/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လူသိနည်းသော-အဆီ-ကိုလက်စထရော-အကြောင်း

လူသိနည်းသော အဆီ (ကိုလက်စထရော) အကြောင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1.  အသဲက ခန္ဓာကိုယ်အတွက်လုံလောက်တဲ့ ကိုလက်စထရောပမာဏကို ထုတ်လုပ်နိုင်ပါတယ်။

              ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့လုပ်ငန်းဆောင်တာများအတွက် ကိုလက်စထရောကို လိုအပ်ပါတယ်။ နေ့စဉ်စားသောက်နေသောအစားအစာများထဲတွင် ကိုလက်စထရော လုံး၀မပါ၀င်ဘူးဆိုရင်တောင်မှ လုံလောက်တဲ့ပမာဏကို အသဲက ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် အဆီဓါတ်ကြွယ်၀စွာပါ၀င်တဲ့ အစားအစာတွေကို ချင့်ချိန်စားသုံးသင့်တာပါ။

2.  ကိုလက်စထရောက လိင်ကိစ္စစွမ်းဆောင်ရည်အတွက်အရေးပါတယ်။

              ကျေးဇူးတင်စရာကောင်းတဲ့ ကိုလက်စထရောရဲ့အာနိသင်တစ်ခုက ကျားဟော်မုန်းနဲပ မဟော်မုန်းတွေဖြစ်တဲ့ တက်စထိုစတီရုန်း၊ အီစထိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းတွေ ထုတ်လုပ်ရာမှာ ကူညီပေးခြင်းပါဘဲ။ ဒါတင်မကသေးဘဲ ကိုလက်စထရောဟာ ဆဲလ်အမြှေးပါးများအတွက် အရေးကြီးတဲ့ပါ၀င်ပစ္စည်းတစ်ခုဖြစ်ပါတယ်။

3.  ကိုလက်စထရောဟာ သနေ္ဓသားလောင်းရဲ့ ဦးနှောက်ဖွ့ံဖြိုးရေးအတွက်အရေးပါတယ်။

              အမျိုးသမီးများ ကိုယ်၀န်ဆောင်ချိန်တွင် ကိုလက်စထရောပမာဏမြင့်မားနေစေရန်အတွက် သဘာ၀က ဖန်တီးပေးထားပါတယ်။ ကိုလက်စထရောဟာ သနေ္ဓသားလောင်းရဲ့ဦးနှောက်ဖွ့ံဖြိုးမှုအတွက် အရေးကြီးတဲ့ကဏ္႑မှပါ၀င်နေတာကြောင့် လမစေ့ဘဲမွေးဖွားလာတဲ့ကလေးငယ်တွေမှာ ဦးနှောက်ဖွ့ံဖြိုးမှုနှောင့်နှေးတာကို တွေ့ရှိရတာဖြစ်ပါတယ်။

4.  ကလေးတွေမှာလည်း ကိုလက်စထရောပမာဏမြင့်တက်နေနိုင်ပါတယ်။

                   လူလတ်ပိုင်းရောက်မှ ကိုလက်စထရောပမာဏမြင့်လားတာမဟုတ်ပါဘူး။ ငယ်ရွယ်စဉ် ကလေးဘ၀ကတည်းက ကိုလက်စထရောပမာဏမြင့်တက်နေနိုင်တာကြောင့် အသက် 1 နှစ်အရွယ် ကလေးအားလုံးကို ကိုလက်စထရောပမာဏစစ်ဆေးသင့်တယ်လို့ American Academy of Pediatrics မှ အကြံပြုထားပါတယ်။

5.  အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ ကိုလက်စထရောပမာဏက 200mg/dl ဖြစ်တယ်။

                   အမေရိကန် နှလုံးကျန်းမာရေးအဖွဲ့အစည်းမှသတ်မှတ်ချက်အရ လူတစ်ယောက်မှာရှိသင့်တဲ့ ကိုလက်စထရောအမြင့်ဆုံးပမာဏဟာ 240 mg/dl ဖြစ်ပါတယ်။ ထိုပမာဏထက် ကျော်လွန်သွားပါက နှလုံးရောဂါဖြစ်နိုင်ချေကို 2 ဆမြင့်တက်စေပါတယ်။

6.  ကိုလက်စထရောကိုကျန်းမာရေးမြေပုံအဖြစ် အသုံးပြုနိုင်တယ်။

                   Xanthelesma လို့ခေါ်တဲ့ မျက်ခွံပေါ်ရှိ အဆီကျိတ်များဖြစ်ပေါ်လာခြင်း၊ မျက်ကြည်လွှာပတ်ပတ်လည်တွင် အဖြူရောင်ကွင်းများဖြစ်ပေါ်လာခြင်းတို့ဟာ ကိုလက်စထရောများ စုပုံလာတဲ့လက္ခဏာတွေဖြစ်ပါတယ်။

7.  ကိုလက်စထရောကိုအလှအပရေးရာအတွက် အသုံးပြုနိုင်တယ်။

                   ကိုလက်စထရောပါ၀င်တဲ့ moisturizer တွေဟာ အသားအရေကို နေလောင်ဒဏ်ကြောင့်ပျက်ဆီးမှုတွေမှ ကာကွယ်ပေးနိုင်တယ်။

 

Dr. Htet Htet Aung

www.drmyanmar.com