လူကြောက်ရောဂါ
လူအတော်များများဟာ တချို့အခြေအနေတွေမှာ စိတ်လှုပ်ရှား ကြောက်ရွံ့တတ်ကြတယ်။ ဥပမာပြောရရင် ရည်းစားနဲ့ ပထမဆုံး လျှောက်လည်တာတို့၊ လူရှေ့ထွက်ပြီး စကားပြောရတာမျိုးတို့မှာပေါ့။ ဟုတ်တယ်မလား?
ဒါပေမဲ့ တချို့တချို့သော လူကြောက်ရောဂါ ရှိသူတွေမှာတော့ နေ့တိုင်းနေ့တိုင်းကို အလှောင်ခံ၊ အပြောခံရမှာ ကြောက်နေတာ၊ ရှက်နေတာ၊ မပြောရဲ မဆိုရဲတာတွေ ရှိတတ်ကြရှာတယ်။
ဒီလိုကြောက်ပြီး ရှက်ရွံ့နေတာကြောင့် ဖယ်ရင်း ရှောင်ရင်း လူမှုအဖွဲ့အစည်းနဲ့ ကင်းကွာလာတတ်တယ်။ နေ့တိုင်း လုပ်နေရတဲ့အလုပ်တွေ၊ ကျောင်းတွေမှာတောင် စိတ်ဖိစီးမှုတွေ များလာနိုင်တယ်။
တကယ်တော့ ဒီရောဂါက ပေါ့သေးသေးတော့ မဟုတ်ဘူးနော်။ နာတာရှည် စိတ်ရောဂါတစ်မျိုးပဲ။ ဒါကြောင့် မပေါ့မဆ စိတ်ကုထုံးတွေ၊ ဆေးတွေနဲ့ ကုသပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုတွေ၊ လူအများနဲ့ ဆက်ဆံနိုင်မှုတွေ တိုးပွားအောင် ကြိုးစားသင့်တယ်နော်။
သူ့ရဲ့လက္ခဏာရပ်တွေကတော့ -
တချို့အခြေအနေတွေမှာ ရှက်နေတာ၊ သက်သောင့်သက်သာ မရှိတာမျိုးတွေက လူကြောက်ရောဂါရယ်လို့တော့ ပြောမရဘူး။ အထူးသဖြင့် ကလေးတွေမှာပေါ့။ ကိုယ်ရည်ကိုယ်သွေးနဲ့ ဘဝအတွေ့အကြုံတွေပေါ် မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် လူမှုအခြေအနေတွေမှာ သက်သောင့်သက်သာရှိတဲ့ level ချင်း မတူတတ်ကြတာကို သတိပြုဖို့တော့ လိုတယ်နော်။ တချို့တွေက နည်းနည်း သီးသန့်နေတတ်ပြီး တချို့ကျတော့ အရမ်းကို လူဝင်ဆန့်ကြတယ်။
လူကြောက်ရောဂါကျတော့ ဒီလိုမဟုတ်ပါဘူး။ ကြောက်ရွံ့နေတာ၊ ရှက်ရွံ့နေတာ၊ လူတွေရှောင်တာက ပုံမှန်ထက်ကို ပိုဆိုးပြီး ကျောင်းတွေ၊ အလုပ်တွေမှာပါ ထိခိုက်လာတတ်တယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်တွေမှာ စဖြစ်တတ်ပြီး တစ်ခါတလေ ကလေးဘဝကတည်းက ဒါမှမဟုတ် လူကြီးဘဝရောက်မှ ဖြစ်တတ်တာမျိုးလည်း ရှိတယ်။
စိတ်ခံစားချက်နဲ့ အပြုအမူလက္ခဏာတွေကတော့ -
ပုံမှန်ထက်ကို
● အဝေဖန်ခံရမှာ ကြောက်နေတာ
● အရှက်ကွဲမှာ ကြောက်နေတာ
● သူစိမ်းတွေနဲ့ ပြောဆိုဆက်ဆံရမှာ ကြောက်တာ
● စိတ်ပူပန်နေတာကို သူများသိသွားမှာ ကြောက်တာ
● ပါးတွေ နီလာတာ၊ ချွေးတွေ ပြန်လာမှာ၊ တုန်ယင်လာမှာ၊ အသံတုန်နေမှာတွေကို တွေးကြောက်နေတာ
● ရှက်ပြီး တစ်ခုခ ုလုပ်ရမှာ၊ စကားပြောရမှာကို ရှောင်တာ
● အာရုံအစိုက်ခံရမှာ ကြောက်တာ
● ကြောက်တာ တစ်ခုခုဖြစ်မှာစိုးတာ
● လူတွေနဲ့ ဆက်ဆံရမယ်ဆို အရမ်းကို ထိတ်လန့်နေတာ
● ဒီလို ပွဲတစ်ခုခုပြီးသွားရင်လည်း ကိုယ်လုပ်ခဲ့တာ၊ ပြောခဲ့တာတွေကို တစ်စိမ့်စိမ့်နဲ့ စမြုံ့ပြန်ပြီး အပြစ်လိုက်ရှာနေတာ
● အဆိုးဆုံးကိုပဲ ကြိုတွေးထားတာတွေ ရှိတတ်ကြတယ်။
ကလေးတွေမှာ ဒီလိုကြောက်တာကို ငိုယို၊ အော်ဟစ်၊ သောင်းကြန်း၊ လူကြီးတွေ မိဘတွေကို တွယ်ကပ်ပြီး တစ်ခုခုဆို စကားမပြောတာမျိုးနဲ့ ပြပါလိမ့်မယ်။
တချို့ကျတော့လည်း ပုံမှန်အချိန်ဆို ဘာမှမဖြစ်ပေမယ့် လူရှေထွက်ပြီး တစ်ခုခု လုပ်ရ၊ စကားပြောရတော့မယ်ဆိုမှ အရမ်းကြောက်လန့် ပူပန်တာမျိုး ရှိတယ်။
ဒီလိုဖြစ်နေချိန်မှာ -
● ပါးတွေ ရဲနေတာ
● နှလုံးခုန် မြန်တာ
● တုန်ယင်နေတာ
● ချွေးစေးတွေ ပြန်နေတာ
● ဗိုက်မအီမသာဖြစ်ပြီး အန်ချင်နေတာ
● အသက်ရှူရ ခက်တာ
● မူးခနဲ မိုက်ခနဲဖြစ်တာ
● ခေါင်းထဲ ဘာမှမရှိတော့တာ
● ကြွက်သားတွေ တောင့်တင်းနေတာမျိုး ဖြစ်တတ်တယ်။
ဒီရောဂါရှိတဲ့လူတွေမှာ -
● သူစိမ်းတွေနဲ့ ဆက်ဆံရမှာ
● လူစုလူဝေး များတဲ့နေရာ၊ ပါတီတွေ တက်ရမှာ
● အလုပ်တွေ၊ ကျောင်းတွေ သွားရမှာ
● စကားစပြောရမှာ
● မျက်လုံးချင်း ဆုံရမှာ
● ဒိတ်လုပ်ရမှာ
● လူတွေအားလုံး ထိုင်နေကြတဲ့အခန်းထဲ ဝင်ရမှာ
● ဆိုင်မှာ ပစ္စည်းပြန်သွားလဲရမှာ
● သူများတွေရှေ့ စားရမှာ
● အများသုံးအိမ်သာ သုံးရမှာတွေကိုတောင် ကြောက်နေတတ်တယ်။
ဒီလက္ခဏာတွေဟာ အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲလာပြီး စိတ်ဖိစီးမှု များလာရင် ပြန်ပြီးထတတ်တယ်။ စိတ်ဖိစီးမှုကို ရှောင်လိုက်တာက ယာယီမှာ အဆင်ပြေပေမယ့် ရေရှည်အတွက် ဆိုရင်တော့ သေသေချာချာ ကုသမှု ခံသင့်တယ်နော်။
ရှက်လို့၊ စိတ်ပူလို့၊ အစိုးရိမ်လွန်တတ်လု့ိ ပုံမှန်လူမှုဆက်ဆံရေးတွေကို ရှောင်နေမိပြီ ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသင့်ပြီ။
ဒါဆိုရင် ဘာကြောင့် ဒီလိုရောဂါကြီး ဖြစ်ရတာလဲ မေးချင်စရာ ဖြစ်လာပြီ။
● မျိုးရိုးဗီဇ : မျိုးရိုးလိုက်တတ်တယ်လို့ ပြောပေမယ့် ဘယ်လောက်ရာခိုင်နှုန်းက မျိုးရိုးလိုက်ပြီး ဘယ်လောက်ရာခိုင်နှုန်းက လေ့လာသင်ယူထားတာလဲဆိုတာ ပြောရခက်ပါတယ်။
● ဦးနှောက်ဖွဲ့စည်းပုံ : ဦးနှောက်ထဲမှာရှိတဲ့ amygdala လို့ခေါ်တဲ့ အရာလေးဟာ ကြောက်စိတ်ကို ထိန်းချုပ်ထားတယ်။ ဒီပစ္စည်း အရမ်းအလုပ်လုပ်နေတဲ့ လူတွေမှာ ကြောက်စိတ်တွေ အရမ်းများပြီး လူမှုဆက်ဆံရေးမှာ စိတ်ပူပန်နေတတ်ကြတယ်။
● ပတ်ဝန်းကျင် : အများစုကတော့ ပတ်ဝန်းကျင်ရဲ့ ပြုပြင်မှုကြောင့် ဖြစ်တာများတယ်။ ရှက်စရာကောင်းတဲ့ အဖြစ်အပျက် တစ်ခုခုကြောင့် ဖြစ်သွားတာလည်း ရှိတတ်တယ်။ မိဘတွေကိုယ်နှိုက်က ပေါင်းသင်းဆက်ဆံရေးမှာ စိတ်ပူပန်တတ်တာ၊ ဒါမှမဟုတ် သားသမီးကို အရမ်းစိုးမိုးလွန်းတာတွေကြောင့် ဖြစ်တာများတယ်။
>> ဘယ်လိုလူတွေမှာ လူကြောက်ရောဂါ ဖြစ်တတ်သလဲ ကြည့်ရအောင်
● မိသားစုရာဇဝင် : အမေအဖေတွေနဲ့ ညီအစ်ကို၊ မောင်နှမတွေမှာရှိရင် ပိုဖြစ်တတ်တယ်။
● အတွေ့အကြုံဆိုးတွေ : အစခံ အနောက်ခံရတာ၊ အနိုင်ကျင့်ခံရတာ၊ အရှက်ခွဲခံရတာတွေက လူကြောက်ရောဂါကို ဖြစ်စေနိုင်တယ်။ ပြီးတော့ မိသားစုထဲ ရန်ခဏခဏဖြစ်တာနဲ့ အိမ်တွင်း အကြမ်းဖက်မှုတွေကလည်း လူတွေနဲ့ ဆက်ဆံရမှာ ကြောက်စေတဲ့ အတွေ့အကြုံဆိုးတွေ ဖြစ်လာတယ်။
● အပြုအမူပုံစံ : အခြေအနေအသစ်တွေ၊ လူအသစ်တွေနဲ့ တွေ့တဲ့အခါ ရှက်နေရွံ့နေတာ၊ တွန့်ဆုတ်နေတတ်တဲ့ကလေးတွေမှာ ပိုဖြစ်နိုင်တာ တွေ့ရတယ်။
● လူမှုကိစ္စ၊ အလုပ်ကိစ္စ ဖိအားတွေ : လူကြောက်ရောဂါဟာ ဆယ်ကျော်သက်အရွယ်မှာ စတယ်ဆိုပေမယ့် လူအသစ်တွေနဲ့ တွေ့ရတာ၊ လူကြားထဲ စကား ထွက်ပြောရတာ၊ အရေးကြီးတဲ့ အလုပ်ကိစ္စ ထွက်ပြောရတာတွေကြောင့်လည်း ပထမဦးဆုံး ကြုံလာရတတ်တယ်။
● လူတွေကို ဆွဲဆောင်နေတဲ့ ပုံပန်းသွင်ပြင်နဲ့ အခြေအနေတွေ : မျက်နှာပုံပျက်နေတာ၊ စကားထစ်တာ၊ ပါကင်ဆန်ရောဂါကြောင့် တုန်ယင်နေတာတွေက ကိုယ့်ကိုယ့်ကိုယ် သတိထားစေပြီး လူကြောက်ရောဂါကို ဖြစ်လာစေတတ်သေးတယ်။
ဒီလို လူ့အသိုင်းအဝိုင်းထဲ ဝင်ရမှာ ကြောက်နေသူတွေမှာ ဘာတွေဆက်ဖြစ်လာနိုင်တယ် ဆိုတာလည်း သိထားသင့်တာပေါ့။
မကုဘဲထားမယ်ဆိုရင် ဒီရောဂါက အလုပ်တွေ၊ ကျောင်းတွေ၊ ဆက်ဆံရေးနဲ့ ဘဝပျော်ရွှင်မှုတွေကိုပါ လိုက်ပြီး ဖျက်ဆီးလာနိုင်တယ်။
● ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု နည်းလာတာ
● ကိုယ်စွမ်းကိုယ်စ လျော့လာတာ
● ကိုယ့်ကိုယ်ကိုယ် မကောင်းပြောတာ
● ဝေဖန်တာကို မခံနိုင်တာ
● လူမှုဆက်ဆံရေး မကောင်းတာ
● တစ်ယောက်တည်း အထီးကျန်တာ
● ကျောင်းမှာ၊ အလုပ်မှာ အဆင်မပြေ၊ မအောင်မြင်နိုင်တာ
● အရက် အလွန်အကျွံ သောက်တာလိုမျိုး မူးယစ်ဆေးတွေ စွဲလာတာ
● ကိုယ့်ကိုယ်ကိုယ် သတ်သေချင်လာတာ
ဒီလိုနောက်ဆက်တွဲတွေအထိ ဖြစ်လာတတ်တာကို သတိထားရမယ်နော်။
ပြီးတော့ အခြားစိတ်ပူပန်လွန်ရောဂါတွေနဲ့
အပြင်းစား စိတ်ကျရောဂါ၊ မူးယစ်ဆေးစွဲရောဂါလိုမိျုး တခြားစိတ်ရောဂါတွေဟာလည်း ဒီရောဂါနဲ့တွဲပြီး ဖြစ်လာတတ်တယ်။
ဘယ်လိုကာကွယ်သင့်တယ် ဆိုတာကတော့ မသိမဖြစ်ပဲပေါ့။
ဘယ်သူတွေမှာ ဒီရောဂါ ဖြစ်လာမယ်ဆိုတာ ဧကန်မုချ မပြောနိုင်ပေမယ့် အကယ်၍ ကိုယ်က စိတ်ပူတတ်တယ်ဆိုရင် -
● အကူအညီ တောင်းပါ။ တခြားစိတ်ရောဂါတွေလိုပဲ စိတ်ပူပန်လွန်ရောဂါဟာ ကြာလေလေ ကုရခက်လေလေပါပဲ။
● ဒိုင်ယာရီ မှတ်ထားပါ။ ကိုယ့်ရဲ့နေ့စဉ်ဘဝကို မှတ်ထားတဲ့အခါ ဆရာဝန် ပြန်ကြည့်ရင် အဆင်ပြေတယ်။ ဘာကြောင့် စိတ်ဖိစီးမှု များစေပြီး ဘာကြောင့်သက်သာတယ်ဆိုတာကို သိနိုင်တယ်။
● ဘာကို ဦးစားပေးရမယ်ဆိုတာ သိပါစေ။ စိတ်ပူပန်လွန်တာ ပျောက်ဖို့အတွက် ကိုယ့်ရဲ့အချိန်တွေ၊ စွမ်းအင်တွေကို သေချာအသုံးချရမယ်။ ကိုယ်ကြိုက်လေးတွေလုပ်ဖို့ မမေ့နဲ့ဦးနော်။
● ကျန်းမာရေးနဲ့ မညီညွတ်တဲ့ မူးယစ်ဆေးတွေ ရှောင်ပေးပါ။ အရက်နဲ့ မူးယစ်ဆေးတွေအပြင် ကဖိန်းနဲ့ နီကိုတင်းဓာတ်တွေကတောင် စိတ်ပူပန်မှုကို များစေတယ်။ ဒါတွေကို စွဲလမ်းနေခဲ့ရင် ဖြတ်ရတာကိုလည်း စိတ်ပူပန်နေမှာပါ။ ကိုယ့်ဟာကိုယ် မဖြတ်နိုင်ဘူးဆိုရင် ဆရာဝန်နဲ့ပြပြီး သေချာဖြတ်သင့်တယ်နော်။
လူကြောက်ရောဂါဟာ သေသေချာချာ လေ့ကျင့်ကုသရင် ပျောက်ကင်းနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























