လူစုလူဝေးနဲ့သွားတဲ့အခါမှာ ဘယ်လိုအန္တရာယ်ကင်းအောင်နေမလဲ
လူစုလူဝေးနဲ့သွားတဲ့အခါမှာ အန္တရာယ်အမျိုးမျိုးနှင့် ကြုံရနိုင်ဖွယ်ရှိတာမို့ မပေါ့ဆသင့်ပါဘူး။ ဥပမာ - နေပူထဲအကြာကြီး လမ်းလျှောက်ရလို့ အပူကြောင့်လေဖြတ်ခြင်း၊ မူးလဲခြင်း၊ ရေဓာတ်နည်းခြင်းတို့ ခံစားရနိုင်ပါတယ်။
ဒါကြောင့် လမ်းပေါ်ရောက်မှ စိုးရိမ်နေခြင်းထက် အိမ်ကမထွက်ခင်ကတည်းက ကြိုတင်ပြင်ဆင်မှုတွေကို သေချာပြုလုပ်သွားဖို့ လိုပါတယ်။
အရေးပေါ်အခြေအနေတွေမှာ ဘယ်လိုလုံခြုံအောင်နေထိုင်မလဲဆိုတာကို ကြိုတင်တွေးတောထားခြင်းဖြင့်လည်း တကယ့်အရေးပေါ်ကြုံတွေ့လာရင် ခေါင်းအေးအေးနှင့် ဖြေရှင်းနိုင်မှာပဲ ဖြစ်ပါတယ်။
● အာရုံကို တစ်နေရာတည်းမှာ စူးစိုက်မထားဘဲ ဘေးပတ်ဝန်းကျင်ကို အမြဲသတိပြုပါ။
● အရေးပေါ်ထွက်ပေါက်နှင့် ပြေးပြီးအကာအကွယ်ယူနိုင်မယ့်နေရာများကို ကြိုတင်ရှာဖွေထားပါ။
● အရေးပေါ်အခြေအနေတစ်ခု ဖြစ်ပေါ်လာရင်တော့ ခေါင်းအေးအေးထားပြီး အနီးဆုံးထွက်ပေါက်ကို ဦးတည်ပြေးပါ။
● တစ်ချိန်တည်းမှာပဲ ပတ်ဝန်းကျင်ကအသံတွေကို နားစွင့်ပါ။
>> ရေဓာတ်နည်းပါးခြင်းကို ကာကွယ်ဖို့အတွက်
● အိမ်က မထွက်ခင် ရေ 500ml လောက် ကြိုတင်သောက်ပါ။ အရက်၊ ကော်ဖီ၊ လက်ဖက်ရည်တွေ သောက်ခြင်းကို ရှောင်ပါ။ ရေသန့်ဘူးယူဆောင်သွားပြီး မိနစ် ၂၀ ခန့် လမ်းလျှောက်ပြီးတိုင်း ရေသောက်ပါ။
● လမ်းလျှောက်နေစဉ် အားနည်းခြင်း၊မူးဝေခြင်းတို့ဖြစ်ပေါ်ပါက ပတ်ဝန်းကျင်ကို အကူအညီတောင်းပါ။
● ဓာတ်ဆားရည် သောက်သုံးပါ။
● နေပူထဲမထွက်ခင် နေရောင်ကာလိမ်းဆေး sunscreen လိမ်းခြင်း၊ ဦးထုပ်ဆာင်းခြင်းတို့ မဖြစ်မနေ ပြုလုပ်သင့်ပါတယ်။
● လက်သန့်ဆေးရည်ဘူးများကိုလည်း ဆောင်သွားခြင်း၊ နှာခေါင်းစည်း mask တပ်ခြင်းတို့ ပြုလုပ်ပါ။
● နေထိုင်မကောင်းဖြစ်နေသူများအနေနှင့် ပြန်လည်နေကောင်းအောင် ဂရုစိုက်ပြီးမှသာ လမ်းပေါ်ထွက်သင့်ပါတယ်။
● လမ်းပေါ်မထွက်ခင် အာဟာရပြည့်ဝအောင် စားခြင်း၊ အိပ်ရေး၀၀ အိပ်စက်ခြင်းတို့ဖြင့် အားပြည့်နေအောင် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
● စိတ်အေးအေးထားပြီး ကျန်းမာရေးနှင့်ညီညွတ်အောင် နေထိုင်ခြင်း၊ မိမိကိုယ်ကိုကာကွယ်မှုအပြည့်နှင့် နေထိုင်ခြင်းတို့ကို လိုက်နာဆောင်ရွက်ကြဖို့ အကြံပြုလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























