လေထိုးတာလား ... အူအတက် ရောင်တာလား ... ဘယ်လိုခွဲမလဲ
ဗိုက်ထဲကနေ စူးခနဲ ထိုးပြီးအောင့်တာက ရိုးရိုးသာမာန်လေထိုးတာဖြစ်နိုင်သလို အူအတက်ရောင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ ဒီနှစ်ခုကြားက ခြားနားချက်ကို သိထားမှသာပဲ အရေးပေါ်ကုသမှု ခံယူဖို့ လို၊ မလိုဆိုတာကို ဆုံးဖြတ်နိုင်မှာပါ။
အူအတက်ဆိုတာက ဝမ်းဗိုက်ရဲ့ ညာဘက်အောက်ခြမ်းလေးမှာ ရှိပြီးတော့ ဒါက မရှိမဖြစ် လိုအပ်တဲ့ ကိုယ်အင်္ဂါတစ်ခုတော့ မဟုတ်ပါဘူး။
ဒီအူအတက်လေးမှာ ပိတ်ဆို့သွားရင် ရောင်ပြီးတော့ ရောဂါပိုးတွေ ဝင်တာကို အူအတက်ရောင်တယ်လို့ ခေါ်ပြီးတော့ ခွဲစိတ်ပြီးတော့ ဖယ်ထုတ်ပစ်ဖို့ လိုပါတယ်။
လေထိုးလို့ ဗိုက်အောင့်တာကတော့ ခဏပဲအောင့်ပြီးတော့ ကုသမှုခံယူဖို့ မလိုတတ်ပါဘူး။ အစာစားတဲ့အခါ (သို့) သောက်တဲ့အခါတွေမှာ လေတွေကို မျိုချမိပြီးတော့ ဗိုက်အောင့်တတ်ပါတယ်။ အူထဲမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေက အစားအစာတွေကို ဖြိုခွဲတဲ့အခါမှာ ဂက်စ်တွေထွက်လာပြီးတော့ ဗိုက်ထဲမှာ လေတွေ ထတတ်ပါတယ်။ လေလည်လိုက်ရင် (သို့) လေတက်တဲ့အခါတွေမှာ ဗိုက်အောင့်တာ သက်သာသွားတတ်ပါတယ်။
>> အူအတက်ရောင်တဲ့လက္ခဏာတွေ
အသိသာဆုံး လက္ခဏာကတော့ ဝမ်းဗိုက်ညာဘက်အောက်ပိုင်းလေးမှာ ရုတ်တရက်ကြီး ထိုးထိုးအောင့်တာပါ။ အောင့်တာက ချက်နားပတ်လည်ကစပြီးတော့ ညာဘက်အောက်ဘက်ကို ရွေ့သွားတတ်ပါတယ်။ ပထမပိုင်းမှာ ရစ်ပြီးနာသလို ဖြစ်တာကနေပြီးတော့ နောက်မှာ ချောင်းဆိုး၊ နှာချေ၊ လှုပ်ရှားမှုလုပ်တာနဲ့ အောင့်တာ ပိုဆိုးတတ်ပါတယ်။ ရောင်နေတဲ့အူအတက်ကို ခွဲမထုတ်ပစ်မချင်း အောင့်တာ မသက်သာတတ်ပါဘူး။
တခြားလက္ခဏာတွေကတော့ -
● ပျို့အန်ခြင်း
● ကိုယ်ငွေ့ငွေ့ပူခြင်း
● ဝမ်းပျက်ခြင်း (သို့) ဝမ်းချုပ်ခြင်း
● ဗိုက်ကြီးတင်းပြီးကယ်ခြင်း
● အစာစားချင်စိတ် နည်းခြင်း (သို့) မရှိခြင်း
>> အူအတက်ရောင်ရာကနေပြီး ပေါက်ထွက်သွားရင် ဘာဖြစ်မလဲ?
အူအတက်ရောင်တာကို မကုဘဲထားရင် ပေါက်ထွက်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေကို စပြီးသတိထားမိတဲ့အချိန်ကနေပြီး ၃၆-၇၂ နာရီ လောက်မှာ အူအတက် ပေါက်ထွက်နိုင်ပါတယ်။ တချို့မှာ ဒီထက် စောစောပေါက်ထွက်နိုင်တဲ့အတွက် အူအတက်ရောင်ပြီဆိုရင် ချက်ချင်းကုသမှုခံယူဖို့ အရေးကြီးတာပါ။
အူအတက် ပေါက်ထွက်သွားပြီဆိုရင် အူအတက်ထဲမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေက ဝမ်းဗိုက်ခေါင်းထဲကို ရောက်သွားပြီးတော့ ဗိုက်ထဲမှာပါ ရောဂါပိုးတွေ ဝင်သွားနိုင်ပါတယ်။ ဒီလိုဖြစ်ပြီဆိုရင်တော့ အရေးပေါ်ကုသမှုခံယူဖို့ လိုပါတယ်။
အူအတက် ပေါက်ထွက်ပြီးတော့ ဗိုက်ထဲမှာပါ ရောဂါပိုး ပြန့်သွားတဲ့လက္ခဏာတွေကတော့ -
● ဗိုက်ကြီးတစ်ခုလုံး နာခြင်း၊ ထိရုံနဲ့ နာနေခြင်း
● လှုပ်ရှားမှု (သို့) ထိလိုက်တာနဲ့ ဗိုက်နာတာ ပိုဆိုးခြင်း
● ပျို့ခြင်း၊ အန်ခြင်း
● ဗိုက်ကြီးတင်းပြီးကယ်ခြင်း
● ဝမ်းပျက်ခြင်း (သို့) ဝမ်းချုပ်ခြင်း
● ချမ်းတုန်ဖျားခြင်း
ဒီလက္ခဏာတွေက ဆေးကုသမှု မခံယူမချင်းခံနေရပြီးတော့ အချိန်ကြာတာနဲ့အမျှ ပိုပိုဆိုးလာပါတယ်။
>> ကလေးများတွင် အူအတက်ရောင်ခြင်း
အူအတက်က ဘယ်အရွယ်မှာမဆို ရောင်နိုင်ပေမယ့်လည်း အသက် ၁၀-၂၀ ကြားမှာ အဖြစ်များဆုံးပါ။ အများအားဖြင့်တော့ ဗိုက်အောင့်တာက အဖြစ်များပြီး တခြားလက္ခဏာတွေအနေနဲ့-
● လမ်းလျှောက်ရင် ခါးနေရာက ကုန်းနေခြင်း
● ဒူးကို ထောင်ပြီးတော့ ဘေးစောင်းအိပ်ခြင်း
● ပျို့ခြင်း၊ အန်ခြင်း
● ဗိုက်ကို ထိလိုက်တာနဲ့ နာခြင်း
ဒီမှာ သတိထားရမှာက ကလေးတွေက လူကြီးတွေလို သူတို့ခံစားနေရတဲ့လက္ခဏာတွေကို အသေးစိတ် ပြောပြတတ်မှာ မဟုတ်ပါဘူး။
>> ကိုယ်ဝန်ဆောင်ချိန်မှာ အူအတက်ရောင်ခြင်း
ရှားပေမယ့်လည်း ကိုယ်ဝန်ဆောင်နေတုန်းမှာ အူအတက် ရောင်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အူအတက်ရောင်တာနဲ့ ရိုးရိုးလူတွေမှာ အူအတက်ရောင်တာ လက္ခဏာတွေကတော့ အတူတူပါပဲ။ ဒါပေမဲ့လည်း ကိုယ်ဝန်ဆောင်ချိန်မှာကျတော့ သနေ္ဓသားလေးက အူကိုတွန်းလိုက်တော့ အူအတက်လေးက အပေါ် နည်းနည်းတက်သွားပါတယ်။ ဒီတော့ အူအတက်ရောင်လို့နာရင်လည်း ဗိုက်အပေါ်ဘက်က နာတာပေါ့။
ကိုယ်ဝန်ဆောင်ချိန်မှာ အူအတက်ရောင်ပြီး ပေါက်ထွက်ရင်တော့ အမေရော၊ ကလေးရောအတွက်ပါ အန္တရာယ် များပါတယ်။ ပြီးတော့ အူအတက်ခွဲစိတ်ဖယ်ရှားတာကလည်း ကိုယ်ဝန်ဆောင်တွေအတွက် ပိုပြီးအန္တရာယ်များပါတဘ်။ ကိုယ်ဝန်ဆောင်တွေမှာဆိုရင် ဗိုက်ကိုမခွဲဘဲနဲ့ အပေါက်လေးပဲဖောက်ပြီး laproscope လို့ခေါ်တဲ့ကိရိယာနဲ့ ခွဲစိတ်တာက နောက်ဆက်တွဲဆိုးကျိုးဖြစ်နိုင်ချေ အနည်းဆုံးပါပဲ။
>> လေအောင့်တဲ့လက္ခဏာတွေ
လေအောင့်တဲ့အခါမှာ လေလုံးက အူထဲမှာ လျှောက်သွားသလို ခံစားရပါမယ်။ အူအတက်ရောင်ရင် ဗိုက်ညာဘက်အောက်ပိုင်းမှာအောင့်ပြီး လေအောင့်တာကတော့ ဗိုက်တစ်ခုလုံး ဘယ်နေရာမဆို အောင့်တတ်ပါတယ်။ ရင်ဘတ်ထဲမှာလည်း အောင့်သလို ခံစားရနိုင်ပါတယ်။
တခြားလက္ခဏာတွေအနေနဲ့ -
● လေတက်ခြင်း
● ဗိုက်ထဲမှာ ဖိထားသလိုဖြစ်ခြင်း
● ဗိုက်ကြီးတင်းပြီး ကယ်နေခြင်း
လေအောင့်တာက မိနစ်အနည်းငယ်ကနေပြီးတော့ နာရီအနည်းငယ်အထိ ကြာနိုင်ပြီးတော့ ဆေးကုစရာမလိုဘဲ ပြန်ကောင်းနိုင်ပါတယ်။
လေအောင့်တယ်လို့ ထင်ပေမယ့် ၂၄ နာရီထက် ပိုကြာနေရင်တော့ ဆရာဝန်ပြကြည့်ပါ။
>> ဘယ်အချိန်မှာ ဆေးရုံ၊ ဆေးခန်းပြဖို့လိုလဲ?
ရုတ်တရက်ကြီး ဗိုက်အောင့်ပြီးတော့ ဗိုက်ရဲ့ညာဘက်အောက်ပိုင်းလေးမှာပဲ အောင့်နေတာဆိုရင် ကိုယ်ပူ၊ ပျို့တာနဲ့ တခြား အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာတွေ ရှိ၊ မရှိဆိုတာကို သေချာသတိပြုပါ။
ဒီလက္ခဏာတွေရှိပြီးတော့ ဗိုက်အောင့်တာက မပျောက်ဘူး (သို့) ပိုဆိုးတယ်ဆိုရင် အရေးပေါ်ဌာနကို အမြန်သာ ပြေးပါတော့။ အူအတက်ရောင်တာဆိုရင် အရေးပေါ်ကုသမှုခံယူဖို့ လိုပါတယ်။
>> ရောဂါရှာဖွေဖော်ထုတ်ခြင်း
အူအတက် ရောင်၊ မရောင်ဆိုတာကို စစ်ဖို့ဆိုရင် ဆရာဝန်က ရောဂါလက္ခဏာတွေကို မေးမြန်းပြီးတော့ ဗိုက်ကို စမ်းပါလိမ့်မယ်။ နာတဲ့နေရာကို ဖိပြီးတော့ ဖိလိုက်ရင် ပြန်လွှတ်လိုက်ရင် နာ၊ မနာဆိုတာကို မေးပါလိမ့်မယ်။ ပိုနာတယ်ဆိုရင် အူအတက်ဘေးက တစ်သျှူးတွေ ရောင်နေလို့ ဖြစ်နိုင်ပါတယ်။
** မှတ်သားစရာ
အူအတက်ရောင်တာနဲ့ လေအောင့်တာက ပထမပိုင်းမှာတော့ အောင့်တာခြင်း ဆင်တူပါတယ်။ ဒီတော့ ဒီနှစ်ခုကြားက ခြားနားချက်ကို ခွဲခြားသိဖို့ဆိုရင် တခြားလက္ခဏာတွေကို ဂရုစိုက်ပြီး စောင့်ကြည့်ရပါမယ်။
ဝမ်းဗိုက်ရဲ့ ညာဘက်အောက်ပိုင်းမှာ အောင့်တယ်ဆိုရင် ကိုယ်ပူတာ၊ ပျို့တာ၊ အစာစားချင်စိတ် မရှိတာ စတဲ့ လက္ခဏာတွေ ရှိ၊ မရှိ စောင့်ကြည့်ပါ။ ဒီလက္ခဏာတွေနဲ့အတူ ဗိုက်အောင့်ရင် အူအတက်ရောင်တာ ဖြစ်နိုင်ပါတယ်။
ဗိုက်တော့ အောင့်တယ်၊ တခြားလက္ခဏာတွေမပြဘဲနဲ့ သူ့ဟာသူ ပြန်ပျောက်သွားတယ်ဆိုရင် လေကြောင့် ဖြစ်နိုင်ပါတယ်။
အူအတက်ရောင်ရင် အရေးပေါ်ကုသမှုခံယူဖို့ လိုတဲ့အတွက် အူအတက်ရောင်တယ် ထင်ရင်တော့ ဆေးရုံကို ချက်ချင်းသွားပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























