လေဖြတ်ခြင်းအကြောင်း
လေဖြတ်ခြင်းဟာ လူတစ်ယောက်ရဲ့ ဘဝနေထိုင်မှုပုံစံကို ထိခိုက်စေရုံသာမက စိတ်ဓာတ်ပိုင်းဆိုင်ရာကို လည်းထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် စိတ်သွားတိုင်းကိုယ်မပါဘဲ နေ့စဉ်တစ်ကိုယ်ရည် လှုပ်ရှားမှုလေးတွေအတွက်တောင် တခြားသူရဲ့အကူအညီ လိုအပ်နေပြီဆိုရင်တော့ မိသားစုအတွင်းမှာလည်း အဆင်မပြေမှုတွေ၊ လူနာကိုယ်တိုင်ရဲ့ စိတ်အလိုမကျမှုတွေ၊ ဒေါသထွက်လွယ်မှုတွေ စတာတွေကြောင့် အလွန်ကို ထိခိုက်မှုတွေများစေ နိုင်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။
ဒါကြောင့် လေဖြတ်ခြင်းဆိုတာဘာလဲ သိဖို့လိုလာပါတယ်။ လေဖြတ်ခြင်း ဆိုတာကတော့ ဦးနှောက်ရဲ့ တစ်နေရာရာကို သွေးထောက်ပံ့မှု ပြတ်တောက်သွားတဲ့အတွက် အဲ့ဒီ့နေရာက ထိန်းချုပ်ထားတဲ့ ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတွေ၊ အာရုံခံစားမှုတွေကို မလုပ်ဆောင်နိုင်တော့တာကို ခေါ်ပါတယ်။ ဒီလိုဖြစ်တာဟာ တချို့လူတွေမှာ ယာယီပဲဖြစ်နိုင်သလို တချို့မှာ တစ်သက်လုံး ဖြစ်နိုင်ပါတယ်။ တကယ်လို့ ဦးနှောက်ထိခိုက်မှု အရမ်းများပြီး ပြင်းထန်ခဲ့ရင် အသက်သေဆုံးတဲ့ထိ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် လေဖြတ်ခြင်းဟာ အရေးပေါ်အခြေအနေ ဖြစ်ပါတယ်။
>> လေဖြတ်ခြင်းမှာ အမျိုးအစား (၂) မျိုး ရှိပါတယ်။
● Ischemic stroke (ဦးနှောက်အတွင်း အောက်ဆီဂျင် ပြတ်လပ်သွားတာကြောင့် ဦးနှောက်အစိတ်အပိုင်းတချို့ ပုပ်သွားသဖြင့် လေဖြတ်ခြင်း) နဲ့
● Haemorrhagic stroke (ဦးနှောက်ထဲမှာ သွေးယိုစီးခြင်းကြောင့် လေဖြတ်ခြင်း) တို့ပဲ ဖြစ်ပါတယ်။
ဒီလိုကြောက်စရာကောင်းတဲ့ လေဖြတ်ခြင်းကို ကာကွယ်နိုင်ဖို့၊ ကုသနိုင်ဖို့ဆိုရင် သူ့ရဲ့လက္ခဏာတွေကို သိထားဖို့လိုပါမယ်။ ဒီလက္ခဏာတွေ စတွေ့လာရပြီဆိုရင်တော့ ချက်ချင်းကို အရေးပေါ်ဆေးရုံကို သွားပြဖို့လိုပါတယ်။ ရောဂါလက္ခဏာစပြပြီး တစ်နာရီအတွင်း ဆေးရုံကိုရောက်ပါက လေဖြတ်ခြင်းမဖြစ်အောင် ကုသနိုင်ဖို့ ဖြစ်နိုင်ချေ အလွန်များပါတယ်။
ဘယ်လိုရောဂါလက္ခဏာတွေတွေ့ရင် လေဖြတ်တာဖြစ်နိုင်တဲ့အတွက် ဆေးရုံသွားဖို့ လိုအပ်သလဲဆိုတော့ -
● စကားပြောတာ ဗလုံးဗထွေးဖြစ်လာခြင်း၊ တခြားသူပြောတာကို နားမလည်နိုင်ခြင်း
● မျက်နှာ၊ လက်၊ ခြေထောက်တွေ ထုံကျင်လာခြင်း၊ မလှုပ်နိုင်တော့ခြင်း
● မျက်လုံးတစ်ဖက်(သို့) နှစ်ဖက်လုံး အမြင်ဝါးလာခြင်း၊ မမြင်ရတော့ခြင်း
● ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ထိုးအန်ခြင်း၊ သတိလစ်ခြင်း
● လမ်းကောင်းစွာ မလျှောက်နိုင်ခြင်း
စတဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပါတယ်။
ဘယ်လိုလူတွေမှာ လေဖြတ်ခြင်းဖြစ်နိုင်ချေ ပိုများသလဲ?
● အဝလွန်သူများ
● ကိုယ်လက်လှုပ်ရှားမှုနည်းသူများ
● အရက်အလွန်အကျွံသောက်သူများ
● မူးယစ်ဆေးဝါးသုံးစွဲသူများ
● သွေးတိုးရောဂါရှိသူများ
● ဆေးလိပ်သောက်သူများ
● ဆီးချိုရောဂါရှိသူများ
● နှလုံးရောဂါတစ်ခုခုအခံရှိသူများ
● မိသားစုထဲ၊ အမျိုးထဲမှာ လေဖြတ်ခြင်း ခံစားရသူ ရှိသူများစတဲ့သူတွေ ဖြစ်ပါတယ်။
ဒါ့ကြောင့် အန္တရာယ်အလွန်များတဲ့ လေဖြတ်ခြင်းဝေဒနာကို မခံစားရလေအောင် လေဖြတ်ခြင်းကို ဖြစ်စေနိုင်တဲ့ အမူအကျင့်တွေကို ရှောင်ရှားပြီး အရေးပေါ်ကြုံလာပါကလည်း နီးစပ်ရာဆေးရုံသို့ ချက်ချင်းသွားရောက် ပြသကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
ဒေါက်တာအောင် (www.drmyanmar.com)






























