/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လေဖြတ်ချင်လာတဲ့-နိမိတ်ပြလက္ခဏာများ

လေဖြတ်ချင်လာတဲ့ နိမိတ်ပြလက္ခဏာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဆောင်းတွင်းက အေးလာ၊ ရာသီဥတုလေး ပြောင်းလာတော့ လေဖြတ်တတ်တဲ့ လက္ခဏာလေးတွေကို လူတိုင်း သိထားဖို့လိုတဲ့အတွက် မျှဝေလိုက်ပါတယ်။ လေဖြတ်တာ လေဖြန်းတာတွေက အရေးပေါ်အခြေအနေဖြစ်ပြီး ဆရာဝန် ချက်ချင်းပြသကုသဖို့ လိုအပ်တတ်ပါတယ်။ TPA လို့ခေါ်တဲ့ဆေးဟာ လေဖြတ်လူနာတွေကို လေဖြတ်ပြီး နာရီအနည်းငယ်အတွင်းမှာ ပေးနိုင်ရင် အလွန်အကျိုးရှိပါတယ်။ လေဖြတ်တဲ့လက္ခဏာတွေက ဘာတွေများလဲ။

●        လမ်းလျှောက်ရ ခက်ခဲခြင်း၊ တုန်ယင်ခြင်း

●        အားပျော့ခြင်း၊ မူးဝေခြင်း

●        စကားပြောရ ခက်ခဲလာခြင်း၊ ထစ်ငေါ့ခြင်း

●        သူများပြောစကား နားမလည်ခြင်း

●        မျက်နှာတစ်ခြမ်း ထုံကျင်ခြင်း

●        လက်မောင်းတွေ မြှောက်ရချရ ခက်ခဲခြင်း၊ လေးပင်လာခြင်း

●        ဇွန်းကိုင်ရ ခက်ခဲခြင်း

●        အသားတွေ တဆတ်ဆတ် တုန်လာတတ်ခြင်း

●        မျက်လုံး ဝေဝါးခြင်း၊ မျက်လုံးတစ်ဖက် ရုတ်တရက် မမြင်ရတော့ခြင်း

●        ခေါင်းအလွန်အကျွံကိုက်ခြင်း၊ ခေါင်းကိုက်တိုင်း လေဖြတ်ချင်လို့တော့ မဖြစ်တတ်ပါဘူး။ အန်တာရယ်၊ သတိလစ်ချင်တာရယ် တွဲလာရင်တော့ လေဖြတ်ချင်လို့ဆိုတာ သေချာနေပါပြီ။

          တက်တာတွေက လေဖြတ်ချင်တာနဲ့ မဆိုင်တတ်ပေမယ့် အသက် ၅၀ ကျော်လာပြီး အရင်တုန်းက မတက်ဘူးတဲ့ လူတွေမှာ တက်တက်လာရင်တော့ လေဖြတ်တာနဲ့ သက်ဆိုင်နေတတ်ပါတယ်။

          အပေါ်က ဖော်ပြပါလက္ခဏာတွေက လေဖြတ်ချင်တာရဲ့ အတိမ်အနက်နဲ့ ပြင်းထန်မှုကို ပြသနေတတ်ပါတယ်။ ကြွက်သား ပျော့လာတာ၊ အားနည်းလာတာတွေ ကြာရှည်လာလေ လေဖြတ်နိုင်တဲ့အခြေအနေ ပိုဆိုးလာလေ ဖြစ်ပါတယ်။

          တကယ်တော့ အပေါ်ကလက္ခဏာတွေ ပိုဆိုးမလာဘဲ ပျောက်ကင်းသွားမယ်ဆိုရင်လည်း ဒီလိုလက္ခဏာတွေ စပြနေပြီဆိုရင်ကို ဦးနှောက်သွေးကြောတစ်ခုခု သွေးစခဲချင်လာတာကို ပြသနေတာဖြစ်ပြီး ဆရာဝန် ချက်ချင်းပြသပေးဖို့ လိုအပ်တတ်ပါတယ်။

          လေဖြတ်မယ့်လက္ခဏာတွေ ခံစားရတဲ့အခါ ကိုယ့်ဘာသာ ဆေးတွေ လျှောက်မသောက်ပါနဲ့။ တတ်ကျွမ်းနားလည်သူ ဆရာဝန်ပြသ စစ်ဆေးလိုက်တာ အကောင်းဆုံး ဖြစ်ပါတယ်။ ဦးနှောက်သွေးခဲတာကြောင့် ဖြစ်တတ်သလို သွေးယိုတာကြောင့်လည်း ဖြစ်တတ်ပါသေးတယ်။

          ဆရာဝန်ပြသတဲ့အခါ ဆရာဝန်က ဒီမေးခွန်းလေးတွေ မေးပါလိမ့်မယ်။

●        မနက် အိပ်ရာထကတည်းက ဖြစ်လာသလား၊ ဘယ်အချိန်ကစပြီး ဒီလိုတွေ ခံစားရတာလဲ?

●        ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေ ရှိနေသလား?

●        သွေးဆဲလ်တွေ မူမမှန်တဲ့ရောဂါ၊ သွေးမတိတ်ရောဂါတွေ ရှိနေသလား?

●        အရင်ကရော လေဖြတ်ဖူးလား?

●        လက်ရှိ ဘာဆေးဝါးတွေ သောက်နေသလဲ?

●        သံလိုက်ဓာတ်မှန်ရိုက်မှာမို့ အရင်က ဘာတွေဖြစ်ဖူးသလဲ? စိတ်ပူလွန်တတ်သလား? နှလုံးစက် ထည့်ထားသလား?

          သတိပြုစရာကတော့ လေဖြတ်တယ်ဆိုတာ အရေးပေါ်အခြေအနေ ဖြစ်ပါတယ်။ စတင်ဖြစ်ပွားပြီး တစ်နာရီအတွင်း ချက်ချင်းပြသမှ လိုအပ်သလို ထိထိရောက်ရောက် ကုသပေးနိုင်မှာ ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)