေဒါမှမဟုတ် ဟာသရုပ်တွေပါရှိတဲ့ပြက္ခဒိန်ကို တင်ထားခြင်း၊  အလှပန်းအိုးလေးတစ်အိုးထားကာ စားပွဲကိုအလှဆင်ခြင်းဟာ သင့်စိတ်မှာအမြဲတမ်းပျော်ရွှင်မှုကို ခံစားရစေနိုင်ပါတယ်။ 

3.  ယုံကြည်မှု  ပိုတိုးစေမယ့်  အ၀တ်အစားမျုးိကို ရွေးချယ်၀တ်ဆင်ပါ။ 

၀န်ထမ်းအများစုကတော့ uniform  ၀တ်ပြီးရုံးတက်ကြရတာများပါတယ်။  ကိုယ့်စိတ်ကြိုက်အ၀တ်အစား၀တ်ဆင်ခွင့်ရှိတဲ့အလုပ်မျိုးဆိုရင်တော့ စိတ်ကိုလွတ်လပ်ပေါ့ပါးစေပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုတိုးစေမယ့်  အ၀တ်အစားများရွေးချယ်၀တ်ဆင်ပါလို့အကြံပြုချင်ပါတယ်။ Accessories တွေ၊ လက်၀တ်ရတနာတွေ၀တ်ဆင်ရတာကို ကြိုက်တယ်ဆိုရင်လည်း ကိုယ့်ယုံကြည်စိတ်ကိုပိုကြွသွားအောင် support လုပ်တဲ့အနေနဲ့ အ၀တ်အစားနဲ့လိုက်ဖက်မယ့်  အဆင်တန်ဆာမျိုးတွေကို ရွေးချယ်ဆင်မြန်းသင့်ပါတယ်။ လက်ကိုင်အိတ်ကောင်းကောင်းတစ်အိတ်ကလည်း  သင့်ကိုယုံကြည်မှုတိုးစေမှာပါ။ Uniform ၀တ်ရတဲ့၀န်ထမ်းတွေအနေနဲ့ကတော့ accessories တွေကို  အမြင်ရိုးမသွားစေနိုင်အောင်  အပြောင်းအလဲလုပ်ပြီး ၀တ်ဆင်ခြင်းက ကိုယ်ပိုင်စတိုင်ကိုပိုပေါ်လွင်စေနိုင်သလို  ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရှိလာသလို ခံစားရစေနိုင်ပါတယ်။ အ၀တ်အစား၊  အဆင်တန်ဆာတွေက သင့်ရဲ့အပြင်ပန်းအသွင်အပြင်ကို တောက်ပစေနိုင်သလို သင့်စိတ်ကိုလည်းပျော်ရွှင်စေကာ ရဲရင့်ပြတ်သားစွာဆုံးဖြတ်ချက်ချနိုင်တဲ့ ယုံကြည်စိတ်ကိုလည်းဖြစ်ထွန်းစေပါတယ်။    

4.  တစ်နေ့တစ်မျိုးမရိုးစေမယ့်  အပြုအမူမျိုးကိုလုပ်ဆောင်ပါ။

တစ်နေ့လာလည်း  ဒီအလုပ်၊ နောက်တစ်နေ့ကူးသွားလည်းဒီအလုပ်ကို နေ့စဉ်ထူးမခြားနားစက်ရုပ်တစ်ရုပ်လုပ်ရတာ ကြာလာတဲ့အခါ ငြီးငွေ့စိတ်၀င်လာပြီး ကိုယ့်ကိုယ်စိတ်ကျေနပ်မှုမရှိခြင်းတွေ  အလိုအလျောက်၀င်လာတတ်ပါတယ်။  ဒါကြောင့် တစ်နေ့နဲ့တစ်နေ့ အနည်းအကျဉ်းကွဲလွဲမှုရှိစေမယ့်အပြုအမူတွေကို ထည့်သွင်းလုပ်ဆောင်သင့်ပါတယ်။   ဥပမာ ဘာသာစကားအသစ်တစ်ခုလေ့လာဖို့ သင်တန်းတက်တာ၊ ဗဟုသုတရစေမယ့်  အကြောင်းအရာတွေကို တစ်ဦးနဲ့တစ်ဦး sharing  လုပ်တာ၊  စက်ဘီးစီးတာ၊  gym ဆော့တာ စတဲ့လုပ်ဆောင်မှုတွေက  သင့်စိတ်ငြီးငွေ့မှုကိုပြေပျောက်စေပါတယ်။  

5.  လေ့ကျင့်ခန်းလုပ်ပါ။ 

တစ်နေ့တာလုပ်ငန်းစဉ်အချိန်ဇယားထဲမှာ လေ့ကျင့်ခန်းလုပ်ချိန်ကိုထည့်သွင်းထားသင့်ပါတယ်။ လေ့ကျင့်ခန်း လုပ်ခြင်းဟာ ဖိစီးမှုတွေကိုဖြေလျှော့ပေးနိုင်ပြီး စိတ်ခံစားမှုကိုမြှင့်တင်ပေးနိုင်သော၊ စိတ်ခံစားချက်ကောင်းစေသော endorphin နဲ့ anandamide ဟော်မုန်းနှစ်မျိုးကို ထွက်စေပါတယ်။ ဖျားနာမှုကင်းေ၀းကာ ကျန်းမာကြံ့ခိုင်တဲ့  ၀န်ထမ်းတစ်ယောက်ဖြစ်ဖို့အတွက်  လေ့ကျင့်ခန်းကိုနေ့စဉ်ပုံမှန်လုပ်ဆောင်သင့်ပါတယ်။

6.  စိတ်ပျော်ရွှင်မှုကို ပေးစွမ်းနိုင်မယ့်  အစားအစာကိုရွေးစားပါ။

အလုပ်အားလပ်ချိန်အတွင်း သွားရေစာမုန့်၀ယ်စားမယ်ဆိုလည်း အာဟာရပြည့်၀ပြီး ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် မုန့်ပဲသွားရေစာတွေစားခြင်းက စိတ်ခံစားချက်ကောင်းအောင်အထောက်အပံ့ပေးနိုင်ပါတယ်။ သစ်ကြားသီး၊ ဌက်ပျောသီး၊   ဖြူစင်အောင်ဖွပ်မထားတဲ့ ဂျုံကြမ်း၊ ဆန်ကြမ်း၊ အစေ့အဆန် စတဲ့အစားအစာတွေက စိတ်ခံစားမှုကောင်းစေနိုင်တာကြောင့်   အလုပ်တာ၀န်တွေကို စိတ်ကြည်လင်စွာထမ်းဆောင်နိုင်အောင် အစားအစာကိုလည်းဂရုစိုက်ပေးသင့်ပါတယ်။ 

7.  လုပ်ဖော်ကိုင်ဖက် များ နဲ့ ရင်းနှီးဖော်ရွေ စွာပြောဆိုဆက်ဆံပါ။   

လုပ်ငန်းခွင်မှာလုပ်ဖော်ကိုင်ဖက်အချင်းချင်း အကျွမ်းတ၀င်ရှိခြင်းဟာ စိတ်ပျော်ရွှင်မှုရအောင်ဖန်တီးလုပ်ယူစရာမလိုတဲ့  နည်းလမ်းကောင်းတစ်ခုဖြစ်တယ်လို့ဆိုလို့ရပါတယ်။ ဒါကြောင့် လုပ်ဖော်ကိုင်ဖက်ချင်း အခင်အမင်ပျက်စေနိုင်တဲ့ အမူအကျင့်မျိုးတွေကို အတတ်နိုင်ဆုံးရှောင်ကျဉ်သင့်ပါတယ်။ ဥပမာ- တစ်ယောက်အကြောင်းကို တစ်ယောက်ရဲ့နောက်ကွယ်မှာ  အတင်းစကားသဖွယ်ပြောဆိုခြင်း၊ နိုင်ထက်စီးနင်းပြုခြင်း၊  အထင်သေးသည့်အကြည့် (သို့)  စကားလုံးတို့ဖြင့် တခြားသူ၏အရည်အချင်းကိုေ၀ဖန်ခြင်း၊  မနာလိုစိတ်ဖြစ်ခြင်း စတဲ့အသေးအဖွဲလို့ထင်ရတဲ့ အမူအကျင့်တွေကြောင့် တစ်ဖက်သားဘက်ကိုအကြီးအကျယ်ထိခိုက်နစ်နာစေပါတယ်။  တစ်ဦးနဲ့တစ်ဦးကြား သဘောထားကွဲလွဲမှုရှိပါက အမြန်ဆုံးပြန်လည်ဖြေရှင်းသင့်ကာ စိတ်ထားဖြူဖြူစင်စင်ထားပြီး ပြောဆိုဆက်ဆံနေထိုင်ပြုမူမယ်ဆိုရင်တော့ လုပ်ငန်းခွင်မှာမိတ်ဆွေကောင်း မိတ်ဆွေစစ်များ တိုးပွားသထက်တိုးပွားလာမှာဖြစ်တဲ့အပြင် လူချစ်လူခင်လည်းများလာမှာဖြစ်ပါတယ်။

8.  အလုပ်ကိုလေးစားပါ

ကိုယ်လက်ရှိလုပ်နေတဲ့အလုပ်ကို ဒီထက်ပိုကောင်းအောင်၊ ပိုတိုးတက်လာအောင် ဘယ်လိုသင့်သလဲဆိုပြီး   အလုပ်ဘက်သို့စဉ်းစားကာ စေတနာနာပါပါလုပ်ကိုင်ပေးခြင်းဟာ လုပ်ငန်းကိုလည်းပိုမိုအောင်မြင်စေနိုင်သလို ကိုယ့်ရဲ့အရည်အသွေးတွေကိုလည်း တက်စေပါတယ်။ နောက်ပြီးလုပ်ဖော်ကိုင်ဖက်အား ကူညီပေးခြင်း၊ ကိုယ့်ရဲ့အရည်အချင်းတွေတက်လာအောင် အမြဲမပြတ်ကြိုးစားနေခြင်းကြောင့် ကိုယ်လိုချင်တဲ့ပန်းတိုင်ကို  အရောက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မိမိအနေနဲ့မည်သည့်တာ၀န်ကိုထမ်းဆောင်နေသည်ဖြစ်စေ အလုပ်ကိုလေးလေးစားစားလုပ်ပြီး   အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားမယ်လို့စိတ်ထားလိုက်ခြင်းက အလုပ်နဲ့ ပတ်သက်လို့  မကောင်းတဲ့အတွေးတွေ၀င်လာစေမှာမဟုတ်တော့ဘဲ မိမိလုပ်နေတဲ့အပေါ်အားငယ်သေးသိမ်တဲ့စိတ်လည်း ၀င်လာစေမှာမဟုတ်ပါဘူး။        

www.drmyanmar.com