/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လူနာဆီက-ကိုရိုနာဗိုင်းရပ်စ်ပိုးတွေဟာ-၄-မီတာအထိ

လူနာဆီက ကိုရိုနာဗိုင်းရပ်စ်ပိုးတွေဟာ ၄ မီတာအထိ ပျံ့နှံ့ရောက်ရှိနိုင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

COVID-19 လူနာတွေထားတဲ့ ဆေးရုံအဆောင်ထဲက လေကို စမ်းသပ်ကြည့်တဲ့အခါ လတ်တလော guideline တွေက ပြောနေတဲ့ လူတွေခြားနေသင့်တဲ့ အကွာအဝေးထက် ၂ ဆ လောက်အထိကို ဗိုင်းရပ်စ်ပိုးတွေ ရှိနေနိုင်ကြောင်း သိရှိရပါတယ်။ ဒါပေမဲ့ သိပ္ပံပညာရှင်တွေက ဒီအကွာအဝေးမှာတွေ့ရတဲ့ ဗိုင်းရပ်စ်ပိုးပမာဏ နည်းနည်းလေးဟာ သိပ်ပြီးမကူးစက်နိုင်ဘူးလို့လည်း ဆိုပါသေးတယ်။
ဘေဂျင်းစစ်ဘက်ဆိုင်ရာ ဆေးပညာသိပ္ပံအကယ်ဒမီက လူနာတွေထားတဲ့အဆောင်တွေထဲက မျက်နှာပြင်နဲ့လေထုကို စစ်ဆေးကြည့်ခဲ့ကြပါတယ်။ ဆွဲငင်အားနဲ့ လေထုလှည့်လှယ်နှုန်းကြောင့် ကြမ်းပြင်ပေါ်မှာ ဗိုင်းရပ်စ်ပိုးကို အများဆုံးတွေ့ရတယ်လို့ ဆိုပါတယ်။
နောက် ဗိုင်းရပ်စ်ပမာဏ အတော်များများကို ကွန်ပျူတာမောက်စ်၊ အိမ်သာ၊ ခုတင်လက်တန်းနဲ့ တံခါးလက်ကိုင်တွေမှာ အဓိက တွေ့ရပါတယ်။
အထူးကြပ်မတ်ကုသဆောင်က ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဖိနပ်အောက်ခံတွေကို စစ်ဆေးကြည့်တဲ့အခါ တစ်ဝက်လောက်မှာ ပိုးတွေ အများကြီး တွေ့ရပါတယ်။
လေ့လာသူတွေဟာ လေထဲက အမှုန်အမွှားနဲ့ ပျံ့နှံ့မှုကိုလည်း လေ့လာကြည့်ခဲ့ကြပါတယ်။ ဗိုင်းရပ်စ်ပိုးရှိတဲ့လေထုကို လူနာကနေ ၄ မီတာအကွာအထိ တွေ့ရတယ်လို့ ဆိုကြပါတယ်။
ဒါပေမဲ့ ဆေးရုံဝန်ထမ်းတွေကို ကူးစက်မှုမရှိတာကို ကြည့်ခြင်းအားဖြင့် ကောင်းကောင်း အကာကွယ်ရယူမယ်ဆိုရင် ကူးစက်မှုကို ဟန့်တားနိုင်တယ်လို့လည်း တွေ့နိုင်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ လေထဲကအမှုန်အမွှားကနေ ကူးစက်တယ်လို့ပြောဖို့ သိပ္ပံပညာရှင်တွေအတွက် ခက်ခဲတဲ့အပိုင်း ဖြစ်နေပါတယ်။ လေထုထဲက အမှုန်အမွှားတွေထဲက ဗိုင်းရပ်စ်ပိုးပမာဏလောက်ဟာ ရောဂါကူးစက်နိုင်တယ်လို့ပြောဖို့ရာ သေသေချာချာ ကွဲကွဲပြားပြား မသိနိုင်လို့ပါပဲ။
အမေရိကန်ကတော့ စိတ်ချရအောင် အပြင်သွားတိုင်းမျက်နှာကို နှာခေါင်းစည်းနဲ့ အကာအကွယ်ထားဖို့ အသက်ရှူရာ၊ စကားပြောရာကနေ မကူးစက်နိုင်အောင် အကြံဉာဏ်ပေးထားပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)