/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လေဖြတ်ခြင်းနဲ့-လေဖြန်းခြင်း

လေဖြတ်ခြင်းနဲ့ လေဖြန်းခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          လေဖြန်းတယ်လို့ အရပ်ထဲပြောကြတဲ့ အသုံးအနှုန်းဟာ တကယ်တော့ ဦးနှောက်၊ ကျောရိုးအာရုံကြောမ (သို့မဟုတ်) မြင်လွှာကို သွေးယာယီ အစီးရပ်သွားတာကြောင့် လေဖြတ်တဲ့ လက္ခဏာတွေ ပေါ်လာတတ်တဲ့ TIA (transient ischaemic attack) ကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ လေဖြတ်တာနဲ့ ကွာတာကတော့ ဦးနှောက်ဆဲလ်လေးတွေ ပျက်စီးသွားတာ၊ လုံးဝ အလုပ်မလုပ်နိုင်တော့တာမျိုး မရှိတာဘဲ ဖြစ်ပါတယ်။

          လေဖြန်းခြင်း TIA ဟာ တကယ်တော့ လေဖြတ်နိုင်ခြေ ရှိတယ်ဆိုတာကို ဖော်ပြနေတာပါ။ လေဖြန်းသူ 3 ယောက်မှာ 1 ယောက်လောက်ဟာ လေဖြတ်တတ်ကြပါတယ်။ အထူးသဖြင့် လေဖြန်းပြီး 48 နာရီအတွင်းမှာ ဖြစ်နှုန်း ပိုများပါတယ်။

          လေဖြန်းခြင်းရဲ့လက္ခဏာတွေဟာ လေဖြတ်တာနဲ့ တူညီနေပြီး -

●        ကိုယ်တစ်ခြမ်း ထုံကျဉ်ခြင်း၊ အားလျော့ခြင်း

●        စကား မပြောနိုင်ခြင်း၊ နားမလည်ခြင်း

●        မူးဝေခြင်း၊ ဟန်ချက် မထိန်းနိုင်ခြင်း

●        နှစ်ထပ်မြင်ခြင်း၊ မျက်လုံး 1 ဖက် (သို့မဟုတ်) 2 ဖက်လုံး မမြင်ရတောခြင်း

          စတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။

          လေဖြန်းခြင်းရဲ့ လက္ခဏာတွေဟာ မိနစ်အနည်းငယ်ကနေ 24 နာရီလောက်ထိ ကြာနိုင်ပြီး လေဖြတ်ခြင်းရဲ့ လက္ခဏာရပ်တွေနဲ့ တူညီနေနိုင်တဲ့အတွက် ဆေးရုံ၊ ဆေးခန်းတွေ သွားပြရပါမယ်။

          ဘာကြောင့် လေဖြန်းရတယ် ဆိုတာကို သိနိုင်ဖို့ CT, MRI စတဲ့ ကွန်ပျူတာဓာတ်မှန်တွေ ရိုက်ရပါမယ်။

          ဖြစ်တဲ့အကြောင်းရင်းပေါ် မူတည်ပြီး သွေးခဲခြင်းကို ဟန့်တားပေးတဲ့ဆေးတွေ၊ သွေးကြောမှာ ကပ်နေတဲ့ အဆီပြင်လွှာတွေကို ဖယ်ရှားတဲ့ ခွဲစိတ်မှုတွေ (carotid endarterectomy) လုပ်နိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)