/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လေတက်ခြင်း

လေတက်ခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

            လေတက်ခြင်းဆိုတာ အစာအိမ်ထဲမှာရှိတဲ့ လေပိုတွေကို ခန္ဓာကိုယ်မှ အပြင်ဘက်သို့ မှုတ်ထုတ်လိုက်ခြင်းဖြစ်ပါတယ်။ မျိုချလိုက်တဲ့လေတွေကို တုန့်ပြန်တဲ့ ပုံမှန်လုပ်ငန်းစဉ်တစ်ခုပါ။ အလောတကြီးစားသောက်ခြင်း၊ အစာစားနေချိန်တွင်စကားပြောခြင်း၊ ပီကေဝါးခြင်း၊ သကြားလုံးစုပ်ခြင်း၊ ဆိုဒါပါသော အချိုရည်များသောက်ခြင်းနဲ့ ဆေးလိပ်သောက်ခြင်းတို့ကြောင့် လေတွေအများကြီး ဗိုက်ထဲကိုမျိုချမိနိုင်ပါတယ်။

            အစာအိမ်ထဲရှိ အက်ဆစ်များ အစာပြွန်နှင့်အပေါ်သို့ ပြန်တက်သော စားချဥ့်ပြန်ရောဂါ (GERD) မှာလည်း ဒီလိုမျိုးခံစားရပါတယ်။ အစာအိမ်ထဲက အက်ဆစ်တွေပြန်ကန်ထွက်လာတဲ့အခါ ခံတွင်းရှင်းအောင်လို့ တံတွေးတွေခဏခဏမျိုချခြင်းဖြင့် လေတွေအများကြီးကိုမျိုချမိပြီး လေတက်စေနိုင်ပါတယ်။

            အချို့လူတွေမှာ မစားမသောက်တဲ့အချိန်မှာတောင် အကျင့်ပါပြီး တံတွေးတွေမျိုချနေတတ်ပါတယ်။ တစ်ခါတစ်ရံမှာ နာတာရှည်လေတက်ခြင်းဟာ အစာအိမ်ရောင်ခြင်း၊ Helicobacter pylori ပိုးကြောင့် အစာအိမ်အနာဖြစ်ခြင်းတို့နဲ့ ဆက်နွယ်နေပါတယ်။

လေတက်ခြင်းကို လျော့ကျစေဖို့ အောက်ပါနည်းလမ်းများကို ကျင့်သုံးသင့်ပါတယ်။

  • ဖြည်းဖြည်းမှန်မှန် စားသောက်ပါ။ ဖြည်းဖြည်းစားတာက လေမျိုချမှုကိုနည်းစေပါတယ်။
  • ဆိုဒါပါတဲ့ အချိုရည်တွေနဲ့ ဘီယာသောက်ခြင်းမှရှောင်ကြဉ်ပါ။
  • ပီကေမဝါးပါနှင့်၊ သကြားလုံးမာမာများကို မစုပ်ပါနှင့်၊ ပီကေဝါးချိန်နဲ့ သကြားလုံးစုပ်ချိန်တွေမှာ ပုံမှန်ထက်ပိုပြီး တံတွေးတွေကိုမျိုချမိတတ်ပြီး မျိုချလိုက်တဲ့အထဲမှာ လေတွေပါသွားပါတယ်။
  • ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်ငွေ့ကိုရှူသွင်းတဲ့အချိန်မှာ လေတွေကိုပါရှူသွင်းမိသလို မျိုချမိသွားပါတယ်။
  • အံကပ်ကိုသေချာစစ်ပါ။ အံမဝင်တဲ့ အံကပ်တွေကြောင့် အစာစားတဲ့အချိန်မှာ လေတွေအများကြီးကိုမျိုချနိုင်ပါတယ်။
  • ရင်ပူခြင်းကို ကုသပါ။ သိပ်ပြီးမဆိုးတဲ့ ရင်ပူတာတွေကိုတော့ antacid (အက်ဆစ်ကိုချေဖျက်ပေးသောဆေး) တွေနဲ့ အိမ်သုံးဆေးဝါးတွေနဲ့ ကုသနိုင်ပါတယ်။ စားချဥ့်ပြန်ရောဂါ (GRED) ကတော့ ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကို သေချာသောက်ဖို့လိုပါတယ်။

 

Dr. Mya Myo Myo Swe

www.drmyanmar.com