လေဖြတ်ခြင်းမတိုင်မီ ရှေ့ပြေးနိမိတ်များ
သင် ဒီစာစုလေးကို ဖတ်နေစဉ်မှာ အမေရိကန်နိုင်ငံတွင် လေဖြတ်ခြင်းကြောင့် လူတစ်ဦး သေဆုံးနေပြီဆိုတာ သိပါသလား? သင်ဟာ စာဖတ်မြန်သူတစ်ဦး ဖြစ်ရင်တောင်မှ နောက်ဆုံးစာကြောင်း မရောက်သေးမီမှာ လူ ၁ဝ ဦးထက်မနည်း လေဖြတ်ဝေဒနာကို ခံစားနေရတယ်ဆိုတာ သိပါသလား?
လေဖြတ်ခြင်းဟာ မပေါ့ဆသင့်သောရောဂါများတွင် ထိပ်ဆုံးက ပါဝင်နေပါတယ်။
>> လေဖြတ်ခြင်း ဘယ်နှစ်မျိုး ရှိပါသလဲ?
ပထမဆုံးအနေနဲ့ လေဖြတ်ခြင်း ဘယ်နှစ်မျိုးရှိလဲဆိုတာ သိထားသင့်ပါတယ်။
လေဖြတ်ခြင်း သုံးမျိုး ရှိပါတယ်။ ပထမတစ်မျိုးကတော့ သွေးကြောပိတ်ခြင်းကြောင့် လေဖြတ်ခြင်း (Ischemic stroke) ဖြစ်ပါတယ်။ ဦးနှောက်ဆီသို့ သွေးပို့ဆောင်သော သွေးကြောတွင် အဆီခဲများနှင့် ပိတ်ဆို့ရာမှ ဖြစ်ပေါ်ခြင်းဖြစ်ပြီး လေဖြတ်ခြင်းဖြစ်စဉ်အားလုံးရဲ့ ၈၇ ရာနှုန်းဟာ သွေးကြောပိတ်ခြင်းကြောင့် ဖြစ်ပေါ်တယ်လို့ သိရပါတယ်။
နောက်တစ်မျိုးကတော့ သွေးကြောပေါက်ခြင်းကြောင့် ဖြစ်သော လေဖြတ်ခြင်း (Hemorrhagic stroke) ဖြစ်ပါတယ်။ လေဖြတ်ခြင်းဖြစ်စဉ်အားလုံးရဲ့ ၁၃ ရာနှုန်းဟာ သွေးကြောပေါက်ခြင်းကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။ သွေးတိုးရောဂါရှိသူများတွင် ကောင်းမွန်စွာ မကုသခြင်းကြောင့် ဦးနှောက်တွင်းသို့ သွေးယိုစီးခြင်း ဖြစ်ပေါ်ခြင်းကြောင့် ဖြစ်ပါတယ်။ ထိုသို့သွေးယိုစီးရာကနေ ဦးနှောက်တစ်သျှူးများကို ဖိမိပြီး ဦးနှောက်ဆဲလ်များ သေဆုံးခြင်းကြောင့် လေဖြတ်ခြင်း ဖြစ်ပေါ်စေပါတယ်။
နောက်ဆုံး လေဖြတ်ခြင်းကတော့ Transient Ischemic Attack (TIA) လို့ ခေါ်ပြီး ဦးနှောက်ဆီသို့ သွေးပို့ဆောင်မှု ယာယီပြတ်တောက်ရာမှ ဖြစ်ပေါ်ခြင်း ဖြစ်ပါတယ်။ ယာယီသာဖြစ်ပြီး ဦးနှောက်ပျက်စီးမှု မဖြစ်ပေါ်စေပါဘူး။ ဒါပေမဲ့လို့ ယာယီလေဖြတ်ခြင်း ဖြစ်ပေါ်ပြီးနောက်ပိုင်း ပြင်းထန််သောလေဖြတ်ခြင်းလည်း ဖြစ်ပေါ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။
>> လေဖြတ်ခြင်း လက္ခဏာများ
FAST (F-face, A-arm, S-speech, T-time) လို့ အလွယ်တကူ မှတ်နု်ိင်ပါတယ်။
● F ကတော့ Face dropping ဖြစ်ပါတယ်။ မျက်နှာတစ်ခြမ်း ရွဲ့ခြင်း၊ ထုံခြင်း ဖြစ်ပေါ်ပါတယ်။
● A ကတော့ Arm weakness လို့ခေါ်သော လက်မောင်း သို့မဟုတ် ခြေထောက်များ ပျော့ခွေခြင်း၊ ထုံကျဉ်ခြင်း ဖြစ်ပါတယ်။
● S ကတော့ Speech ဖြစ်ပြီး စကားဗလုံးဗထွေးပြောခြင်း၊ စာတစ်ကြောင်းကိုတောင် ကောင်းစွာ မဖတ်နိုင်ခြင်းတို့ ဖြစ်ပေါ်ပါတယ်။
● T ကတော့ Time to call 911 လို့ အတိုမှတ်ပြီး ဆေးရုံ၊ ဆေးခန်းသို့ အချိန်မီသွားဖို့ လိုအပ်ကြောင်း ရည်ညွန်းပါတယ်။
အထက်ပါ လက္ခဏာများအပြင် အမျိုးသမီးတွေမှာဆိုရင် မူးဝေခြင်း၊ ပျို့အန်ခြင်း၊ နုံးချိခြင်း၊ မအီမသာဖြစ်ခြင်းတို့ကိုပါ ခံစားရနိုင်ပါတယ်။
ထိုမျှမက အောက်ပါ လက္ခဏာများ တွေ့ရှိရပါက ချက်ချင်း နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ ပြေးပါ။
● မျက်နှာ၊ ခြေ၊ လက်တစ်ခြမ်း ရုတ်တရက် ထုံကျဉ်ခြင်း
● ရုတ်တရက် စကားဗလုံးဗထွေးပြောခြင်း
● ရုတ်တရက် အမြင်ဝါးခြင်း၊ နှစ်ထပ်မြင်ခြင်း
● ရုတ်တရက် လမ်းမလျှောက်နိုင်ခြင်း၊ ယိုင်နေခြင်း၊ မူးဝေခြင်း
● ရုတ််တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
● ရုတ်တရက် မူးဝေအော့အန်ခြင်း
>> ကုသနည်း
သွေးကြောပိတ်ခြင်းကြောင့် လေဖြတ်ခြင်းအတွက် သက်ဆိုင်ရာသမားတော်မှ သွေးခဲဖျော်ဆေး သွင်းပေးခြင်း၊ ဆေးကုသမှုများ ပြုလုပ်ခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ သို့သော် လေဖြတ်ပြီးပြီးချင်း ၃ နာရီအတွင်း ကုသမှသာ ကောင်းမွန်သောရလဒ်ကို ရရှိမှာပါ။
သွေးကြောပေါက်ခြင်း အတွက်ကတော့ ဦးနှောက်ခွဲစိတ်မှု ပြုလုပ်ပြီး ပေါက်သောသွေးကြောကို ပြန်ပိတ်ရမှာ ဖြစ်ပါတယ်။
>> ကြိုတင်ကာကွယ်နည်း
လေဖြတ်ခြင်းဟာ ကြောက်စရာကောင်းတာ လူတိုင်း သိပါတယ်။ ဒါဆို ကြိုတင်ကာကွယ်ဖို့ အရေးကြီးတာပေါ့။
သွေးတိုးရောဂါဟာ လေဖြတ်ခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းများတွင် ပါဝင်ပါတယ်။ ဒါကြောင့် သွေးတိုးရောဂါကို ပုံမှန်ကုသခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော အစာများကိုသာ စားခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းတို့ဖြင့် သွေးတိုးရောဂါကို ၁၂၀/၈၀ mmHg အတွင်း ထိန်းသင့်ပါတယ်။
နောက်တစ်ခုကတော့ ဆီးချို ဖြစ်ပါတယ်။ ဆီးချိုသမားများအနေဖြင့် သွေးတွင်းအချိုဓာတ်ကို ပုံမှန်အနေအထားတွင် ထိန်းထားခြင်းဖြင့် လေဖြတ်နှုန်းကို လျှော့ချနိုင်ပါတယ်။
နှလုံးတုန်ခြင်းကြောင့်လည်း သွေးခဲများ ဖြစ်ပေါ်စေရာမှ သွေးကြောပိတ်ဆို့ခြင်းကြောင့် လေဖြတ်ခြင်း ဖြစ်ပေါ်စေနိုင်တဲ့အတွက် မပေါ့ဆဘဲ ကုသမှုခံယူသင့်တယ်နော်။
အမြန်ဆုံး ကုသခြင်းဟာ အကောငး်ဆုံး ဖြစ်ပါတယ်ဆိုတဲ့ စကားလို အပေါ်မှာပြောသွားတဲ့ လက္ခဏာ ၄ ခုအနက်မှ တစ်ခုပဲရှိရင်တောင်မှ မပေါ့ဆဘဲ ဆေးရုံသို့ အလျင်အမြန်သွားခြင်းဖြင့် ကြောက်မက်ဖွယ်ရာ လေဖြတ်ခြင်းကို အချိန်မီ ကုသသင့်ကြောင်း တင်ပြလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























