လူသိမခံဝံ့တဲ့ အအိပ်အကျင့်ဆိုးများ
သူငယ်ချင်းတစ်ယောက်နဲ့ ညအိပ်ခြင်းပြဿနာများကို ပြောကြတဲ့အခါ ညဘက်ကောင်းကောင်း အိပ်မပျော်ခြင်း၊ တလူးလူး တလိမ့်လိမ့် ဖြစ်နေခြင်းတို့ကို ပြောဖြစ်ကြပါလိမ့်မယ်။ ဒါပေမဲ့ ညအိပ်နေတုန်း သွားရည်ကျတာ၊ ဟောက်တာ၊ ဆီးထွက်ကျတာ၊ လေလည်တာ စတာတွေကို ဖွင့်ပြောဖို့တော့ ခက်ခဲနေပါလိမ့်မယ်။
ကိုယ့်ရဲ့ အအိပ်အကျင့်ဆိုးတွေကို ဘေးလူမပြောရင် သတိတောင် ထားမိကြမှာ မဟုတ်ပါဘူး။ တစ်ခါတစ်ရံ ဒီအကျင့်ဆိုးတွေဟာ အိပ်နေတုန်း ပုံမှန်ဖြစ်လေ့ရှိတဲ့ အချက်များဖြစ်ပြီး တစ်ခါတစ်ရံမှာတော့ ဟောက်တာဟာ အသက်ရှူလမ်းကြောင်းရောဂါ တစ်မျိုးမျိုး ရှိနေနိုင်သလိုပဲ နောက်ခံပြဿနာတစ်ခုခု ရှိနေတတ်ပါတယ်။
ဒါကြောင့် ဘာတွေဟာ ပုံမှန်သာဖြစ်ပြီး ဘာတွေက သတိထားရမယ့် အချက်တွေလဲဆိုတာကို သိထားဖို့ လိုအပ်ပါလိမ့်မယ်။
အောက်ပါ အကြောင်းအရာများဟာ ဒီအမူအကျင့်တွေ ဘာကြောင့်ဖြစ်ပေါ်လာပြီး ဘယ်အချိန်မှာ သတိပြုသင့်တယ်ဆိုတာကို ဖော်ပြထားပါတယ်။
1. ဟောက်ခြင်း
လေ့လာမှုအရ လူအများစုဟာ ညအိပ်ချိန်မှာ ဟောက်တတ်ကြပါတယ်။
အသက်ရှူလမ်းကြောင်း ကျဉ်းသွားပြီး လမ်းကြောင်းတစ်လျောက်နဲ့ လည်ချောင်းထဲမှာရှိတဲ့ အသားစတွေ တုန်ခါမှုကြောင့် ဟောက်သံ ဖြစ်ပေါ်လာပါတယ်။ အအေးမိခြင်းနဲ့ ဓာတ်မတည့်မှုတွေကြောင့် ဟောက်နိုင်သလို တစ်ခါတစ်ရံ ပိုမိုစိုးရိမ်စရာကောင်းတဲ အခြေအနေဖြစ်တဲ့ အိပ်နေစဉ် အသက်ရှူလမ်းကြောင်း ပိတ်ပြီး ဦးနှောက် အောက်စီဂျင်ဓာတ်နည်းတဲ့ ရောဂါတစ်မျိုးကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။
ဟောက်သံက ပြဿနာဖြစ်စေတာ မဟုတ်ပါဘူး။ အိပ်နေစဉ် ဦးနှောက်ထဲ အောက်စီဂျင်ဓာတ် လျော့နည်းခြင်းက ပြဿနာဖြစ်စေနိုင်ပါတယ်။
ဟောက်တာဟာ ဖြစ်နေကျအရာ ဖြစ်ပေမယ့် အိပ်ရေးမဝသလို ခံစားနေရရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
2. သွားရည်ကျခြင်း
အိပ်နေစဉ် သွားရည်ကျခြင်းဟာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်နိုင်သလို တံတွေးအထွက်များတဲ့ ရောဂါတစ်မျိုးမျိုးကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။ ပုံမှန်သွားရည်ကျတတ်သူ တစ်ယောက်ဟာ ညဘက်မှာ အသက်ရှူလမ်းကြောင်း ပိတ်နေတတ်သလား ဆိုတာကို သတိပြုရပါမယ်။ သွားရည်ကျခြင်းဟာ ပုံမှန်ဖြစ်နိုင်သလို ရောဂါတစ်မျိုးမျိုးနဲ့လည်း တွဲနေတတ်ပါတယ်။
3. အိပ်နေရင်း လမ်းလျှောက်ခြင်း
အန္တရာယ်များပြီး ပုံမမှန်တဲ့ အကြောင်းအရာတစ်ခုကတော့ ယောင်ပြီး လမ်းထလျှောက်ခြင်း ဖြစ်ပါတယ်။ ပုံမှန်လူတစ်ယောက်ဟာ ညအိပ်နေစဉ် တစ်ကိုယ်လုံး မလှုပ်မရှားနိုင်ဘဲ အိပ်မက် မက်နေတတ်ကြပါတယ်။ ဒီလိုမျိုး ပုံမှန်ဖြစ်စဉ်ကို ကျော်လွန်ပြီး အိပ်မက်ထဲကအတိုင်း ထလှုပ်ရှားနေခြင်းဟာ ကိုယ်တိုင်ကိုရော၊ အတူအိပ်ဖော်ကိုပါ ဒဏ်ရာအနာတရ ဖြစ်စေနိုင်ပါတယ်။ အဆိုးရွာဆုံးကတော့ မီးဖိုချောင်ထဲ ယောင်ဝင်သွားပြီး မီးဖိုကို ဖွင့်ကာ ပြန်အိပ်ပျော်သွားခြင်းမျိုး ဖြစ်တတ်ပါတယ်။ ဒီလို ဖြစ်နေတဲ့ လူတစ်ယောက်ဟာ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။
4. အိပ်နေရင်း ယောင်စကားပြောခြင်း
ညဘက်် စကားပြောတာဖြစ်စေ၊ မပီမသ ရေရွတ်တာဖြစ်စေ ယောင်ရုံယောင်ခြင်းဟာ ဘာအန္တရာယ်မှ မဖြစ်စေနိုင်ပါဘူး။ ကလေးတွေမှာ အိပ်မက်ဆိုးများ မက်ပြီး ထထအော်တာမျိုး ရှိတတ်ပြီး အိပ်မောကျတဲ့အဆင့် REM အဆင့်မှာ ဖြစ်လေ့ရှိတာကြောင့် မနက်နိုးတဲ့အခါ မမှတ်မိတတ်ပါဘူး။ ညဘက် ထယောင်တာကြောင့် အိပ်ရေးပျက်တာမျိုးတော့ မဖြစ်ပါစေနဲ့။
5. ဆီး ထွက်ကျခြင်း
အိပ်ရာထဲ ဆီးထွက်ကျတာဟာ ရှက်စရာကောင်းတဲ့ အကျင့်တစ်ခုဖြစ်ပြီး တစ်ကြိမ်တစ်ခါမျှ ဖြစ်ခြင်းဟာ စာမဖွဲ့လောက်ပါဘူး။ အိပ်မက်ထဲ အိမ်သာသွားတဲ့အခါ အပြင်မှာပါ ထွက်ကျတာမျိုး ရှိနိုင်ပါတယ်။ ဒါပေမဲ့ ခဏခဏ ဖြစ်လာပြီဆိုရင်တော့ ညအိပ်နေရင်း တက်တာမျိုး ရှိ၊ မရှိကို စမ်းစစ်ကြည့်သင့်ပါတယ်။ ညဘက် ဝမ်းထွက်ကျပြီ ဆိုရင်တော့ တစ်ကြိမ်တစ်ခါပင် ဖြစ်ပါစေ ဆရာဝန်နဲ့ တွေ့သင့်ပါပြီ။
6. ညဘက်အိပ်နေရင်း အာသာဖြေခြင်း
ညဘက်မှာ အိပ်နေရင်း အာသာဖြေခြင်း၊ အိပ်မက်မက်ခြင်းတို့ဟာ အမျိုးသားမှာရော အမျိုးသမီးမှာပါ ဖြစ်လေ့ရှိပြီး အိပ်မောကျနေတဲ့ REM အဆင့်မှာ ဖြစ်တတ်ပါတယ်။ သဘာဝဖြစ်စဉ်တစ်ခုသာ ဖြစ်ပါတယ်။
7. လေလည်ခြင်း
အိပ်နေရင်း လေလည်ခြင်းဟာ စားတဲ့ အစားအစာနဲ့ အူလမ်းကြောင်းတို့အပေါ်မှာ မူတည်နေပါတယ်။ ရောဂါကြောင့် မဖြစ်တတ်ပေမယ့် အခန်းဖော်က ပြန်ပြောတဲ့အခါ ရှက်စရာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လေလည်တာ များလာတဲ့အခါ စားတဲ့အစားအသောက်ကို စိစစ်ဖို့ လိုအပ်လာပါတယ်။
8. အကြောတွန့်ခြင်း
အိပ်ငိုက်နေတဲ့အခါ တွန့်ခနဲ တွန့်ခနဲ အကြောလိုက်သလို ခံစားမှုများ ဖြစ်တတ်ပါတယ်။ တဖျတ်ဖျတ် အလင်းရောင်လိုမျိုး၊ တဖောက်ဖောက် အသံလိုမျိုးတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီလိုဖြစ်ခြင်းဟာ စိုးရိမ်စရာမလိုအပ်ပါဘူး။
Dr. Mya Phoo Ngon (www.drmyanmar.com)






























